လွှတ်တော်တွင် ရေးဆွဲနေသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် ကိုယ်ကျိုးစီးပွား ကာကွယ်သည့် အပိုဒ်များ ထည့်သွင်းလာနေသောကြောင့် အတည်ပြုပြဌာန်းမည့် ယင်းဥပဒေသည် မြန်မာ့စီးပွားရေးကို ချုပ်ကိုင်ထားသော ထိပ်သီးစီးပွားရေးသမားများကိုသာ အကျိုးဖြစ်စေပြီး နိုင်ငံခြားရင်းနှီးမြှုပ်သူများကို ဆွဲဆောင်မှု နည်းစေမည်ဟု ဝေဖန်နေကြသည်။
ယင်းဥပဒေကြမ်းကို လက်ခံရရှိထားသော ဂျပန်သတင်းစာ အဆာဟိရှင်ဘွန်း အဆိုအရ တိရစ္ဆာန်မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ကုန်ခြောက်ထုတ်လုပ်ရေး၊ လယ်ယာစိုက်ပျိုးရေး အပါအဝင် ကဏ္ဍ ၁၃ ခုတို့တွင် နိုင်ငံခြားသားပိုင်ဆိုင်မှုကို ၃၅ ရာခိုင်နှုန်းမှ အများဆုံး ၄၉ ရာခိုင်နှုန်း အထိသာ သတ်မှတ်ကြောင်း၊ စတင်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ ၅ သန်းမှ ၈ သန်း ရှိရမည်ဖြစ်ကြောင်းနှင့် နယ်စပ်ဒေသများတွင် ရင်းနှီးမြှုပ်နှံမှုကိုလည်း ပိတ်ပင်ထားကြောင်းသိရသည်။
ဂျပန်စီးပွားရေးသမားများ အနေဖြင့် ယင်းကဏ္ဍများတွင် ရင်းနှီးမြုပ်နှံရန် ရည်မှန်းထားရာ အဆိုပါဥပဒေကြောင့် စိတ်အနှောက်အယှက်ဖြစ်ရပြီး မြန်မာပြည်အပေါ် ယခင်က စိတ်လှုပ်ရှားခဲ့မှုများ ယခုအခါ အေးစက်လာနေကြောင်း အဆာဟိရှင်ဘွန်းက ရေးသားထားသည်။
ရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် နိုင်ငံခြားကုမ္ပဏီများအတွက် ၅ နှစ် အခွန်ကင်းလွတ်ခွင့်၊ ယင်းကာလအား အခွန် ၅၀ ရာခိုင်နှုန်းဖြင့် နောက်ထပ် ၅ နှစ် ထပ်တိုးခွင့်၊ အများဆုံး နှစ် ၆၀ အထိ မြေငှားပိုင်ခွင့်နှင့် အကျိုးအမြတ်အား နိုင်ငံရင်းသို့ ပြန်လည်ပို့ဆောင်ခွင့် စသည်တို့ ပါဝင်ပြီး ယခင်က နိုင်ငံခြားသားပိုင်ဆိုင်ခွင့် ၁၀၀ ရာခိုင်နှုန်းထိ အာမခံမည်ဟု ဆိုခဲ့သည်။
သို့သော် ဇွန်လနှင့် ဇူလိုင်လများအတွင်း ပြည်တွင်းလုပ်ငန်းရှင်များနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့အကြား တွေ့ဆုံဆွေးနွေးခဲ့ရာ ပြည်တွင်းလုပ်ငန်းရှင်များက နိုင်ငံခြား ကုမ္ပဏီများ ဝင်လာလျှင် မိမိတို့ မယှဉ်နိုင်ကြောင်း တင်ပြ၍ နိုင်ငံတော်အနေဖြင့် အကာအကွယ်ပေးရန် တောင်းဆိုခဲ့ကြသည်။
ယခုအခါ ပြင်ဆင်မှု ၉၄ ခု ပြုလုပ်ထားသည့် ယင်းဥပဒေကို ပြည်သူ့လွှတ်တော်တွင် အတည်ပြုခဲ့ပြီဖြစ်ကြောင်းနှင့် အမျိုးသားလွှတ်တော်မှ အတည်ပြုပြီးလျှင် သမ္မတအနေဖြင့် အတည်ပြု လက်မှတ်ထိုးရမည်ဖြစ်သည်။
ယင်းဥပဒေအတိုင်းဆိုလျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူထက် ပြည်တွင်းလုပ်ငန်းရှင်က အရင်းအနှီး ပိုမိုထည့်ဝင်ရမည်ဖြစ်၍ ယင်းငွေကြေးပမာဏကို ပိုင်ဆိုင်သူများမှာ အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့ခံထားရသော ထိပ်တန်းစီးပွားရေးသမားများသာ ဖြစ်နိုင်ကြောင်း ရိုက်တာသတင်းတပုဒ်က ထောက်ပြဝေဖန်သည်။
မြန်မာ့စီးပွားရေး ကျွမ်းကျင်သူ ဩစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနဲလ်က ဥပဒေကြမ်း ပြင်ဆင်မှုများသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်း နောက်ပြန်ဆွဲခြင်းဟု ဆိုသည်။
“ပိုပြီး လစ်ဘရယ်ကျတဲ့ စီးပွားရေးဝန်းကျင်ဆီ ရွေ့ရမယ့်အစား ပြည်တွင်းက တချို့သော သူတွေဟာ မြန်မာ့စီးပွားရေးကို ထိထိရောက်ရောက် လက်ဝါးကြီးအုပ်နိုင်မယ့် အနေအထားမျိုး ပေါ်ထွက်လာရအောင် ဝိုင်းတွန်းနေပုံရတယ်” ဟု ရှောင်တာနယ်က ပြောဆိုကြောင်း ရိုက်တာသတင်းက ရေးသည်။
သမ္မတရုံးအနေဖြင့် ဖြစ်ပေါ်လာမည့်အကျိုးဆက်များကို လွှတ်တော်အမတ်များထံတင်ပြပြီး ပိုမိုပျော့ပြောင်းရေး တိုက်တွန်းသော်လည်း ဥပဒေပြုရေး အဓိက တာဝန်ရှိသည်မှာ သူရဦးရွှေမန်း ဦးစီးသော ပြည်သူ့လွှတ်တော်သာဖြစ်ကြောင်း ရိုက်တာက ဆိုသည်။
ယခု သတင်းကြောင့် မြန်မာပြည်တွင်းလုပ်ငန်းများ ဝင်လုပ်ရန် ဝေခွဲမရဖြစ်နေပြီး ရင်းနှီးမြှုပ်နှံမှု ဥပဒေကို စောင့်နေကြသော နိုင်ငံခြား လုပ်ငန်းရှင်များကို နှင်ထုတ်သလို ဖြစ်နေကြောင်း လန်ဒန်ထုတ် သတင်းစာ Financial Times ဝက်ဘ်ဆိုက်ပါ သတင်းတပုဒ်ကလည်း ဆိုသည်။
ရန်ကုန်အခြေစိုက် အိမ်ယာရောင်းဝယ်ရေး အနောက်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တဦးက “ရှေ့နောက် မညီဘဲ ပြည်တွင်း လုပ်ငန်းတွေကို ဗြောင်ကာကွယ်ပေးပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို မြှူဆွယ်မယ့် ဥပဒေဟာ တကယ်တော့ ကျနော်တို့ကို မောင်းထုတ်လိမ့်မယ်” ဟု ပြောသည်။
ဇွန်လအတွင်းက မြန်မာနိုင်ငံကို နိုင်ငံခြားကုမ္ပဏီများ လာရောက်စုံစမ်းမှုများ ရှိသော်လည်း လက်တွေ့တွင် ထင်သလောက် ရင်းနှီးမြှုပ်နှံမှု မလုပ်ကြကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးဝင်းမြင့်က ပြောဆိုခဲ့ဖူးသည်။