ကယားပြည်နယ်လွှတ်တော်၏ ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုအား စွပ်စွဲပြစ်တင်မှု ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ညီ၊ မညီ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးက လာမည့် အောက်တိုဘာ ၂၇ ရက်နေ့၊ နံနက် ၁၀ နာရီတွင် အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက သတင်းထုတ်ပြန်သည်။
နှစ်ဖက်ကြားနာမှုကို ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်နေ့က E-Court စနစ်ဖြင့် ပြုလုပ်ခဲ့ပြီး ၃ ပတ်ခန့်အကြာတွင် အပြီး သတ် ဆုံးဖြတ်ချက် ချမှတ်ရန် ကြေညာခြင်းဖြစ်ကာ ယင်းနေ့၌ E-court စနစ်ဖြင့် ဆောင်ရွက်မည့် အပြီးသတ် ဆုံးဖြတ် ချက် ချမှတ်ခြင်းကိုလည်း အများပြည်သူ သိရှိနိုင်စေရန် တိုက်ရိုက်ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်မှုဖြင့် စွပ်စွဲပြစ်တင်ခံရကာ ရာထူးမှ ဖြုတ်ချခံရသည့် ဦးအယ်လ်ဖောင်းရှို က ပြည်နယ်လွှတ်တော်၏ စွပ်စွဲပြစ်တင်မှုနှင့် ပတ်သက်၍ စစ်ဆေးပေးရန် တင်သွင်းလျှောက်ထားခဲ့ရာ ခုံရုံးက အဓိက အချက် ၃ ချက်ကို အောက်တိုဘာ ၆ ရက်နေ့က ကြားနာမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ် တာဝန်မှ ရပ်စဲထားပြီး ဖြစ်သည့် ဦးအယ်လ်ဖောင်းရှို အနေဖြင့် ခုံရုံးသို့ တင်သွင်းခွင့်ရှိသူ ဟုတ်၊ မဟုတ်၊ စွပ်စွဲ ပြစ်တင်သူ ၅ ဦးအနက် ၁ ဦးနုတ်ထွက်ခဲ့သော်လည်း ပြည်နယ်လွှတ်တော်က ဆက်လက် စုံစမ်းစစ်ဆေးခြင်းသည် အခြေခံ ဥပဒေပုဒ်မ ၂၆၃(ခ)နှင့် ညီ၊ မညီ၊ စွပ်စွဲပြစ်တင်မှုကို စုံစမ်းစစ်ဆေးသည့် အဖွဲ့၌ စွပ်စွဲပြစ်တင်သူ ၃ ဦး ပါဝင်နေခြင်းသည် အ ခြေခံ ဥပဒေပုဒ်မ ၂၆၃(ဂ)နှင့် ညီ၊ မညီ အဓိပ္ပာယ် ဖွင့်ဆိုရန် လိုအပ်ခြင်း ရှိ၊ မရှိ ဟူသည့် အချက် ၃ ချက် ဖြစ်သည်။
ဖရူဆိုမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခူးသဲရယ်က “လွှတ်တော်မှာ စွပ်စွဲပြစ်တင်ခဲ့တဲ့ ကိစ္စတွေ အထူးသဖြင့် ဝန်ကြီးချုပ်ဟောင်းကို သူတို့ Cover လုပ်ပေးချင်လို့ပဲ အဲဒီလို ခုံရုံးတွေဘာတွေ ဖွဲ့တာဖြစ်တယ်။ ပြောရမယ်ဆိုရင် အယ်လ် ဖောင်းရှိုမှာ အပြစ်ရှိတယ် မရှိဘူး ဆုံးဖြတ်နိုင်ဖို့ အနေအထားမျိုး သူတို့က မပြောနိုင်တဲ့အခါကျတော့ ဥပဒေ လမ်းကြောင်း အရ လွဲမှားမှုတွေ ရှိနိုင်တယ်ဆိုတဲ့ဟာမျိုးတွေ နည်းနည်းလေး အာရုံလွှဲတဲ့သဘောမျိုး ဖြစ်သွားတယ်လို့ မြင်ပါတယ်” ဟု မှတ်ချက်ပြုသည်။
ခူးသဲရယ်သည် ဦးအယ်လ်ဖောင်းရှိုအား စွပ်စွဲပြစ်တင်ရာတွင် ပါဝင်သည့် လွှတ်တော်ကိုယ်စားလှယ် ၅ ဦးအနက် တဦးဖြစ် ပြီး စွပ်စွဲပြစ်တင်မှုကို စုံစမ်းစစ်ဆေးသည့် အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။
“စာရင်းစစ်ချုပ် အစီရင်ခံမှာလည်း ဒီလောက် ရှင်းရှင်းလင်းလင်း ဖြစ်နေတဲ့ကိစ္စတခုကို အခုထိ သူ့မှာ အပြစ်မရှိပါဘူးဆိုတဲ့ ပုံစံမျိုးနဲ့လိုက်ပြီးတော့မှ Cover ပေးနေတဲ့အခါကျတော့ ကျနော်တို့နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးဆိုတာ ဘယ်ရောက်သွား ပြီလဲလို့ ပြောချင်တယ်။ နောက်တခုက အာဏာရှိတဲ့လူတိုင်းက ဥပဒေကို ကြိုက်သလို လုပ်လို့ရတယ်ဆိုတဲ့ ပုံစံမျိုးလည်း သက်ရောက်တာပေါ့လေ။ ကျနော်ကတော့ ဒီအပေါ်မှာ လုံးဝ လက်မခံနိုင်ပါဘူး” ဟုလည်း ခူးသဲရယ်က ပြောသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်သည် ဆိုကာ စွပ်စွဲပြစ်တင်ခံခဲ့ရသည့် ဦးအယ်လ်ဖောင်းရှို အား စွပ်စွဲပြစ်တင်မှုနှင့်ပတ်သက်၍ စက်တင်ဘာ ၁ ရက်က ပြုလုပ်သည့် ပြည်နယ်လွှတ်တော်အစည်းအဝေး၌ မဲခွဲဆုံးဖြတ် ရာ ထောက်ခံမဲ ၁၆ မဲ၊ ကန့်ကွက်မဲ ၄ မဲဖြင့် စွပ်စွဲပြစ်တင်မှု အောင်မြင်ခဲ့ပြီးနောက် စက်တင်ဘာ ၃ ရက်တွင် တာဝန်မှ ရပ် စဲခံရခြင်း ဖြစ်သည်။
You may also like these stories:
ဦးအယ်လ်ဖောင်းရှို စွပ်စွဲပြစ်တင်ခံရမှု အခြေခံဥပဒေဆိုင်ရာ ခုံရုံး ကြားနာ
ကယားဝန်ကြီးချုပ်အပေါ် စွပ်စွဲပြစ်တင်မှု အောင်မြင်
ကယားဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်မှု စက်တင်ဘာ ပထမပတ်တွင် မဲခွဲဆုံးဖြတ်မည်