ရန်ကုန်မြို့၌ အခြေအနေမဲ့ တောင်းရမ်းစားသောက်သူများနှင့် မိဘမဲ့ လေလွင့်ကလေးများ ထိန်းသိမ်းရေး အထူးစီမံချက်ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာနက နိုဝင်ဘာ ၆ ရက်မှ စတင်ကာ ၂ ပတ်ကြာ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ကလေးသူငယ်နှင့် အမျိုးသမီး အခွင့်အရေး လေ့လာဆောင်ရွက်နေသူ ဥပဒေပညာရှင် ဒေါ်ခင်ခင်မေကို ဧရာဝတီ သတင်းထောက် မေစစ်ပိုင်က တွေ့ဆုံမေးမြန်း ထားပါသည်။
မေး။ ။ လေလွင့် ကလေးသူငယ် စီမံချက်အပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ပြန်လည် ထူထောင်ရေးဆိုတာက အစကတည်းက လုပ်နေခဲ့တဲ့ အစီအစဉ်ဆိုပေမယ့် ကျမတို့ မြင်တာကတော့ လမ်းပေါ် ရောက်တဲ့ ကလေးတိုင်းက မိဘမဲ့ မဟုတ်ဘူး။ လမ်းပေါ်မှာနေတဲ့ ကလေးတိုင်းကလည်း သူဖုန်းစား မဟုတ်ဘူး။ အိမ်ခြေရာမဲ့လည်း မဟုတ်ဘူး။ အိမ်မှာအဆင်မပြေလို့ လမ်းပေါ်ရောက်နေတဲ့ ကလေးရှိသလို၊ တမိသားစုလုံး လမ်းပေါ်မှာ အလုပ်လုပ် စားနေတာတွေလည်း ရှိတယ်။ စီမံချက်ဆိုတဲ့နေရာမှာ ဘာတွေပြဿနာ ရှိသလဲ ဆိုတော့ လမ်းပေါ်မှာ တောင်းစားတဲ့ ကလေးရော၊ ဈေးရောင်းတဲ့ ကလေးရော၊ ရှိသမျှကလေးတွေ စုတ်စုတ်ပြတ်ပြတ်ဆို အကုန်ဖမ်းတယ် ဆိုတာမျိုးတွေ ရှိတယ်။
ကလေးတွေကို ထိန်းသိမ်းတဲ့ အစီအစဉ်က ကောင်းပါတယ်။ အခုလို ထိန်းသိမ်းခြင်းအားဖြင့် ကလေးစစ်သား စုဆောင်းတာ၊ အဓမ္မ ခိုင်းစေခြင်းခံရတာ၊ အနိုင်ကျင့်ခံရတာတွေ နည်းသွားနိုင်တယ်။ လမ်းပေါ်က လေးအများစုဟာ ယောကျာ်လေးတွေ ဖြစ်တယ်။ အန္တရာယ် ကျရောက်နိုင်တာတော့ အားလုံး ကလေးတွေ ဖြစ်နေတာကြောင့်ပါပဲ။ တချို့က လမ်းပေါ်က တောင်းရမ်းတဲ့ ကလေး ပပျောက်သွားရင် နိုင်ငံ့ဂုဏ်သိက္ခာကို တက်စေမယ်၊ လူကုန်ကူးမှု လျော့မယ်၊ မတော်တရားလုပ်တာ လျော့မယ်လို့ ထင်ကြတယ်။ ဒီကလေးက ဘာဖြစ်လို့ လမ်းပေါ် ရောက်လာတာလဲ ဆိုတာတော့ မသိကြဘူး။ သိဖို့ လိုတယ်။ ဒါ အဓိကအချက်ပဲ။
မေး။ ။ သက်ဆိုင်ရာ ဌာနတွေကို ပို့ပြီးတော့ အစီအမံတွေ လုပ်ဆောင်ကြတယ် ဆိုတယ်လို့ သိရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။
ဖြေ။ ။ မိဘမရှိတဲ့ ကလေးတွေကို သူတို့က ၁၈ နှစ်ပြည့်သည်အထိ ထိန်းသိမ်းပြုပြင် စောင့်ရှောက်မယ်လို့ ပြောကြတယ်။ ဒါနဲ့ ပတ်သက်လို့ ဘာအစီအစဉ်တွေ လုပ်ထားပြီးပြီလဲ။ သာမန်အားဖြင့် လူငယ်ပြုပြင်ထိန်းသိမ်းရေး ဆိုပြီး ကျောင်းထား ပေးတယ်လို့ ပြောတယ်။ ကလေးတယောက်ဟာ ကျောင်းမနေရတဲ့ ကလေးရှိသလို အသက်ကြီးနေရင်ရော ကျောင်း ဘယ်လို ထားပေးမလဲ။ ဖြတ်ညှပ်ကပ်လုပ်ပြီး ထားမလား ။ ကလေးတယောက်ကို ၁၈ နှစ် ပြည့်တဲ့အချိန်မှာ ဘာတွေ စီစဉ်ထားပေးပြီးပြီလဲ၊ သူ့အသက်မွေး ဝမ်းကျောင်းမှုအတွက် ဘာတွေလုပ်ပေးထားလဲ၊ လူတယောက် အပြင်မှာ ရပ်တည် နေထိုင်မယ်ဆိုရင် အဆင်ပြေအောင် ဘယ်လို လုပ်ပေးမလဲ၊ သူ့ကို လက်ခံမယ့်နေရာ ဘယ်နေရာရှိလဲ ဆိုတာမျိုးတွေ ပါဝင်ရမှာပေါ့။
မေး။ ။ လမ်းပေါ်က ကလေးဆိုတာ ဘယ်လိုကြောင့် ဖြစ်လာတယ်လို့ ထင်လဲ။
ဖြေ။ ။ အများစုက ဆင်းရဲလို့ ရောက်လာတယ် ဆိုပြီး ပြောတယ်။ ဒါပေမယ့် တနိုင်ငံလုံးခြုံကြည့်ရင် ဆင်းရဲတဲ့ဦးရေက အများစုပဲ။ ဒီတော့ ဆင်းရဲတဲ့ မိသားစုတိုင်းက ကလေးတွေ လမ်းပေါ်ရောက်လာတာ မဟုတ်ဘူး။ ဆင်းရဲတာထက် အသိပညာ မရှိမှု၊ လူငယ်တွေကို ပြုစုပျိုးထောင်မှု အားနည်းလို့၊ နောက်တခုက ကလေး တက်နေတဲ့ ကျောင်းမှာ အဆင်မပြေလို့ ဆိုတာတွေ ရှိတယ်။ အဲဒီတော့ ကျောင်းပြေးရာက ရရာအလုပ် လုပ်ရင်း အိမ်ပြေးဖြစ်သွားရော။ ဒါနဲ့ လမ်းပေါ်ရောက်သွားတာတွေ ရှိတယ်။ ဒီကလေး တွေကို အိမ်ပြန်ပို့တာတွေ ရှိတယ်။ မှန်တဲ့အတိုင်း ပြောရရင် စီမံချက်တွေနဲ့ လုပ်ပေမယ့် မအောင်မြင်ပါဘူး။ ပြန်လည်ထူထောင်ရေး လုပ်တယ် ဆိုပေမယ့် ကလေးအတော်များများက သူတို့ရဲ့ မူလ ပတ်ဝန်းကျင်ကို ပြန်ရောက်သွားတယ်။
ကလေးသူငယ် အခွင့်အရေးကို ကြည့်ပြန်တော့လည်း ကလေးဆိုတာ မိဘနဲ့ပဲ ပြန်နေရမယ်ဆိုတဲ့ အချက်ကို တွေ့ရတယ်။ ဒါပေမယ့် ပြန်နေရတဲ့ မိဘဆီမှာ နွေးထွေးတဲ့ မိသားစု မဟုတ်ဘူး၊ စားရမဲ့ သောက်ရမဲ့ ဖြစ်နေတယ်။ မိဘက မေတ္တာမပေးဘူး ဆိုရင်၊ မလိုလားဘူးဆိုရင် ဒီကလေးကို မိဘရှိလို့ မိဘတွေဆီ ပြန်ပို့လည်း စိတ်ဆင်းရဲရမယ်။ ဒါကြောင့် ထိန်းသိမ်းရေးက ကားတွေလာရင် နောက်ကနေ ပြေးလိုက်ကြတဲ့ ကလေးတွေတောင် ရှိတယ်။ ကလေးတိုင်းဟာ ကလေး ထိန်းသိမ်းရေး စခန်းမှာ နေချင်ကြလို့တော့ မဟုတ်ဘူး။ တချို့ကလေးတွေက အိမ်ကိုမပြန်ချင်တာ၊ မိထွေး၊ ပထွေးကိုကြောက်တာမျိုး၊ ဒါကြောင့် မပြန်ချင်တာမျိုးတွေရှိတယ်။
မေး။ ။ လေလွင့်ကလေးသူငယ် ကိစ္စတွေကို စီမံချက်နဲ့ လုပ်ဆောင်နေတာတွေက အောင်မြင်မှုရှိပါသလား။
ဖြေ။ ။ ဒီမှာက ပရောဂျက်တွေ လုပ်တယ်။ ဒါကလည်း အကန့်အသတ် ရှိတယ်။ သုံးလ၊ ခြောက်လဆိုအပြီး စသည့်ဖြင့် ရှိတယ်။ ဒီလတွေ အတွင်းမှာ ဒီကလေးက အိမ်ပြန်ရောက်ရမယ် ဆိုပြီး မရောက်ရောက်အောင် ပြန်လုပ်ရတာ။ ကိန်းဂဏန်းနဲ့ပဲ အလုပ်လုပ်ကြတယ်။ အောင်မြင်မှု အတွက်ကို ကိန်းဂဏန်းနဲ့ပဲ ကြည့် အလုပ်လုပ်ကြတယ်။
မေး။ ။ ကလေးသူငယ် ပြန်လည် ထူထောင်ရေး စခန်းတွေကရော ဘယ်လို အခြေအနေတွေ ရှိလဲ။
ဖြေ။ ။ တချို့ သင်တန်းကျောင်းတွေမှာက ကလေးတွေကို ဒဏ်ပေးတဲ့ စနစ်တွေရှိနေတယ်။ ကျမတို့ကတော့ ကလေးဆိုတာ အမှားလုပ်တယ်လို့ မမြင်မိဘူး။ သူ မသိနားမလည်လို့ ဖြစ်သွားတာလို့ပဲ ခံစားရတယ်။
မေး။ ။ ကလေးသူငယ်အရေး ကိုင်တွယ်မှုတွေမှာ ဘာတွေ လိုအပ်ချက်ရှိနေလဲ။
ဖြေ။ ။ ကလေးသူငယ်အရေး ကိုင်တွယ်မှုတွေမှာ သက်ဆိုင်ရာ မြို့နယ်အလိုက် ရပ်ရွာ အခြေပြု အဖွဲ့အစည်းတွေရဲ့ ပူးပေါင်း ပါဝင်မှုက အရမ်း အားနည်းနေတယ်။ NGO တချို့ကလည်း ရန်ပုံငွေမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ နိုးထမှု မရှိဘူး။
မေး။ ။ ပြန်လည်ထူထောင်ရေး အပေါ်ကိုရော ဘယ်လို အကြံပြုချင်လဲ။
ဖြေ။ ။ ပြန်လည်ထူထောင်ရေး ဆိုတဲ့ နေရာမှာလည်း ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုပြီး နှစ်မျိုးရှိမယ်။ သူတို့လိုအပ်တာတွေ ရုပ်ပိုင်းအရ ဖြည့်ဆည်း ပေးတယ်ဆိုပေမယ့် စိတ် မပြင်ရင် ဘယ်လိုလုပ်မလဲ၊ စိတ်ကို ပြုပြင်ဖို့အတွက်လည်း တွေးရမယ်။ လူမှုဝန်းကျင်ကြီး တခုလုံးရဲ့ အကူအညီကို ယူရမယ်။ တောင်းစားလို့ မရဘူးဆိုရင် ဘယ်သူမှ မတောင်းတော့ဘူး။ တောင်းစားလို့ ရနေလို့ တောင်းစား နေကြတာပေါ့၊ လာဘ်ပေးလာဘ်ယူလိုပဲ ပေးတဲ့သူမှာလည်း အပြစ်ရှိတယ်။
တောင်းစားတဲ့ ကလေးတွေထက် အဲဒီကလေးတွေအပေါ် အကာအကွယ်ပေးနေတဲ့ လူတွေရဲ့ အမြင်ကို ပြောင်းဖို့လည်း လိုသေးတယ်။ အမြင်တွေပြောင်းလဲဖို့ အတွက် လူ့အဖွဲ့အစည်းတရပ်လုံး လိုအပ်ပါတယ်။ ပြုပြင်ပြောင်းလဲရေးတွေ လုပ်တယ် ဆိုပါစို့၊ တချို့ပြုပြင်ပြောင်းလဲရေး ကျောင်းတွေမှာ အနိုင်ကျင့်ခံရတာတွေ အများကြီးရှိနေတယ်။ ဒါပေမယ့် ဒီကျောင်းတွေမှာ ဒီလိုဖြစ်နေလို့ မဖြစ်သင့်ဘူး ပြောတော့ ပြောတဲ့သူရဲ့ အိမ်ကိုခေါ်သွားလို့ ပြန်ပြောရင်လည်း ခေါ်သွားနိုင်တဲ့ အခြေအနေ မရှိကြဘူးလေ။ သူတို့တွေကို လမ်းပေါ်မှာ ထားလိုက်ရင် ကလေးအချင်းချင်း လိင်တူဆက်ဆံတာတွေ၊ အချင်းချင်း အနိုင်ကျင့်တာတွေ ခံရနိုင်တယ်။ ဒီလိုပေါက်ကရတွေ မဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်တဲ့ နေရာမှာ ထိန်းသိမ်းတဲ့သူတွေကလည်း ကလေးတွေအပေါ် သေသေချာချာ နားလည်တဲ့ သူတွေသာ ဖြစ်သင့်တယ်၊ လုပ်သင့်တယ်။
မေး။ ။ ကလေးသူငယ် အရေးကိစ္စ ကိုင်တွယ်နေတဲ့ အဖွဲ့အစည်းတွေအပေါ်ရော ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ အခုစီမံချက်မှာ နိုင်ငံတော်အစိုးရ အပါအဝင် INGO တွေ၊ NGO တွေ အားလုံးပူးပေါင်းပြီး လုပ်ဆောင်ကြမှာ ဖြစ်တယ်။ အဲဒီလို NGO တွေမှာ လစာကောင်းကောင်းနဲ့ ဝင်လုပ်ပြီးတော့ သင်တန်း ၃ ပတ်တို့၊ ၁ လတို့ ပေးရုံလောက်နဲ့တော့ စွမ်းရည်က ပြည့်လာမှာ မဟုတ်ဘူး။ ဒါကြောင့် ပြဿနာက NGO တွေ ကိုယ်တိုင် ဖောက်ဖျက်ပြီးတော့ ကိုယ်တိုင် စောင့်ရှောက်ရတဲ့ အသက်မပြည့်သေးတဲ့ ကလေးနဲ့ လက်ထပ်ယူတဲ့ သူတွေ၊ နယ်စပ်မှာ ကလေးတွေ ရောင်းစားတဲ့ ဇာတ်လမ်းမျိုးတွေ ရှိတယ်။ ပြုစုပျိုးထောင်ရေး လုပ်တဲ့အခါမှာ လုပ်တဲ့ သူရှိတယ်၊ ငွေကြေး စိုက်ထုတ်မယ့်သူလည်း ရှိတယ်။ ကျမတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးက အရမ်းကောင်းတယ်။ အဲဒီအတိုင်းသာ လုပ်ပစေ ကျမတို့ အခွင့်အရေး အပြည့်အဝ ရမှာပဲ။
မေး။ ။ ထူထောင်ရေး လုပ်တဲ့အခါမှာ ဘယ်လိုဆောင် ရွက်သင့်တယ် ထင်ပါသလဲ။
ဖြေ။ ။ ကလေးသူငယ် ပြန်လည်ထူထောင်ရေးနဲ့ ပတ်သက်လို့ ကလေးသူငယ် အခြေခံမူကြီးလေးရပ်ကို လုံးဝ နားလည်တဲ့သူ ဖြစ်ရမယ်။ ဒါတွေကို လုပ်တဲ့သူတွေဟာ တယောက်တည်း လုပ်လို့ မရပါဘူး။ ကလေးတယောက်ရဲ့ ပြဿနာဟာ ဘက်ပေါင်းစုံက ရှုပ်ထွေးပြီး ဖြစ်ပေါ်လာတဲ့ ပြဿနာဖြစ်တယ်။ ဂေဟာပို့လိုက်တယ် ဆိုတာ တခုတည်းနဲ့တော့ ပြဿနာက ပြီးမသွားသေးဘူး။ နောက်ဆက်တွဲတွေ ရှိတယ်။ အဲဒီလောက်အထိ ကြည့်ပေးနိုင်မလား၊ ကလေးသူငယ်တွေ ထိန်းသိမ်းတဲ့ နေရာမှာ ဘယ်သူတွေက လုပ်မှာလဲ၊ စနစ်တကျ လေ့ကျင့်ထားတဲ့ သူတွေလား၊ မြေပြင်မှာ ထိန်းသိမ်းတဲ့ သူတွေက စနစ်တကျ လေ့ကျင့်ထားရဲ့လား။
လာစမ်းဆိုပြီး နားပန်ကျင်း၊ ကားပေါ်တင်တာမျိုး မလိုချင်ဘူး။ တခါတလေကျရင် ကလေးက လမ်းပေါ်က ကလေးဖြစ်ချင်မှ ဖြစ်မှာလေ။ လမ်းပေါ်က ကလေးနဲ့ လာပြီးစကားပြောနေတဲ့ ကလေးတယောက်လည်း ဖြစ်ချင်ဖြစ်မယ်၊ လူလူချင်းတော့ ခွဲလို့ မရဘူး။ ကလေးတွေ့တိုင်း လမ်းပေါ်က ကလေးဆိုပြီး ဖမ်းတာတွေ ဖြစ်နေတတ်တယ်။ လမ်းပေါ်မှာကျင်လည် ကျက်စား နေတဲ့ ကလေးတွေဘက်က ရပ်တည်ပေးမယ့် ဥပဒေသမား ဘယ်သူရှိမလဲ။ ဥပဒေသမား ရှိရမယ်လေ။ လူတိုင်းမှာ အမှန်တရားရှိတယ်။ ခါးပိုက်နှိုက်တဲ့ ကလေးနဲ့ တခြားကလေးကို နည်းတမျိုးတည်းနဲ့ ကျင့်သုံးလို့မရဘူး။ အဲဒီလိုသာဆိုရင် အတတ် ပေါင်းစုံ ဖြစ်သွားမှာပေါ့။ နောက်တခုက လမ်းပေါ်က ကလေးတွေ ကော်ရှူတဲ့ ပြဿနာ။ ကလေးသူငယ်တွေ တကယ် အခွင့်အရေး ရရဲ့လား ဆိုတာကို ကလေးသူငယ် အခွင့်အရေး ပေတံနဲ့ တိုင်းတာရမယ်။ ကလေးက လမ်းပေါ်မှာ နေချင်တယ် ဆိုလို့ လမ်းပေါ်မှာ ထားရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။
မေး။ ။ တောင်းစားနေတဲ့ ကလေးတွေရဲ့ နောက်ကွယ်ကနေ ကြိုးကိုင် ခိုင်းစေနေတာတွေ ရှိတဲ့အပေါ် အရေးယူမှု အားနည်းနေတဲ့အပေါ် ဘာပြောချင်လဲ။
ဖြေ။ ။ အဲဒါကို မကိုင်တွယ် ကြဘူးလေ။ ကလေးတွေကို အကွက်ကျကျ ဂိုဏ်းဖွဲ့ပြီး တောင်းရမ်း စားသောက်ခိုင်းတဲ့ သူတွေကို ထိထိရောက်ရောက် အရေးယူသင့်တယ်။ တိတိကျကျ အရေးယူလာပြီဆိုရင် အဲဒါမျိုး တောင်းစားတဲ့ ကလေးဆိုတာ အနည်းနဲ့အများ ပျောက်သွားမှာပေါ့။ တချို့က သာသနာ အရေခြုံပြီး ကလေးတွေကို ခိုင်းစားနေတာမျိုးတွေ ရှိနေတယ်။ ဒါမျိုးတွေကို သက်ဆိုင်ရာက ခွဲခြားသိဖို့ လိုတယ်။ ။