ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် တရားရုံးတွင် အကျိုးပျက်စီးစေမှု ပုဒ်မ ၄၂၇ နှင့် တရားစွဲဆိုထားသည့် အမှုမှ စွပ်စွဲခံရသူအား တရားသေလွှတ်ပေးမှုနှင့် ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးကောင်းမြတ်ထက်နိုင်နှင့် ဓနုဖြူ မြို့နယ် တရားရုံး အငယ်တန်းစာရေး ဒေါ်တင်တင်ရွှေတို့အား အဂတိမှုနှင့် အရေးယူ လိုက်ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ယနေ့ ကြေညာလိုက်သည်။
အမှုသည်၏ ရှေ့နေအဖြစ် ဆောင်ရွက်ခဲ့သည့် ဦးကောင်းမြတ်ထက်နိုင်သည် မြို့နယ်တရားသူကြီးအား တံစိုး လက်ဆောင် ပေးရန် အမှုသည်ထံမှ ၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်နှင့် ၅ ရက်နေ့တို့တွင် ငွေကျပ် ၅ သိန်း တောင်းယူခဲ့သည်ဟု ကော်မရှင်က ဆိုထားသည်။
ယင်းအပြင် အငယ်တန်းစာရေး ဒေါ်တင်တင်ရွှေသည်လည်း ၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် အမှုသည်အား တရားသေ လွှတ်ပေးရန်အတွက် တရားသူကြီးအား ကန်တော့ရန် တိုက်တွန်းခဲ့ပြီး ငွေကြေး တောင်းခံရယူခဲ့ကြောင်း စစ်ဆေး ပေါ်ခဲ့သည်ဟု ကော်မရှင်က ပြောထားသည်။
၎င်းတို့နှင့် ပတ်သက်ပြီး ဓနုဖြူမြို့မရဲစခန်းတွင် ကနဦးတိုင်ချက်အနေဖြင့် မတ်လ ၂၃ ရက်နေ့က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ ဖြင့် အမှုဖွင့်ထားပြီး တရားစွဲဆိုနိုင်ရေး ဆက်လက် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ဆက်စပ်လင့်
ငွေကြေးခဝါချမှု စောင့်ကြည့် နိုင်ငံစာရင်းမှ ထွက်ရန် ၁၅ လအတွင်း ကြိုးပမ်းမည်
ဦးစန်းမောင်ဦးနှင့် မိသားစုဝင်များက သတင်းသမားများအား ကိုယ်ထိလက်ရောက် ကျူးလွန်