မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိအောင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရ၊ တပ်မတော်တို့ အကြား စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ်နေသည်။
ဘုံသဘောတူညီချက်များ ရယူကာ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတခုကို တည်ဆောက်သွားနိုင်ရေးအတွက် ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပ၍ ဆွေးနွေး အဖြေရှာနေကြသော်လည်း သဘောတူညီချက်များ မရသေးဘဲ ဖြစ်နေသည်။
ထို့ပြင် ၂၁ ရာစု ပင်လုံညီလာခံတွင် လူမျိုးစု သဘောထားအသံများကို သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ရယူ၍ တင်ပြဆွေးနွေးရန် ပြင်ဆင်နေသော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(လူမျိုးအလိုက်) ကျင်းပနိုင်ရေးမှာလည်း တားဆီး ပိတ်ပင်ခံနေရခြင်းကြောင့် အသံများ ရယူနိုင်ခြင်း မရှိဘဲ ဖြစ်နေသည်။
တဖက်ရှိ တရုတ်-မြန်မာ နယ်စပ်တလျောက်တွင် လှုပ်ရှားနေသော တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ဲဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)နှင့် အစိုးရတို့အကြား တွေ့ဆုံ ဆွေးနွေးမှုများ မလုပ်နိုင်သေးပေ။
လက်ရှိ အချိန်တွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အတွက် အဖြေရှာနေသည့်တိုင် ဘုံသဘောတူညီသော ဖက်ဒရယ်မူကို ရယူနိုင်ခြင်း မရှိသေးသလို မည့်သို့သော ဖက်ဒရယ်မူ ဆောင်ရွက်သွားမလဲ ဆိုသည်ကို တိုင်းရင်းသားများ အကြားမှာပင် ဆွေးနွေးအဖြေရှာနေဆဲပင် ဖြစ်သည်။
အဆိုပါ အကြောင်းအရာ အခြေအနေများနှင့် ပတ်သက်ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) မှ အတွင်းရေးမှူး ၃ ဗိုလ်မှူးကြီး စိုင်းငင်းကို ဧရာဝတီသတင်းဌာနမှ အကြီးတန်း သတင်းထောက် ချစ်မင်းထွန်းက ဆက်သွယ် မေးမြန်းထားသည်။
မေး ။ ။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(ရှမ်းလူမျိုး)ကို ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်နေတဲ့ အခြေအနေနဲ့ အစိုးရ၊ တပ်မတော်တို့နဲ့ ဘယ်လို ညှိနှိုင်းမှုတွေ လုပ်နေလဲ။
ဖြေ ။ ။ ဇန်နဝါရီလ ၁၁၊ ၁၂ ရက်မှာ ပြုလုပ်တဲ့ PPST အရေးပေါ် အစည်းအဝေးရဲ့ ထုတ်ပြန်ကြေညာချက်ဖြစ်တဲ့ (NCA အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်အရ ပြုလုပ်ဆောင်ရွက်ရမည့် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများနှင့် လူထုတွေ့ဆုံပွဲများ ကန့်သတ် ပိတ်ပင်ခံရခြင်းများနှင့် ပတ်သက်သည့် ဖြေရှင်းရန် ကိစ္စရပ်များအတွက် နိုင်ငံတော် တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်း အဖြေရှာပြီးမှသာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည်) ဆိုတဲ့ အတိုင်းပဲ ဆက်လက် ဆောင်ရွက်နေပါတယ်။ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက်သာ မဟုတ်ဘဲ ကျန်တဲ့ ရခိုင်၊ ချင်း၊ ပအိုဝ်း၊ ကရင်၊ ဗမာ၊ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ။
အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ အကြိုဖြစ်တဲ့ လူထုတွေ့ဆုံပွဲတွေကို လွတ်လွတ်လပ်လပ် ကျင်းပပြုလုပ်နိုင်ဖို့နဲ့ အခုနောက်ထပ် NCA ကို လက်မှတ် ရေးထိုးလိုက်တဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံးတို့အတွက် လူထုတွေ့ဆုံပွဲနဲ့ အမျိုုးသားအဆင့် နိုင်ငံရေးအဆင့် ဆောလျင်လွတ်လပ်စွာ ကျင်းပနိုင်ရေးကိုပါ ကျနော်တို့ EAO ၈ ဖွဲ့က ကြိုးပမ်းဆောင်ရွက်နေပါတယ်။
အစိုးရ၊ တပ်မတော်တို့နဲ့ အလွတ်သဘော တွေ့ဆုံမှုတွေ ပြုလုပ်နေပါတယ်။ ဒီလ နှောင်းပိုင်းမှာ ကျင်းပပြုလုပ်မယ့် UPDJC အစည်းအဝေးနဲ့ JICM အစည်းအဝေးမှာ ဒီအကြောင်းအရာကို အပြီးသတ် ဆုံးဖြတ်ပေးနိုင်မယ်လို့ ယုံကြည် ပါတယ်။
မေး ။ ။ ဒီလ ၁၃ ရက် နေပြည်တော် NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားအပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တပ်မတော်ကိုယ်စားလှယ်က ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြိုလူထုတွေ့ဆုံပွဲ တားမြစ်ခြင်းနဲ့ ပတ်သက်ပြီး ပြောသွားတာက လင်းခေးမှာပဲ ခွင့်ပြုတယ်၊ ရှမ်းပြည်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ လုပ်တယ်၊ TOR နဲ့ မညီလို့ တားမြစ်တယ်လို့ ဆိုပါတယ်။ ဒီပြောဆိုချက်အပေါ် မှတ်ချက်လေး ပေးပါဦး။
ဖြေ ။ ။ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲရဲ့ အကြိုဖြစ်တဲ့ လူထုတွေ့ဆုံပွဲ တားမြစ်ခံရလို့ လင်းခေးမှာ ပြုလုပ်မယ့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ယာယီရွှေ့ဆိုင်းကြောင်း ဇန်နဝါရီလ ၈ ရက်နေ့မှာ ကျနော်တို့ အဖွဲ့အစည်းကနေ ကြေညာချက် ထုတ်ပြန်ပါတယ်။
အဲဒီထဲမှာ ရွှေ့ဆိုင်းရတဲ့ အကြောင်းရင်းတွေပါတယ်။ လင်းခေးမှာ လုပ်ဖို့ အစိုးရ၊ တပ်မတော်တို့နဲ့ ဘယ်လို Gentleman Agreement တွေ ရှိတယ်ဆိုတာလည်း ဖော်ပြထားပါတယ်။ အမှန်တရားတွေက အဲဒီ ထုတ်ပြန်ချက်ထဲမှာ အပြည့်အစုံ ပါပါတယ်။ ဒီလောက်ပဲ မှတ်ချက်ပြုချင်ပါတယ်။
မေး ။ ။ တိုင်းရင်းသား လက်နက်ကိုင်တွေက ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ်ပြောနေကြတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေ အချင်းချင်းမှာပဲ ဘုံသဘောတူညီတဲ့ ဖက်ဒရယ် ဖွဲ့စည်းပုံကို ရယူထားနိုင်ပြီးလား။
ဖြေ ။ ။ ရယူထားတာ ကြာလှပြီရော။ ဆရာသိမှာပေါ့၊ FCDCC ကနေ ရေးစွဲပြုစုထားတဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေက ဒုတိယမူကြမ်းတောင် ထွက်နေပါပြီ။
အခုဆိုရင် NCA-S EAO ၈ဖွဲ့က ပြုစုထားတဲ့ ဖက်ဒရယ်အခြေခံမူ (မူကြမ်း) လည်း ရှိပြီ။ တဖက်မှာလည်း UNFC ကနေ ပြင်ဆင်ထားတဲ့ ဖက်ဒရယ်အခြေခံမူတွေလည်း ရှိထားပြီ။ ပြည်နယ် ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေကိုလည်း သက်ဆိုင်ရာ ပြည်နယ်တွေက ပြင်ဆင်ရေးဆွဲထားတာ ကြာပါပြီ။ ခေတ်နဲ့ လျော်ညီအောင် အနည်းငယ် ဖြည့်စွက် ပြင်ဆင်တာတွေ လုပ်လိုက်ရုံနဲ့ ပြီးပြည့်စုံပါပြီ။ ဖက်ဒရယ်ဘုံ အခြေခံမူကတော့ ကွဲပြားခြားနားတာတွေ မရှိပါဘူး။
မေး ။ ။ ၂၁ ရာစု ပင်လုံညီလာခံက တတိယအကြိမ်တောင် ကျင်းပတော့မယ်။ ရေရာ သေချာတဲ့ သဘော တူညီချက်တွေ အခုထိ မရသေးဘူး။ ဒုတိယ ပင်လုံတုန်းက သဘောတူညီချက်ကလည်း အငြင်းပွားနေလို့ လွှတ်တော်တောင် မတင်နိုင်ဘူး ဖြစ်နေတယ်။ ဒါတွေက ဘာတွေကြောင့် ဖြစ်နေတာလဲ။
ဖြေ ။ ။ အလျင်မီစေချင်ဇောနဲ့ လောလောနဲ့ ဒရွတ်တိုက် ဆွဲခေါ်နေတာတွေ၊ အချိုန် လုံလုံလောက်လောက် ယူပြီး ဆွေးနွေးဖော် ဆွေးနွေးဖက်ကြားမှာ ကျေကျေလည်လည် မဆွေးနွေးနိုင်တာတွေ၊ Process လုပ်ငန်းစဉ် ရှေ့တိုးတာကိုပဲ တွန်းအားပေးပြီး အနှစ်သာရ ပြည့်ဝတဲ့ Productive Result ရလဒ်ရအောင် မဆောင်ရွက် နိုင်တာတွေ၊ ကိုယ်လို ချင်တာကိုပဲ ရှေ့တန်းတင်ပြီး တဖက်သားရဲ့ လိုအင်ကို မျက်ကွယ်ပြုတာတွေ၊ အထက်စီး ကနေပြီး ငါလုပ်ချင်တဲ့အတိုင်း လိုက်လုပ်ရမယ် ဆိုတဲ့ အပြုအမူတွေ၊ တန်းတူ ညီမျှမှု အဆင့်အတန်း အားနည်းတာတွေ၊ Jiont ပူးတွဲဆိုတဲ့ Concept ကို လျစ်လျူရှု ထားတာတွေ၊ ကြိုတင် တိုင်ပင် ညှိနှိုင်းခြင်း မရှိဘဲ အစည်းအဝေးမှာမှ ချပြပြီး အတင်း မရမက အတည်ပြု ခိုင်းတာတွေကြောင့် ဖြစ်တယ်လို့ သုံးသပ်ပါတယ်။
နောက်အဓိက အချက်ကတော့ နှစ်ဦးနှစ်ဖက်ကြားမှာ ယုံကြည်မှု အားနည်းနေတာပဲ ဖြစ်တယ်။ အဲဒီ အချက်တွေကို ပြုပြင်နိုင်တယ် ဆိုရင်တော့ ရှေ့ခရီးက ဖြောင့်ဖြူးမယ်လို့ ထင်ပါတယ်။
မေး ။ ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို NCA လမ်းကြောင်းက ပြင်ဆင်နိုင်တဲ့ အခြေအနေ ရှိပါသလား။ ရှိတယ်ဆိုရင် ဘယ်လိုပုံစံက ပြင်ဆင်နိုင်တဲ့ လမ်းကြောင်းလဲ ရှင်းပြပါအုံး။
ဖြေ ။ ။ ပြင်ဆင်နိုင်တဲ့ အခြေအနေရှိတာပေါ့။ ပြင်နိုင်မယ် ယုံကြည်လို့ပဲ ကျနော်တို့တတွေ NCA ကို လက်မှတ် ရေးထိုးတာပဲလေ။ NCA စာချုပ် ပုဒ်မ ၂၂ (ဃ) ဖြစ်တဲ့ (ပြည်ထောင်စု ညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်များ ပေါ် အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ဥပဒေများကို လိုအပ်သလို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း နှင့် ပယ်ဖျက်ခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြုလုပ်ရန် သဘောတူညီသည်) ဆိုတဲ့ အတိုင်း ပြင်ဆင်နိုင်အောင် ကျနော်တို့ အားလုံးကြိုးပမ်း ဆောင်ရွက်နေပါတယ်။ အနှေးနဲ့ အမြန် ပြင်ဆင်နိုင်မှာပါ။
မေး ။ ။ ရှမ်းအမျိုးသားနေ့ သို့မဟုတ် ရှမ်းပြည် အမျိုးသားနေ့က ဘယ်လို ကွဲလွဲ ခေါ်ဝေါ်နေကြတာလဲ။ အစိုးရဘက်က ရှမ်းပြည်နယ်နေ့လို့ ခေါ်ဝေါ်တယ်။ ဒါက ဘယ်လို ကွဲလွဲမှုတွေ ဖြစ်နေတာလဲ။
ဖြေ ။ ။ အုပ်ချုပ်ရေးစနစ်၊ နိုင်ငံရေးစနစ်၊ တန်းတူမှု မရှိခြင်း၊ ခွဲခြားဆက်ဆံခြင်းတို့ ကြောင့်လို့ မြင်ပါတယ်။ အစိုးရ ခေတ် အဆက်ဆက်ကတော့ ရှမ်းပြည်နယ်နေ့လို့ အမြဲသုံးစွဲပါတယ်။ သူလည်း သူ့အဓိပ္ပာယ်နဲ့သူ ခေါ်တာနေမှာပေါ့။
ဘယ်သူက ဘယ်လိုပဲ ခေါ်ဆို ခေါ်ဆို ကျနော်တို့ကတော့ ရှမ်းအမျိုးသားနေ့ သို့မဟုတ် ရှမ်းပြည် အမျိုးသားနေ့ လို့ပဲ မှတ်ယူပါတယ်။ အဓိက ပဓာန ကျတာကတော့ အဲဒီနေ့ထူး နေ့မြတ်ရဲ့ အနှစ်သာရပဲ ဖြစ်ပါတယ်။ အနှစ်သာရရှိရှိ ကျင်းပနိုင်ဖို့က အရေးကြီးတယ်။
အဲဒီ အနှစ်သာရက စုစည်းခြင်း၊ ပေါင်းစည်းခြင်း၊ စည်းလုံး ညီညွတ်ခြင်း၊ တန်းတူ ညီမျှမှု ရှိခြင်း။ အပြန်အလှန် အသိအမှတ်ပြု လေးစားခြင်း၊ အများအကျိုးကို ရှေ့တန်းတင်ခြင်း၊ ကြီးစဉ် ငယ်နိုင် ဖိနှိပ်မှုကင်းခြင်း၊ အင်အား အသုံးပြုပြီး ပြဿနာတွေ ဖြေရှင်းခြင်း မပြုခြင်းတို့ပဲ ဖြစ်တယ်။
ယုံကြည်တယ်လေ၊ ကျနော်တို့က ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက် နိုင်တဲ့အချိန်နဲ့ ဒီမိုကရေစီကို ပြည့်ပြည့်ဝဝ စံစား ခံစား နိုင်တဲ့ အချိန်ရောက်ရင် ရှမ်းအမျိုးသားနေ့လား၊ ရှမ်းပြည် အမျိုးသားနေ့လား၊ ရှမ်းပြည်နယ်နေ့လား ဆိုတာကို ရှမ်းပြည်လူထုကပဲ အဆုံးအဖြတ်ပြုပြီး သတ်မှတ်ပေးပါလိမ့်မယ်။
မေး ။ ။ ကချင်နဲ့ ရှမ်းမြောက်မှာ တိုက်ပွဲတွေ ပြင်းနေတယ်လို့ ကြားရတယ်။ တဖက်မှာ ငြိမ်းချမ်းရေးဆိုပြီးတော့ လုပ်နေတယ်။ ဒါက လက်တွေ့မှာ ဖြစ်နိုင်လား။ နိုင်ငံတကာမှာတော့ အစိုးရက အပစ်ရပ်စဲရေး ကြေညာပြီးတော့ ငြိမ်းချမ်းရေးကို ဆောင်ရွက်တယ်လို့ လေ့လာမိတယ်။ မြန်မာပြည် အနေအထားနဲ့ဘယ်လို ကွဲလွဲနေပါသလဲ။
ဖြေ ။ ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်ချိန်မှာ တိုက်ပွဲတွေ လုံးဝ မရှိသင့်ဘူးပေါ့။ တချို့က ပြောပါတယ်။ ဆွေးနွေးရင်း တိုက်ရင်းနဲ့ သွားကြတာဟာ ဓမ္မတာပါတဲ့။ အပစ်အခတ် ရပ်စဲတယ်ဆိုတာ နှစ်ဖက်စလုံးက သဘောတူပြီး လိုက်နာ လုပ်ဆောင်မှ ရတာကိုး။
ကျနော်တို့ နိုင်ငံရဲ့ အခင်းအကျင်း သဘောသဘာဝက တခြားနိုင်ငံတွေနဲ့ မတူတော့ တခြား နိုင်ငံတွေရဲ့ လုပ်ဆောင်ချက်တွေ ထပ်တူကူးချလို့ မရပါဘူး။ ပဋိပက္ခ ဖြစ်နေတဲ့ နှစ်ဦးနှစ်ဖက်ကနေ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်း နည်းလမ်းနဲ့ပဲ အဖြေရှာရမှာ ဖြစ်တယ်လို့ မြင်ပါတယ်။ တိုက်ခိုက်လာတာ နှစ်ပေါင်းကြာပြီပဲ အဖြေလည်းမရ၊ ထွက်ပေါက်လည်း မရှိဖြစ်နေတာ အားလုံး အသိပဲလေ။
မေး ။ ။ FPNCC က စာချုပ် အသစ်ဖော်ပေး၊ NCA မထိုးဘူး၊ တဖွဲ့ချင်း မဆွေးနွေးဘူး FPNCC အနေနဲ့ပဲ ဆွေးနွေးမယ်ဆိုတဲ့ မူဝါဒက လက်တွေ့မှာ ဖြစ်နိုင်ပါသလား။ ဘယ်လိုပုံစံနဲ့ သူတို့ကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်လာအောင် ဆောင်ရွက်နိုင်ပါသလဲ။
ဖြေ။ ။ လက်တွေ့မှာ ဖြစ်နိုင်မဖြစ်နိုင် ဆိုတာကတော့ သက်ဆိုင်သူတွေကပဲ ဖြေနိုုင်မှာပါ။ ကျနော်တို့ ကတော့ နှစ်ဦးနှစ်ဖက်ကနေ တွေ့ဆုံဆွေးနွေး ညှိနှိုင်းပြီး အလျှော့အတင်းလုပ်တဲ့ နည်းနဲ့ပဲ ရှေ့ဆက်နိုင်မယ်လို့ ထင်ပါတယ်။ ဒါတောင် မကြာခင်က KIO နဲ့ တပ်မတော်တို့ တွေ့ဆုံဆွေးနွေး ခဲ့ကြတာပဲ မဟုတ်လား။
မေး ။ ။ ဘာများ ထပ်ဖြည့်စွက် ပြောချင်ပါသေးလဲ ခင်ဗျား။
ဖြေ။ ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်ရတာဟာ တကယ်တော့ ကိုယ့် ဆန့်ကျင်ဖက်က လူတွေနဲ့ ထိတွေ့ ဆက်ဆံ ပြောဆိုရတာပဲ ဖြစ်ပါတယ်။ ဒီတော့ ခက်ခဲမယ်။ ကဖျက်ယဖျက် လုပ်တာတွေ ကြုံနိုင်တယ်။ ကိုယ် မခံနိုင်အောင် နည်းမျိုးစုံနဲ့ တဖက်က ဆွပေးနိုင်တယ်။
သူလိုချင်တဲ့ ကိစ္စရအောင် သူကြမ်းချင် ကြမ်းမယ်။ ပျော့ချင်ပျော့မယ်။ ညှိနိှု်င်း ဆွေးနွေးတယ်ဆိုတာ အပေး အယူ အလျှော့အတင်း လုပ်ရတဲ့သဘော ဆောင်တော့ ကိုယ်လိုချင်တာချည်းပဲ ၁၀၀ ရာခိုင်နှုန်းတော့ ဘယ်ရမလဲ။ သူလည်းလျှော့ ကိုယ်လည်းလျှော့ပေးပြီ ဆုံမှတ် ဆုံရပ် တနေရာမှာ ဆုံနိုင်မှ အားလုံးအတွက် အဆင်ပြေမယ်။ ပြေလည်နိုင်မယ်။ စိတ်ရှည်ရမယ်။ သည်းခံနိုင်ရမယ်။ သံတမန် ဆန်ဆန် ဆောင်ရွက် နိုင်ရမယ်။
ကျနော်တို့က NCA စာချုပ်မှာ ပါတဲ့အတိုင်းပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးနဲ့ အားလုံး လိုလား တောင့်တတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် အားလုံးနဲ့ တတ်နိုင်သမျှ လက်တွဲ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။