သမ္မတဦး သိန်းစိန်က အစိုးရအတွင်းမှာ ဝန်ကြီးအပြောင်းအလဲတွေ လုပ်ချိန်မှာ ပြည်တွင်းပြည်ပ လေ့လာသူတွေ သုံးသပ်တာကတော့ ပြုပြင်ပြောင်းလဲရေးသမား (Reformist) တွေကို ရှေ့တန်းကို ပို့တယ်၊ သမ္မတရုံးမှာ နေရာပေးတယ်၊ နောက်ပြန်ဆွဲသူတွေနဲ့ ပြုပြင်ပြောင်းလဲရေးကို နှောင့်နှေးအောင် တားဆီးနေသူတွေကို အရေးမကြီးတဲ့ နေရာတွေပို့တယ်၊ ဒါကြောင့် သမ္မတအနေနဲ့ တိုင်းပြည်မှာ ဖော်ဆောင်နေတဲ့ သူ့ရဲ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ လုပ်နိုင်အောင် အကောင်အထည် ဖော်နိုင်မယ် ဆိုတာပဲ ဖြစ်ပါတယ်။
သမ္မတနဲ့ နီးစပ်သူတွေဖြစ်တဲ့ ဝန်ကြီးဦးအောင်မင်းနဲ့ ဝန်ကြီးဦးစိုးသိန်းတို့က သမ္မတရုံးဝန်ကြီးတွေ ဖြစ်သွားပါပြီ။ ဒီဝန်ကြီး နှစ်ဦးက ပြုပြင်ပြောင်းလဲရေးသမားတွေလို့ အများက ယူဆကြပါတယ်။ ဒါကြောင့် တိုင်းရင်းသားတွေနဲ့ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရန်ကိစ္စ၊ စီးပွားရေးကိစ္စတွေမှာ မြန်မြန်ထက်ထက် အကောင်အထည် ဖော်နိုင်မယ်လို့ သုံးသပ်ကြပါတယ်။
ဒါပေမယ့် ပြုပြင်ပြောင်းလဲရေး အောင်မြင်ဖို့အတွက် အချိန်ပေး စောင့်ကြည့်ရဦးမယ်လို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ နိုင်ငံတနိုင်ငံဟာ နောက်ကို ပြန်သွားတာ၊ ရှေ့ကိုမတိုးနိုင်ဘဲ တန့်နေတဲ့ဖြစ်ရပ်တွေ၊ ဒါမှမဟုတ် အရင်ခေတ် အရင်စနစ်ကို ပြန်သွားချင်တဲ့ အမာဂိုဏ်းတွေက ပြန်ပြီး တားဆီး နှောင့်ယှက်တတ်တာတွေ ရှိလို့လည်း ဖြစ်ပါတယ်။ ဒီလိုမှမဟုတ် ဦးစီးတဲ့သူတွေက အမြင်မရှိ၊ အရည်အချင်း မရှိလို့လည်း ပျက်တတ်ပါတယ်။ ဒါ့အပြင် အတိုက်အခံနဲ့ ဒီမိုကရေစီအင်အားစုတွေ လက်နက်ကိုင် အင်အားစုတွေဘက်ကလည်း ပြုပြင်ပြောင်းလဲရေးကာလကို အခွင့်ကောင်းယူပြီး ကဖျက်ယဖျက်လုပ်တတ်တဲ့ သာဓကတွေ နိုင်ငံတကာမှာ ရှိခဲ့ပါတယ်။
ပြုပြင်ပြောင်းလဲရေးကိုသွားတဲ့ နိုင်ငံတိုင်းဟာ ချောချောမွေ့မွေ့နဲ့ သူတို့ပန်းတိုင်ကို ရောက်ခဲ့တာ မဟုတ်ပါဘူး။ လက်တင် အမေရိကားက နိုင်ငံတွေကို ကြည့်မလား၊ ဘော်လကန်နဲ့ ဥရောပအလယ်ပိုင်းနဲ့ အရှေ့ဥရောပ နိုင်ငံတွေကို ကြည့်မလား၊ ဒါမှမဟုတ် အာဖရိကနိုင်ငံ တချို့ကိုပဲ လေ့လာမလား။ နောက်ဆုံး မြန်မာနိုင်ငံဝန်းကျင်က အိမ်နီးချင်းနိုင်ငံတွေ၊ အရှေ့အာရှနဲ့ တောင်အာရှနိုင်ငံတချို့ကို ကြည့်မယ်ဆိုရင် ပြုပြင်ပြောင်းလဲရေးကို မုန်တိုင်းတွေကြားက အောင်အောင်မြင်မြင် ဖြတ်ကျော်ခဲ့တဲ့ နိုင်ငံတချို့ရှိပေမယ့် ဟိုမရောက် ဒီမရောက်နဲ့ လမ်းခုလတ်မှာပဲ လျှောမွေးလေးတွေ ဖြစ်သွားတဲ့ နိုင်ငံတွေက ပိုများတာကို တွေ့ရပါတယ်။
မြန်မာနဲ့ အနီးဝန်းကျင်ဆိုရင်တော့ နီပေါနဲ့ ဘင်္ဂလားဒေ့ရ်ှ၊ သီရိလင်္ကာ နိုင်ငံတို့ကို လေ့လာနိုင်သလို ဖိလစ်ပိုင်၊ တောင်ကိုးရီးယား၊ ကမ္ဘောဒီယား၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကာလတွေမှာ ကျရှုံးမူ အောင်မြင်မူတွေကို တွေ့နိုင်ပါတယ်။ အဲဒီအရေးကြီးတဲ့ ပြုပြင်ပြောင်းလဲရေး ကာလမှာ တိုင်းပြည်ကို အုပ်ချုပ်တဲ့ ခေါင်းဆောင်တွေဟာ အခက်အခဲ အမျိုးမျိုးနဲ့ စိန်ခေါ်မူတွေကို အကြီးအကျယ် ရင်ဆိုင်ရတာ ဖြစ်ပါတယ်။
အဲဒီစိန်ခေါ်မူနဲ့ နိုင်ငံရေးမုန်တိုင်းတွေကို ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် မကျော်ဖြတ်နိုင်ရင် တိုင်းပြည်ဟာ မျှော်မှန်းတဲ့ ပန်းတိုင်ကို မရောက်ဘဲ လမ်းခုလတ်မှာပဲ တန့်သွားတတ်ပါတယ်။ မြန်မာပြည်မှာ အခုကာလဟာ အကဲဆတ်တယ်၊ အန္တရာယ်ရှိတဲ့ ကာလတခုကို ဖြတ်သန်းနေရဆဲ ဖြစ်ပါတယ်။ ပန်းတိုင်ဆိုတာ အဝေးကြီး ရှိပါသေးတယ်။ လက်မထောင်စရာ မလိုသလို တက်မလည်း ထောင်စရာ မလိုပါဘူး။ လမ်းမှန်ပေါ်ကို စိတ်ချလက်ချရောက်ပြီလို့လဲ မယူဆသင့်ပါဘူး။ အားလုံးဝိုင်းပြီး တွန်းဖို့လိုပါလိမ့်မယ်။ လှိုင်းလှေထန်တဲ့ ပင်လယ်ထဲမှာ လှေငယ်တစီးနဲ့ လေဆန် ရွက်တိုက်နေရတဲ့ အခြေအနေမျိုးနဲ့ တူမယ် ထင်ပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အဓိကရုဏ်းတွေ၊ အခုဖြစ်နေတဲ့ လွှတ်တော်နဲ့ အစိုးရကြားက လိပ်ခဲတည်းလည်းဖြစ်နေတဲ့ အငြင်းပွားမှုတွေ၊ တိုင်းရင်းသားတွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ကိစ္စတွေဟာ နုနယ်သေးတဲ့ ပြုပြင်ပြောင်းလဲရေး ကာလကို နောက်ပြန်ဆွဲနိုင်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးမှာ အာဏာ နှစ်ခါ သိမ်းခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် အုပ်ချုပ်ခံခဲ့ရတယ်။ နောက်ပြီး အခု လွှတ်တော်ထဲမှာ တိုက်ရိုက်ခန့်အပ်တဲ့ စစ်တပ် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက ချုပ်ကိုင်ထားတာတွေကလည်း စစ်တပ်အခန်းကဏ္ဍ ဆက်ရှိနေမှုကို ပြသနေပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ သက်တမ်းနုနုအတွင်းမှာ နိုင်ငံရေးအရ ပွင့်လင်းမြင်သာမူတွေ အတော်ရှိလာခဲ့ပါတယ်။ ဒါက ပြုပြင်ပြောင်းလဲရေး ကာလမှာ ကြုံရတဲ့ ဝိသေသပါပဲ။ ဒါဟာ ဒီမိုကရေစီနိုင်ငံ တနိုင်ငံဖြစ်ဖို့ သေချာပြီလို့ ပြောလို့ မရသေးပါ။ ဒီမိုကရေစီ လမ်းကြောင်းကိုသွားဖို့ တံခါးဖွင့်တဲ့ အဆင့်လောက်ပဲ ရှိသေးပြီး ဒီမိုကရေစီ အမြစ်တွယ်တဲ့ အဆင့်ကို မရောက်သေးပါဘူး။
ဒါကြောင့် ပြုပြင်ပြောင်းလဲရေး လုပ်မယ့်သူတွေ အားကောင်းဖို့ လိုပါတယ်။ သမ္မတနဲ့အတူ သမ္မတဘေးမှာ ဒီ ပြုပြင်ပြောင်းလဲရေး အောင်အောင်မြင်မြင် ဖြတ်ကျော်ဖို့ လုပ်ငန်းတွေကို ရဲရဲရင့်ရင့် ဆုံးဖြတ် အကောင်အထည် ဖော်မယ့်သူတွေ လိုပါတယ်။
ဒီမိုကရေစီနစ် ပီပြင်ပြီး တရားဥပဒေ စိုးမိုးရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ငြိမ်ချမ်းရေးတွေအတွက် အစိုးရတခုတည်းက ပြုပြင်ပြောင်းလဲမှုနဲ့ တွန်းအားတွေ လိုအပ်တာ မဟုတ်ပါဘူး။ အတိုက်အခံထဲမှာလည်း လိုတာပါပဲ။ လက်နက်ကိုင်တိုက်နေတဲ့ တိုင်းရင်းသား အဖွဲ့တွေမှာလည်း ပြုပြင်ပြောင်းလဲရေးသမားတွေ အားကောင်းဖို့ လိုတာပါပဲလို့ ပြောချင်ပါတယ်။ ။