ရန်ကုန်တိုင်း အစိုးရအဖွဲ့တွင် ပြီးခဲ့သည့် ဇူလိုင်လကမှ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့သည်။
ယင်းဌာနလက်အောက်သို့ အလုပ်သမားရေးရာ ဦးစီးဌာနကိုလည်း ပြောင်းရွှေ့ချထားခဲ့သည်။ ထိုဌာန၏ ဝန်ကြီးအဖြစ် မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကတိကဝတ် အာမခံ ချက်များနှင့် လွှတ်တော် အခွင့်အရေး ကော်မတီ၏ အတွင်းရေးမှူးလည်း ဖြစ်သူ ဒေါ်မိုးမိုးစုကြည်ကို နိုင်ငံတော် သမ္မတမှ ခန့်အပ် အတည်ပြုခဲ့သည်။
ဒေါ်မိုးမိုးစုကြည်သည် ဝန်ကြီး ဖြစ်ဖြစ်ချင်း တချို့မြို့နယ်များရှိ လူဝင်မှု ကြီးကြပ်ရေး ရုံးများသို့ သွားရောက်လှည့်လည်ကာ အဂတိတရား ကင်းစင်ရေး ဆောင်ရွက်မည့် အကြောင်း ထုတ်ဖော် ပြောဆိုခဲ့သလို အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု ကိစ္စတချို့ကိုလည်း ကိုယ်တိုင် သွားရောက်ကာ ဖြေရှင်း ဆောင်ရွက်ပေးခဲ့သည်။
လက်ရှိ ရန်ကုန်တိုင်း အတွင်းရှိ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများ အကြောင်း၊ တချို့ အငြင်းပွားမှုများတွင် ဌာန ဆိုင်ရာ၏ အဆင့်ဆင့် ဖြေရှင်းဆောင်ရွက်မှုများထက် လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခြင်းမျိုး ဖြစ်ပေါ်နေသည့် အကြောင်း၊ ၄ ကြိမ်တိတိ ပြင်ဆင်ထားပြီး ဖြစ်သော်လည်း အလုပ်သမား ဥပဒေ၏ အားနည်းချက်များ အကြောင်းတို့ကို ဧရာဝတီ သတင်းဌာနမှ အကြီးတန်း သတင်းထောက် ထက်ခေါင်လင်းက ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် တွေ့ဆုံမေးမြန်းထားသည်။
မေး။ ။ လက်ရှိ ရန်ကုန်တိုင်း အတွင်းမှာ အလုပ်သမား ပြဿနာတွေကို ဖြေရှင်းနေရတဲ့ အထဲမှာ ဘယ်လိုမျိုးကိစ္စတွေက အကြီးမားဆုံး စိန်ခေါ်မှုတွေ ဖြစ်နေသလဲ။
ဖြေ။ ။ အလုပ်ရှင် အလုပ်သမား ပြဿနာတွေထဲမှာ ဘယ်လိုဟာတွေက စိန်ခေါ်မှု အကြီးဆုံးလို့ ပြောလို့မရသလို အားလုံး ဖြေရှင်းတဲ့အခါ အကြီးမားဆုံး ဖြေရှင်းမှု ဖြစ်စေ၊ ဘယ်လိုပုံစံမျိုးနဲ့ ဖြေရှင်းသည် ဖြစ်စေ အလုပ်သမား၊ အလုပ်ရှင် မျှတ ကျေနပ်တဲ့ ဖြေရှင်းမှုမျိုး ဖြစ်အောင် ဆောင်ရွက်ရတာကတော့ ကျမတို့ ဝန်ကြီးဌာနရဲ့ အဓိက လုပ်ဆောင်ရတာ ဖြစ်တယ်။
အဲဒီမှာ ကြီးမားတဲ့ စိန်ခေါ်မှု ဆိုတဲ့အချက် မရှိသလို သေး၊ ငယ် စတဲ့ အားလုံးဟာ တည်မှီနေတာ မဟုတ်ဘူး။ ဖြေရှင်းပုံ၊ ဖြေရှင်းနည်း အားလုံးဟာ သက်ဆိုင်ရာ အဆင့်ဆင့် ဖွဲ့စည်းပေးထားတဲ့ အဖွဲ့အစည်းတွေရဲ့ ဥပဒေနဲ့အညီ နည်းလမ်းတကျ ဖြေရှင်းပေးနေရတာပဲ ဖြစ်ပါတယ်။
မေး။ ။ အခု နောက်ပိုင်း အလုပ်သမားတွေဟာ လမ်းပေါ်ထွက်ပြီးတော့ ဆန္ဒပြတဲ့ အဆင့်ထိကိုပဲ ရောက်ရောက်လာကြ တယ်။ သပိတ်စခန်း ဖွင့်တယ်ပေါ့။ အဲဒီလိုလုပ်လာတာ ဘာကြောင့်လို့ ဝန်ကြီးတို့ အနေနဲ့ လေ့လာတွေ့ရှိရပါသလဲ။
ဖြေ ။ ။ ဒါက တကယ်တော့ အလုပ်ရှင်ရော၊ အလုပ်သမားရော အားလုံးအပေါ်မှာ မူတည်တယ်။ အဲဒီမှာ ဘာတခု ထပ်ပါ လာလဲ ဆိုရင် အလုပ်ရှင်က ခန့်ထားတဲ့ လူ့ စွမ်းအားဌာနက မန်နေဂျာတွေ၊ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ ပေါင်းကူး ဆက်ဆံပေးရတဲ့ စကားပြန်တွေက တကယ့်ကို အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်လာပါတယ်။
စက်ရုံတွင်း မပြေလည်မှုတွေ စတင်ပြီ ဆိုတာနဲ့ အလုပ်ရှင်နဲ့ အလုပ်သမား ဆက်ဆံရေးအတွက် ခန့်ပေးထားတဲ့ မန်နေဂျာ တွေ၊ စကားပြန်တွေ အနေနဲ့ အလုပ်ရုံထဲမှာ ဖွဲ့ပေးထားတဲ့ အလုပ်ရှင် အလုပ်သမား အချိုး မျှတစွာ ခန့်ပေးထားတဲ့ အလုပ် သမားရေးရာ လုပ်ငန်း ညှိနှိုင်းရေး ကော်မတီ (WCC) ဆိုတဲ့ အလုပ်သမား အဖွဲ့နဲ့ သေသေချာချာ ဖြေရှင်းရမယ့် ကိစ္စ ဖြစ် တယ်။
ကြီးမားတဲ့ ပြဿနာ အဆင့် မရောက်ခင်ကတည်းက ဒီမှာ ကြိုတင် ညှိနှိုင်းဖြေရှင်းထားမယ် ဆိုရင် လမ်းပေါ်ထွက်လာတဲ့ အထိ ဖြစ်လာမှာ မဟုတ်ဘူး။ အဲဒီလိုမှ ပြေလည်မှု မရနိုင်ဘူး ဆိုရင်လည်း ကျမတို့ ဖွဲ့စည်းထားတဲ့ အဆင့်ဆင့်သော အလုပ်သမားဆိုင်ရာ အဖွဲ့အစည်းတွေ၊ မြို့နယ် ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့ စသဖြင့် စနစ်တကျ ဖြေရှင်းသွားကြဖို့ လိုတာ။ အဲဒီမှာ ဖြေရှင်းတဲ့ အချိန်ကာလ ကြာမြင့်တယ်လို့ သူတို့က (အလုပ်သမားတွေ) ထင်ကြတယ်။
ဒါပေမယ့် ကျမတို့ ဥပဒေမှာက မြို့နယ် ညှိနှိုင်း ဖျန်ဖြေရေးမှာ တပတ်အတွင်း ပြေလည်အောင် ဖြေရှင်းရတယ်။ အဲဒီမှာ ဘာလို့ တပတ်အတွင်း ပြေလည်အောင် မဖြေရှင်းနိုင်သလဲ ဆိုရင် အလုပ်ရှင်ရဲ့ ပျက်ကွက်မှု ရှိနေသလို၊ အလုပ်သမား တွေမှာလည်း ချိန်းဆိုတဲ့ရက်မှာ လာနိုင်ဖို့ ခက်ခဲတာတွေလည်း ဖြစ်ကြတယ်။ မြို့နယ် ညှိနှိုင်း ဖျန်ဖြေရေးမှာ ဖြေရှင်းရင်း မပြေလည်လို့ ခုံအဖွဲ့၊ ခုံကောင်စီ တက်မယ်ဆိုလည်း သူ့ရက် သတ်မှတ်ချက်တွေက ဥပဒေမှာ ပြဋ္ဌာန်းပြီး ဖြစ်ပါတယ်။
ဒီရက်တွေပေါ်မှာ စောင့်ဆိုင်းပြီး ဖြေရှင်းမှသာလျှင် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုတွေကို ဥပဒေနဲ့အညီ ဖြေရှင်းနိုင် မှာပါ။ အဲဒီလို ဆောင်ရွက်တဲ့အခါ အလုပ်သမားတွေရဲ့ စိတ်မှာ ထင်နေတာက နှောင့်နှေး ကြန့်ကြာတယ်လို့ ထင်ပြီး ဒီလို ကိစ္စ (လမ်းပေါ်ထွက် ဆန္ဒပြ)တွေ ပေါ်ပေါက်လာတယ်လို့ ကျမ ထင်တယ်။
မေး။ ။ အလုပ်သမား တော်တော်များများက ခုံအဆင့်၊ မြို့နယ် အဆင့်တွေ ဘက်ကို ယုံကြည်မှု အားနည်းလာတာကို တွေ့ရတယ်။ အဲဒီလိုဖြစ်တာ ဘာကြောင့်လို့ သုံးထားပါတာရှိလဲ။
ဖြေ။ ။ အလုပ်သမား တော်တော်များများက ခုံကောင်စီ၊ ခုံအဖွဲ့၊ မြို့နယ်အဖွဲ့တွေ အပေါ်မှာ ယုံကြည်စွာ ပူးပေါင်းသင့် တယ်။ ဘာကြောင့် ဒီလို တိုက်တွန်းရတာလဲ ဆိုရင် ဒီအဖွဲ့တွေက အလုပ်သမား ကိုယ်စားလှယ်၊ အလုပ်ရှင် ကိုယ်စားလှယ် တွေနဲ့ တရားဝင် ဖွဲ့စည်းပေးထားတာ။ ဌာနဆိုင်ရာချည်းပဲ ဖွဲ့ပေးထားတာ မဟုတ်ပါဘူး။
အလုပ်သမားရော အလုပ်ရှင်ရော ဒီအဖွဲ့တွေ အပေါ်မှာ ယုံယုံကြည်ကြည် ညှိနှိုင်းဖို့ လိုတယ်။ ကိုယ့်ရဲ့ကိုယ်စားလှယ်တွေ ပါဝင်နေတဲ့ အဖွဲ့တွေ ဖြစ်တယ်။ ကိုယ်ရဲ့ကိုယ်စားလှယ်တွေ ရှိနေတဲ့ အဖွဲ့အပေါ်မှာ အလုပ်သမားတွေ အားလုံး၊ အလုပ် ရှင်တွေ အားလုံး မယုံကြည်ဘူး ဆိုတာကို ပြန်သုံးသပ်ဖို့တော့ လိုပါတယ်။
မေး။ ။ အဲဒီမှာ ဥပမာ ခုံအဖွဲ့မှာ ၁ဝ ဦး ရှိတယ် ဆိုပါစို့။ အလုပ်သမား ကိုယ်စားလှယ်က ၂ ဦး၊ အလုပ်ရှင် ကိုယ်စားလှယ် က ၂ ဦး ပါတယ်၊ ကျန်တာက အစိုးရပိုင်း ဆိုင်ရာတွေ။ အလုပ်သမားတွေ အနေနဲ့ ခုံအဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေကို မဲခွဲ ဆုံး ဖြတ်တော့မယ်ဆိုရင် အလုပ်သမား ကိုယ်စားလှယ်က ၂ မဲပဲ ရှိမယ်။ ဌာနဆိုင်ရာတွေ အနေနဲ့ အလုပ်ရှင်ဘက်ကိုပဲ အား သာမယ်ဆိုတဲ့ ယူဆချက်က ရှိနေတယ်။ အဲဒီအပေါ်မှာရော ခင်ဗျ။
ဖြေ။ ။ ဌာနဆိုင်ရာက လူတွေက အလုပ်ရှင်ဘက်ပဲ ပါမယ်လို့ တထစ်ချ ပြောလို့တော့ မရပါဘူး။ ဌာနရဲ့ နာမည်ကိုက အလုပ်သမားပဲ ပါတာပါ။ အလုပ်ရှင်ဆိုတဲ့ စကားလုံးကို မပါပါဘူး။ ဒီအပေါ်မှာ ကျမပြောချင်တာက ဒီအဖွဲ့အစည်း ဖွဲ့စည်း ရေးတွေမှာ အားနည်ချက် ရှိလာရင်၊ အလုပ်သမားတွေ အနေနဲ့ အလုပ်ရှင်တွေ အနေနဲ့ရော ထင်မြင်ယူဆ သုံးသပ်လာ ရင် ဒီဟာတွေကို အဆင့်ဆင့် ကျနော်တို့၊ ကျမတို့တွေဟာ ဒီခုံကောင်စီဖွဲ့ရေးမှာ ဖြေရှင်းတာကို ကြည့်ရင်း ဒီလို အချက် တွေကြောင့် အားနည်းလာတယ် ဆိုရင် အလုပ်သမားထုတွေရဲ့ အကြံပြုချက်တွေကို သက်ဆိုင်ရာကို တင်ပြ ဆွေးနွေးပိုင် ခွင့် ရှိပြီးသားပါ။
အဲ့ဒီမှာ အားနည်းချက်၊ အားသာချက်တွေ ပြောနေရင်း ဖွဲ့စည်းပေးထားတဲ့ အဖွဲ့တွေ အပေါ်ကို ဘယ်လိုလူမျိုးတွေ ထပ်မံ ဖွဲ့စည်းသင့်တယ် ဆိုတာ သုံးသပ်လာနိုင်မှာပါ။ ဒီအပေါ်မှာ အားလုံး တင်ပြဆွေးနွေးချက်တွေ ရှိလာမှ ကျမတို့က ပြန်သုံး သပ်နိုင်မှာ ဖြစ်ပါတယ်။
မေး။ ။ အဲဒီလိုဖြစ်ပျက်နေတာက အလုပ်သမား ဥပဒေရဲ့ အားနည်ချက်ကြောင့် ပေါ်ပေါက်လာတယ်လို့ ဝန်ကြီး ယူဆ လား။
ဖြေ။ ။ ဥပဒေ ဆိုတာက ဘယ်ဟာမှ ပြည့်စုံတယ် ဆိုတာ မရှိပါဘူး။ ပြဋ္ဌာန်းပြီးရင် ကျမတို့က လေးစားလိုက်နာရမယ်။ အဲဒီဥပဒေကို ပြုမူဆောင်ရွက်နေရင်းမှ အားနည်းချက်၊ အားသာချက်ဆိုတာ ပေါ်လာတာပါ။ အဲဒီအားနည်ချက်တွေ၊ အားသာချက်တွေ အတိုင်း ဆက်ကျင့်သုံးနေတာ မဟုတ်ပါဘူး။ ဥပဒေ၊ နည်းဥပဒေ ဆိုတာ လေးစားလိုက်နာ အသုံးပြု နေရင်း ပြင်ဆင်ပြဋ္ဌာန်းနိုင်တယ်ဆိုတာ သိပြီးသားဖြစ်ပါတယ်။
အဲဒါကြောင့်လဲ အခုချိန်ဆို ဘယ်နှကြိမ်၊ ဘယ်အချက်တွေ ပြင်ဆင်ထားတယ် ဆိုတာ ပြထားပြီး ဖြစ်ပါတယ်။ အဲ့ဒီမှာ ဥပဒေ အားနည်းချက်လို့ချည်း အော်နေမလား၊ အားနည်းချက်၊ အားသာချက်တွေ အပေါ်မှာ သုံးသပ်ပြီး ပြည်ထောင်စု အစိုးရက တစိုက်မတ်မတ် ဆောင်ရွက်နေတာ သိပြီး ဖြစ်မှာပါ။ အဲဒါကြောင့် ဥပဒေရဲ့ အားနည်းချက် တခုတည်းလို့ ပြော လို့မရသလို ပြင်ဆင် ပြဋ္ဌာန်းနိုင်အောင် နိုင်ငံသား အားလုံးမှာ တာဝန်ရှိတယ်။ လက်ရှိ ဥပဒေကို လေးစားလိုက်နာရင်း ပြင်ဆင် ပြဋ္ဌာန်းနိုင်အောင် တင်ပြနိုင်တယ် လို့လည်း ကျမက ပြောချင်ပါတယ်။
မေး။ ။ အခုဆိုရင် လှိုင်သာယာမြို့နယ်၊ ဝါးတရာ စက်မှုဇုံက CJ Myanmar ကြက်အစာစက်ရုံက စပြီးအလုပ်သမား ခန့်ထားရေးမှာ ကန်ထရိုက်စနစ် ဆိုတာ စကြားလာရတယ်။ ၃ လ တဖြတ်နှုန်းနဲ့ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်ကို ဖြတ် တောက်ထားတယ်။ တကယ်ပဲ ဥပဒေအရ ခန့်အပ်ပိုင်ခွင့် ရှိလား။
ဖြေ။ ။ ကျမ သေချာ သုံးသပ်ထားတာ ရှိတယ်။ အလုပ်သမားဥပဒေမှာ ကန်ထရိုက်စနစ်နဲ့ တရားဝင် ခန့်ခွင့် ရှိတယ်၊ မရှိဘူး ဆိုတဲ့ ပြဋ္ဌာန်းချက် မပါဘူး။ အသုံးပြုလို့ရသလို အသုံးမပြုရဘူးလို့လဲ ပြောလို့မရဘူး။ အဲဒီလို ဥပဒေရဲ့ အား နည်းချက် အပေါ်မှာ အလုပ်ရှင်များက ကိုင်တွယ် အသုံးပြုတယ်လို့ ကျမ ယူဆတယ်။
ကန်ထရိုက်စနစ်နဲ့ လုပ်တဲ့ဟာမှာ အလုပ်ရှင်နဲ့ ကန်ထရိုက်က ပတ်သက်ရသလို၊ ကန်ထရိုက်နဲ့ အလုပ်သမားက ပတ်သက် ရတယ်။ အဲ့ဒီမှာ အဆင်ပြေနေတုန်းထက် အငြင်းပွားမှု တခုခု ပေါ်ပေါက်လာခဲ့ရင် အလုပ်သမားတွေက ကန်ထရိုက်မှာ တောင်းဆိုသလား၊ အလုပ်ရှင်မှာ တောင်းဆိုသလား။ ဒါကို အလုပ်ရှင်က သုံးသပ်ဖို့ လိုတယ်။ CJ Myanmar မှာ ဖြစ်လိုက် တဲ့ ကိစ္စဆိုရင် အလုပ်သမားတွေရဲ့ အငြင်းပွားမှုကို ဘယ်သူ့ဆီမှာ သွားတောင်းလဲဆိုတော့ အလုပ်ရှင်ဆီမှာပဲ တောင်း တာ။
အဲဒီတော့ ကန်ထရိုက်စနစ် သုံးတာကောင်းလား၊ အဆင်ပြေလားဆိုတာ အလုပ်ရှင်တွေ ပြန်လည် သုံးသပ်ပါ။ ကန်ထရိုက် စနစ်နဲ့ ခန့်ထားလို့ အလုပ်သမားတွေနဲ့ စကားပြောရတာ လျော့မယ်၊ ကန်ထရိုက်နဲ့ပဲ ထိတွေ့ရမယ်ဆိုတဲ့ ပေါ့ပေါ့လေး သဘောတော့ ထင်ကောင်းထင်မယ်။ တကယ်တော့ ကိုယ့်အပေါ်မှာသာ အများကြီး မူတည်ပါတယ်။ အဲဒီနေ့က ကျမပြော ခဲ့ပါတယ်။ ကန်ထရိုက်စနစ်နဲ့ ဆောင်ရွက်သော်လည်း တကယ်တမ်း အလုပ်သမားတွေ ထိခိုက်နစ်နာလာပြီ ဆိုရင် ဘယ်သူ့ အကျိုးစီးပွား ထိခိုက်သလဲဆိုတာပဲ။
ကန်ထရိုက်ရဲ့ အကျိုးစီးပွားကို ထိခိုက်အောင် အလုပ်သမား သွားတောင်းဆိုလား။ အလုပ်ရှင်ရဲ့ အကျိုးစီးပွား ထိခိုက် သလား။ ထိခိုက်တာတော့ အလုပ်သမားရော အလုပ်ရှင်ရောပဲ။ တကယ် ဖြေရှင်းရတော့ ကန်ထရိုက်က လာဖြေရှင်းလား၊ အလုပ်ရှင် ကိုယ်တိုင် လာဖြေရှင်းရလား။ ကိုယ်ကိုယ်တိုင်က အလုပ်သမားဥပဒေနဲ့ အညီ၊ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်နဲ့ အညီ စာချုပ်ချုပ် ခန့်ထားခြင်းက ပိုပြီး ကိုယ်တွယ်ဖြေရှင်းတဲ့ဆီမှာ အဆင်ပြေချောမွေ့မယ်ဆိုတာ တိုက်တွန်းခဲ့တယ်။ စာချုပ်နဲ့ အလုပ်သမား ခန့်ထားနိုင်ခြင်းတွေ အတွက်ကိုလည်း ကျမတို့ရှေ့ဆက်ပြီး အလုပ်ရှင်များကို ကျမတို့ တိုက်တွန်း ထိန်းကျောင်းသွားပါ့မယ်။
မေး။ ။ ရန်ကုန်တိုင်း တခုလုံးက စက်မှုဇုံတွေမှာ အဲဒီလို ကန်ထရိုက်စနစ်နဲ့ ခန့်ထားလုပ်ကိုင်နေတာ ဘယ်လောက်ရှိတယ် ဆိုတာ စစ်တမ်း ကောက်ထားတာ ရှိလား။ မရှိရင် ကောက်ဖို့ရော အစီအစဉ် ရှိလား။
ဖြေ။ ။ တကယ်တမ်း ပြောရရင် ကန်ထရိုက်စနစ်နဲ့ ဆောင်ရွက်နေခြင်းက စက်မှုဇုံတွေမှာ ရှားပါတယ်။ ဒါပေမယ့် တချို့ နေရာလေးမှာ သုံးနေတယ်။ CJ Myanmar မှာတော့ စပြီး ပြဿနာ တက်တယ်ပေါ့။ စစ်တမ်းမျိုးတော့ ကျမတို့ မကောက် ရသေးပါဘူး။ ကောက်ဖို့ အစီအစဉ် ရှိပါတယ်။ ရှေ့ဆက် ဆောင်ရွက်မယ့် လုပ်ငန်းစဉ်ထဲ ပါပါတယ်။
အလုပ်သမားများအတွက် ကန်ထရိုက်စနစ်က နစ်နာသလို အလုပ်ရှင်တွေ အတွက်လည်း နစ်နာတယ်။ အငြင်းပွားရင် ကန်ထရိုက်ဆီ တောင်းဆိုတာ မဟုတ်ဘူး။ အလုပ်သမားတွေ ဘက်ကလည်း ဥပဒေရဲ့ ပြဋ္ဌာန်းချက် မပါတဲ့အပေါ်မှာ အလုပ်ရှင်က ထုတ်ယူ သုံးစွဲရင်း အလုပ်သမားတွေမှာ ဥပဒေပါ အခွင့်အရေးတွေ မရဘဲ နစ်နာတယ်။
စက်မှုဇုံတွေမှာ အစမ်းခန့် ၃ လ၊ မပြည့်ခင်မှာ ကန်ထရိုက် တယောက်ပြောင်း၊ ဒီလို အခြေအနေ မဖြစ်ရလေအောင်တော့ စတင် ထိန်းကျောင်းနေပါပြီ။ ကျမတို့က ဥပဒေမှာ မပြဋ္ဌာန်းထားတဲ့အတွက် မလုပ်ပါနဲ့လို့ မပြောသော်လည်း အလုပ်သမား ဥပဒေအတိုင်း ခန့်ထားနိုင်ဖို့ အစဉ်တစိုက် ထိန်းကျောင်းမယ်။ အလုပ်သမား ဥပဒေ အတိုင်း မခန့်ဘဲ ကန်ထရိုက်စနစ်နဲ့ပဲ ဆက်သွားချင်တယ် ဆိုရင်တောင် အလုပ်သမား ပြဿနာ ဖြစ်လာပြီဆိုရင် အလုပ်သမား ဥပဒေအတိုင်း အလုပ်သမား တွေရဲ့ ရပိုင်ခွင့်တွေကို ကျမတို့ ဦးစီးဌာနတွေအနေနဲ့ ကန်ထရိုက်စနစ် အသုံးပြုသော်ငြားလည်း ဆက်လုပ်သွားမှာပဲ။
မေး။ ။ တချို့အလုပ်သမား ပြဿနာတွေမှာ ဝန်ကြီး ကိုယ်တိုင်လိုက်ဖြေရှင်းရသလို တချို့ဖြစ်ရပ်တွေမှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ကိုယ်တိုင် လိုက်ဖြေရှင်းနေရတယ်။ အဲဒီလိုဖြစ်နေတာက ဝန်ကြီးတို့လက်အောက်က ဌာနဆိုင်ရာ တာဝန်ရှိသူ တွေရဲ့ စွမ်းဆောင်မှု အားနည်းချက်ကြောင့်လို့ ယူဆလား။
ဖြေ။ ။ ကျမတို့ ဖွဲ့ပေးတဲ့ အဖွဲ့ပေါ် မူတည်တယ်။ အလုပ်သမားတွေရဲ့ စိတ်ခံစားချက်က တိုင်းအစိုးရရဲ့ အကြီးအကဲထံ တိုက်ရိုက် တင်ပြခြင်းသည် အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်ပေးနိုင်မယ် ဆိုပြီး လာကြတာ။ အဲဒီလိုလာတဲ့ အပေါ် ဝန်ကြီးချုပ် အပါအဝင် ကျမတို့ ခေါ်ယူတွေ့ဆုံတာ ဖြစ်စေ၊ ညှိနှိုင်းတာ ဖြစ်စေ သက်ဆိုင်ရာ မြို့နယ် ညှိနှိုင်းရေး အဖွဲ့တွေရဲ့ ညှိနှိုင်း ဆောင်ရွက်ထားတဲ့ အချက်တွေ အပေါ် မူတည်ပြီး ညှိနှိုင်းပေးတာပါ။ အဲဒီ ညှိနှိုင်းချက်တွေက ဥပဒေနဲ့ ညီနေပြီဆိုရင် ကျမ တို့က အဲဒီအချက်တွေအပေါ် ကျော်လွန်ပြီး မလုပ်ပါဘူး။
နောင်လည်း မလုပ်သလို အဆင့်ဆင့် ဖွဲ့စည်းပေးထားတဲ့ မြို့နယ် ညှိနှိုင်းရေး အဖွဲ့၊ ခုံအဖွ့၊ ခုံကောင်စီ စတဲ့အဖွဲ့တွေက ဥပဒေနဲ့ အညီ ဆောင်ရွက်ထားတဲ့ ရလဒ်ကောင်း ရအောင် လုပ်ဖို့လည်း ဝန်ကြီးချုပ် ညွှန်ကြားပြီး ဖြစ်ပါတယ်။ ကျမတို့ အစိုးရရုံးရှေ့လာပြီး ဝန်ကြီးချုပ်နဲ့တွေ့လိုက်တိုင်း အဆင်ပြေ နေရတယ်ဆိုတဲ့ ထင်မြင်နေတာတွေ ကျမတို့ မြင်တွေ့နေရ ပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ် ဖြေရှင်းခြင်းက အဆင့်ဆင့် ဖွဲ့စည်းပေးထားတဲ့ အဖွဲ့တွေရဲ့ ဥပဒေနဲ့အညီ လုပ်ပေးထားတာ အပေါ် ကျော်လွန် လုပ်တာ မရှိပါဘူး။
မေး။ ။ လက်ရှိ အလုပ်သမား ဥပဒေ ပြင်လိုက်တဲ့ဆီမှာ ထောင်ဒဏ်တွေ ပါလာတယ်။ အဲဒီအခါ အလုပ်ရှင်တချို့က အငြင်းပွားမှု ဖြစ်လာပြီဆိုရင် တရားဝင် ကိုယ်စားလှယ် လွှဲစာနဲ့ လူစားထိုး ဖြေရှင်းခိုင်တယ်။ တကယ်လို့ ဥပဒေအရ အလုပ်ရှင်ဘက်က မှားနေတာ ဆိုရင်တောင် ထောင်ကျမှာက အလုပ်ရှင် မဟုတ်ပဲ သူ့ကိုယ်စား ကိုယ်စားလှယ်ကပဲ ကျတော့မှာ။ ဒါဟာ အလုပ်ရှင်တွေဘက်က ဥပဒေကို လက်တလုံးကြား လုပ်လာတယ်လို့ရော ယူဆလား။
ဖြေ။ ။ အဲဒါကလည်း အလုပ်ရှင် ငှားလိုက်တဲ့သူကလည်း ကိုယ့်နိုင်ငံသားပဲ။ အဲ့ဒီမှာ ကျမတို့ နိုင်ငံသားတွေအနေနဲ့ ဒီလို လုပ်ကိုင်ဆောင်ရွက်တဲ့ အပေါ် အလုပ်သမား ဥပဒေနဲ့အညီ ဆောင်ရွက်တယ် မှန်သော်လည်း ဒီအားနည်းချက်တွေ အပေါ် တို့တွေက လိုက်ပါမလား။ ကယ် နစ်နာဆုံးရှုံးတာတွေ အားလုံးဟာ ကိုယ့်နိုင်ငံသားတွေပဲ။ အဲဒီအပေါ်မှာ အလုပ်သမား ဥပဒေရဲ့ အားနည်းချက်တွေအပေါ် လေ့လာသုံးသပ်ပြီး ပြည်ထောင်စု အစိုးရအပေါ် တင်ပြပြီးတော့ ဥပဒေကို လေ့လာ၊ လေးစား၊ လိုက်နာ၊ အသုံးပြုရင်းနဲ့ ပြင်ဆင် ပြဋ္ဌာန်းနိုင်ပါတယ်။ ရှေ့ဆက်ပြီးတော့ ဆောင်ရွက်သွားဖို့လည်း ရှိပါတယ်။
မေး။ ။ တခြား ပြောချင်တာလေးများ ရှိပါက ဖြည့်စွက် ပြောကြားပေးပါခင်ဗျ။
ဖြေ။ ။ ကျမတို့ နိုင်ငံရဲ့ အလုပ်ရှင်၊ အလုပ်သမားများ အားလုံးဟာ လုပ်ငန်းခွင်တခုတည်းမှာ အတူတူလုပ်ကိုင်နေကြတဲ့ စီးပွားဖက်တွေ ဖြစ်ပါတယ်။ ဒီအချက်ပေါ် မူတည်ပြီး ကျမတို့က အငြင်းပွားမှု ဖြစ်ပေါ်စေတာတွေကို အကျိုးစီးပွားဘက်လို့ မြင်လာတာနဲ့အမျှ၊ လက်ခံလာတာနဲ့ အမျှ တဖြည်းဖြည်း လျော့ပါးသွားမယ်လို့ ကျမမြင်တယ်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လာရောက် လုပ်ကိုင်ကြတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့လည်း မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေတွေ၊ နည်းဥပဒေတွေနဲ့ အညီ ကောင်းစွာ နားလည်၊ လေ့လာသုံးသပ်ပြီး လေးစားလိုက်နာ ဆောင်ရွက်ဖို့ကိုလည်း ကျမတို့က တိုက်တွန်းသွားပါ့မယ်။ ကျမတို့နိုင်ငံက အလုပ်သမားများအနေနဲ့ ကလည်း ကိုယ့်နိုင်ငံက ချမှတ်ထားတဲ့ ဥပဒေ တွေနဲ့ နည်းဥပဒေတွေကို လေးစားလိုက်နာဖို့ ကိုလည်း ကျမက ဒီနေရာကနေ တိုက်တွန်းချင်ပါတယ်။
ဘာလို့လဲဆိုတော့ ကျမတို့ တောင်းဆိုလိုက်တဲ့ တောင်းဆိုချက်တွေမှာ ဥပဒေဘောင်အတွင်းက တောင်းဆိုတာ တွေ့နေရ ပါတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်က ဥပဒေပြင်ပကို ရောက်နေတယ်ဆိုတဲ့ အချက်လေးတွေလည်း လေ့လာဖို့ လိုတယ်။ ဘာလဲဆိုတော့ စက်ရုံ၊ အလုပ်ရုံတွေ ပိတ်ဆို့ ဆန္ဒပြတဲ့ အချက်ကလေး အပေါ် ပြောချင်တယ်။ အဲဒီလိုပြောလို့ ဝန်ကြီးက အလုပ်ရှင်ဘက်ကလို့ ပြောရင် မှားပါလိမ့်မယ်။
ကျမအခုလိုပြောတာ ကျမတို့နိုင်ငံသား၊ နိုင်ငံသူတွေဖြစ်တဲ့ အလုပ်သမားတွေဘက်က ပြောခြင်း ဖြစ်ပါတယ်။ ဆန္ဒ ထုတ် ဖော်လို့ ရတယ်။ ဒါက ဒီမိုကရေစီရဲ့ ပြယုဂ်ပါ။ ဒါပေမယ့် ဆန္ဒထုတ်ဖော်တဲ့နေရာမှာ ကိုယ့်အကျိုးစီးပွား၊ သူတပါး အကျိုးစီးပွား၊ ပြီးရင် ကိုယ်နဲ့ အတူတူ တခြားသော အလုပ်သမားတွေရဲ့ အကျိုးစီးပွား ထိခိုက်စေတဲ့ ဆန္ဒပြမှုမျိုးကိုတော့ ရှောင်ပေး ဖို့ လိုပါတယ်။ ဥပဒေဘောင်အတွင်းက ဆန္ဒထုတ်ဖော်ပါ။
ကျမတို့ နိုင်ငံမှာ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုတွေ တိုင်းဟာ ပြဿနာတရပ်လို့ ကျမ မမြင်ပါဘူး။ အဲ့ဒီမှာ ထိခိုက် မှု နည်းပါးအောင် ပြဿနာတွေကို ဆောင်ရွက်ရာကနေ မရှိသလောက်၊ ပပျောက်လောက်အောင် ဆောင်ရွက်ရင်း ကျမတို့ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားထုကြီးကို အစိုးရအနေနဲ့ မြင်တွေ့သွား ချင်တာ ဖြစ်ပါတယ်။
You may also like these stories:
စက်ရုံတွေ ပိတ်သိမ်းမှု များလာနေ
နိုင်ငံတိုးတက်ချင်ရင် အလုပ်သမားတွေရဲ့ လုပ်ခလစာ တိုးမြှင့်ပေးဖို့ လိုတယ်
အလုပ်သမားများ အချိန်ပို ဆင်းခိုင်းခြင်း သတ်မှတ်ချက် နှင့် ညီရန် MIC အသိပေး
ကျောက်ဖြူ စီမံကိန်းကြီးတွေက အကျိုးကျေးဇူးဆိုတာ ဒေသခံတွေအတွက် ဘာမှ မရှိသေးဘူး