မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများ ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့် အခြားကမ္ဘာ့နိုင်ငံများသို့ သွား ရောက် လုပ်ကိုင် နေကြသည်မှာ ၁၉၆၂ ခုနှစ်၊ စစ်အာဏာရှင်အစိုးရလက်ထက်မှ စတင်လာခဲ့ပါသည်။ ရာစုနှစ် ဝက် ကျော်ခန့် က စတင်ပြီး ယနေ့တိုင် မိခင်နိုင်ငံတွင် စစ်အစိုးရများ၏ စီမံအုပ်ချုပ်ပုံ ညံ့ဖျင်းမှုကြောင့် အလုပ်အ ကိုင် ရှားပါးခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ မတရားမြေသိမ်းမှုကြောင့် လယ်ယာလုပ်ငန်းခွင်များ ပျက်ယွင်း သွား သဖြင့် မိခင် နိုင်ငံကို စွန့်ခွာ၍ နိုင်ငံရပ်ခြား တိုင်းတပါးသို့ ရွှေ့ပြောင်းလုပ်သားဘ၀ ခြေသလုံးအိမ်တိုင်ပမာ စွန့်စား သွား လာ နေခဲ့ရသည်။
မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများက နိုင်ငံရပ်ခြားတိုင်းတပါးသို့ အလုပ်ရှာထွက်နေစဉ် စစ်အစိုးရနှင့် ပတ် သက် ဆက်နွယ်သော နိုင်ငံခြားသားပိုင် စက်ရုံအလုပ်ရုံများက မြန်မာနိုင်ငံအတွင်း ထူးခြားသော အခွင့်ထူးခံ လုပ်ငန်း များအဖြစ် စတင်ပေါ်ပေါက်လာခဲ့ပါသည်။
စစ်အစိုးရကို နိုင်ငံတကာက ပိတ်ဆို့အရေးယူမှု ပြုလုပ်နေစဉ် စစ်အစိုးရသည် နိုင်ငံခြားသား အရင်းရှင်အချို့ကို လက်သိပ်ထိုး အခွင့်အရေးများစွာ ပေး၍ နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုပြုလာစေရန် မက်လုံးများစွာ ပေးခဲ့မှုများ ရှိခဲ့ပါသည်။ ထိုသို့ ဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် အတူ နိုင်ငံခြားသား အလုပ်သမားများ မြန်မာနိုင်ငံ အတွင်း ပုံစံမျိုးစုံဖြင့် ဝင် ရောက် ရွှေ့ပြောင်းလာပါတော့သည်။
စစ်ကိုင်းမြို့ Myanmar Veneor & Plywood Private Ltd (MVPPL) သစ်အချောထည် စက်ရုံတွင် အိန္ဒိယလူမျိုး နိုင်ငံခြားသားများ တိုက်ရိုက်အုပ်ချုပ်နေခြင်းကြောင့် စက်ရုံဝန်ထမ်း၊ မြန်မာအလုပ်သမားများနှင့် မကြာခဏ ပြဿနာ ပေါ်ပေါက်ရာမှ နေပြည်တော်အထိ အလုပ်သမားအခွင့်အရေး တင်ပြတောင်းဆိုရန် သပိတ်စစ် ကြောင်း ချီတက် ဆန္ဒပြမှု ဖြစ်ပွားခဲ့ခြင်းသည် မြန်မာနိုင်ငံအတွင်း ရောက်ရှိနေသည့် နိုင်ငံခြားသား ရွေ့ ပြောင်း လုပ်သား ပြဿနာ၏ တစိတ်တဒေသအဖြစ် အကျုံးဝင်ပတ်သက်မှုဟု ဆိုရပေမည်။
အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိပုဂ္ဂိုလ်များသည် စစ်ကိုင်းသစ်အချောထည်စက်ရုံပြဿနာကို မည်သို့ အဖြေရှာ ထုတ် ဖော်ရှင်းလင်းခဲ့သည်ကို ယနေ့တိုင် ဂဃနဏ အတွင်းကျကျမသိရှိသော်လည်း သပိတ် ခေါင်းဆောင် များကို နေပြည်တော်အဝင်တွင် ဖမ်းဆီးထိန်းသိမ်း၍ တရားစွဲဆိုလိုက်သည်။
စစ်ကိုင်းအလုပ်သမား သပိတ်စစ်ကြောင်းကို အစိုးရက ဖမ်းဆီးထိန်းသိမ်းမှုပြုလုပ်ခဲ့သည့် မေလ ၁၈ ရက်နေ့ နေ့လယ်၂ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် စာရေးသူနှင့် ခုံသမာဓိကောင်စီဝင် ၆ ဦး အပါအဝင် အလုပ်သမား ဆက်ဆံရေး ဦးစီးဌာနတာဝန်ရှိ ပုဂ္ဂိုလ် အချို့ကို နေပြည်တော်၊ အမျိုးသားလွှတ်တော် ပြည်တွင်း ပြည်ပ အလုပ် အကိုင်ဆိုင်ရာ ကော်မတီက ဖိတ်ခေါ်၍ မြန်မာနိုင် ငံသားအလုပ်သမားရေးရာ ကိစ္စရပ်များနှင့် ဥပဒေ ပြဿနာရပ် များကို ဆွေးနွေးဖြစ်ခဲ့ပါသည်။
စာရေးသူက အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု ဖြေရှင်းသည့် ခုံသမာဓိကောင်စီဆိုသည်မှာ အငြင်းပွားမှု ပေါ် ပေါက် ပြီးမှ အလုပ်သမားအခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် အလုပ်ရှင်နှင့် အလုပ်သမားကြား ဆက်ဆံ ရေး ကောင်းမွန်ပြီး လုပ်ငန်းခွင်အေးချမ်းသာယာစေရန် အငြင်းပွားမှုအား တရားမျှတစွာ ဖြေရှင်း ဆောင်ရွက် ပေးခြင်းဖြင့် ရပိုင်ခွင့်များကို မျှတ မှန်ကန်စွာနှင့်မြန်ဆန်စွာ ရရှိခံစားနိုင်စေရန် ဆောင်ရွက်ရသော အဖွဲ့ဖြစ် သည်။ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု မဖြစ်ပွားအောင် ကြိုတင်ကာကွယ်စောင့်ရှောက်သော အဖွဲ့ မဟုတ်ပေ။
အငြင်းပွားမှုများမဖြစ်ပွားအောင် ကြီးသည့်အမှုငယ်စေ၊ ငယ်သည့်အမှု ပပျောက်အောင် ကြိုတင်စုံစမ်းဖော်ထုတ် ဖြေရှင်း ပေးသော အဖွဲ့များမှာ အလုပ်သမားဝန်ကြီးဌာနတွင် “အလည”ဟုခေါ်တွင်သော အလုပ်သမား ညွှန် ကြား မှု ဦးစီးဌာနနှင့် “အလရ” ဟုခေါ်တွင်သော အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတို့ ပါရှိ သည်။
တည်ဆဲပြဋ္ဌာန်းပြီး အလုပ်သမားနှင့် အလုပ်ရုံဆိုင်ရာ ဥပဒေများ လုပ်ထုံးလုပ်နည်းများသည် ခေတ်စနစ်နှင့်အညီ ပြုပြင် ပြောင်းလွဲရေးဆွဲရန် အမှန်တကယ်လိုအပ်ပါကြောင်း၊ အလုပ်သမား ဝန်ကြီးဌာနတွင် အလုပ်နှင့် ဝန်ထမ်း ဦးရေ မမျှမတ ဖြစ်နေသည်မှာလည်း မှန်ကန်ပြီး တည်ဆဲအလုပ်ရုံနှင့် အလုပ်သမားဥပဒေများအတိုင်း သက်ဆိုင် ရာ ဝန်ထမ်းများက တိတိကျကျ အကောင်အထည်ဖော်ဆောင်ရွက်မည်ဆိုလျှင်ပင် ယနေ့ ပေါ်ပေါက် နေသော အလုပ်ရှင် အလုပ်သမား ပြဿနာများစွာသည် ချုပ်ငြိမ်းကွယ်ပျောက်သွားနိုင်ပါသည်။
ယခုမူ အလုပ်သမားဝန်ကြီးဌာနသည် ဥပဒေပြဋ္ဌာန်းပြီဖြစ်သော လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန် နှောင့်နှေး ပျက် ကွယ်နေသောကြောင့် ယနေ့မဖြစ်ပွားသင့်သော အလုပ်ရှင်၊ အလုပ်သမား ပြဿနာများ ပေါ်ပေါက်နေရသည်ဟု ယူဆ ကြောင်းလည်း အကြုံပြုခဲ့သည်။
အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဌာနသည် အလုပ်သမားဝန်ကြီးဌာန၏ ထောက်လှမ်းရေးဌာနအဖြစ် ပမာ ပြုတင်စားလို့ရနိုင်ပြီး ထောက်လှမ်းရေးဌာန အမှန်တကယ် အလုပ်လုပ်ခြင်းရှိမရှိ ပိုမိုကျွမ်းကျင်သော တန် ပြန် ထောက် လှမ်းရေး အဖွဲ့ဖြင့် ကြီးကြပ်ရသလို အလရ၊ အလညတို့ မိမိတို့ တာဝန်ကို မှန်မှန်ကန်ကန် ဆောင် ရွက် ခြင်း ရှိမရှိ၊ အလုပ် ရှင်၊ အလုပ်သမားတို့၏ သဘောသဘာဝနှင့် လုပ်ငန်းစဉ် အပါအဝင် အလုပ် သမား ဥပဒေ ကျွမ်းကျင်သော ပညာရှင်အဖွဲ့ အစည်းတရပ် ထူထောင်စောင့်ကြည့်စစ်ဆေးပေးမည်ဆိုလျှင် ခုံသမာဓိ ကောင်စီ သို့ အလုပ်သမားရေးရာ အငြင်းပွားမှုပြ ဿနာများ တက်ရောက်မလာတော့ဘဲ လျော့နည်း သွားနိုင် ကြောင်း စာရေးသူက အကြံပြုပေးခဲ့ပါသည်။
အထက်ပါ အမျိုးသားလွှတ်တော်၊ ပြည်တွင်းပြည်ပ အလုပ်အကိုင်ရေးရာ ကော်မတီနှင့် အလုပ်သမားဝန်ကြီးဌာန၊ အလုပ် သမားရေးရာ ဆက်ဆံရေးဦးစီးဌာန၊ ခုံသမာဓိကောင်စီဝင်များ ဆွေးနွေးပွဲတွင် ပြည်တွင်းပြည်ပ အလုပ် အကိုင်ဆိုင်ရာ ကော် မတီမှ မြန်မာနိုင်ငံက နိုင်ငံခြားသို့ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်သော မြန်မာနိုင်ငံသား အလုပ်သမားများသည် သက်ဆိုင်ရာ နိုင်ငံ၏ ပြည်ဝင်ဗီဇာနှင့် (Work Permit) သက်ဆိုင်ရာ အလုပ်လုပ်ခွင့်ပြုလက်မှတ်များ ရရှိမှသာ အလုပ် လုပ်ခွင့်ရှိနေသည်။
ယခုမြန်မာနိုင်ငံနယ်စပ်မြို့များနှင့် ရန်ကုန်၊ မန္တလေးလို မြို့ကြီးများတွင် စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းဌာန အသီးသီး၌ လာ ရောက်လုပ်ကိုင်နေသော နိုင်ငံခြားသား အလုပ်သမားများကို မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ မည်သို့စိစစ်၍ မည့် သည့်လုပ်ငန်းလုပ်ခွင့် လက်မှတ်များ ထုတ်ပေးနေပါသလဲ ဟူသော မေးခွန်းကို အလုပ်သမား ဝန်ကြီးဌာန တာဝန်ရှိပုဂ္ဂိုလ် များအား မေးမြန်းခဲ့ပါသည်။
အဆိုပါမေးခွန်းကို တာဝန်ရှိသူ တဦးက ပြန်လည်ဖြေကြားရာတွင် အလုပ်သမားဥပဒေနှင့် ဌာနလုပ်ထုံး လုပ်နည်းများ အားနည်းချက်ကြောင့် ယနေ့မြန်မာနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသား လုပ်သားများကို မြန်မာ နိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ သေချာစိစစ်၍ မည်သည့်လုပ်ငန်းကို အမှန်တကယ် ကျွမ်းကျင်၍ အလုပ်လုပ်ခွင့်ပြု ကြောင်း လက်မှတ်ထုတ်ပေးနိုင်ခြင်း မရှိသေးကြောင်း ဖြေကြားသွားသည်ကို အံ့သြဖွယ် ကြားသိခဲ့ရပါသည်။
မျက်မှောက်ကာလ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအား ဗီဇာနှင့် Work Permit ကို တပြိုင်နက် ထုတ်ပေးပါရန် မြန် မာအလုပ်သမားဝန်ကြီးက နေပြည်တော်တွင် ၂-၅-၂၀၁၆ နေ့က ကျင်းပသော မြန်မာ-ထိုင်းနှစ်နိုင်ငံ ရွှေ့ပြောင်း အလုပ် သမားရေးရာ ဝန်ကြီးအဆင့်အစည်းအဝေးတွင် ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးကို တောင်းဆိုနေစဉ် မေလ ၁၅ ရက်နေ့ နေပြည်တော်အမျိုးသား လွှတ်တော်၊ ပြည်တွင်းပြည်ပ အလုပ်အကိုင်ဆိုင်ရာ ကော်မတီရှေ့မှောက်၌ မြန်မာနိုင်ငံ အလုပ် သမားဝန်ကြီးဌာနသည် မိမိနိုင်ငံအတွင်း ဝင် ရောက် အလုပ်လုပ်နေသော နိုင်ငံခြားသားများအား Work Permit စိစစ် ထုတ်ပေးရန် အစီအစဉ်ပင် အသင့် မဖြစ်သေးကြောင်း ဝန်ကြီးဌာနတာဝန်ရှိသူ တဦး၏ပြောကြားချက်ကို ကြားရသောအခါ စာရေးသူအနေဖြင့် အလွန်ပင် အံ့သြမိပါသည်။
စာရေးသူသည် ခုံသမာဓိကောင်စီ ဒုတိယသက်တမ်း ၂ နှစ်တွင် အလုပ်သမားအဖွဲ့အစည်းအချို့က ဥပဒေ တတ်ကျွမ်းပြီး၊ ဘက်မလိုက်ဘဲ မျှတမှန်ကန်စွာ အဆုံးအဖြတ်ပေးရန်၊ အားနည်းနိမ့်ကျသော အလုပ်သမား များ ဘက်က တရားနည်းလမ်း တကျ ရပ်တည်လုပ်ဆောင်ပေးမည့် ပုဂ္ဂိုလ်လိုအပ်နေသဖြင့် စာရေးသူအား အဆိုပြု တောင်းဆိုခံရသဖြင့် ခုံသမာဓိ ကောင် စီတွင် အလုပ်သမားကိုယ်စားလှယ် ၅ ဦးတွင် ၁ ဦးအဖြစ် ပါဝင် ဆောင်ရွက် နေသူဖြစ်ပါသည်။
စာရေးသူအနေဖြင့် မြန်မာနိုင်ငံတွင် တရားဝင်လာရောက်အလုပ်လုပ်ကိုင်နေကြသော နိုင်ငံခြားသား လုပ်သား များ သည် ဥပဒေနှင့်အညီ မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ တရားဝင်စီစစ်ထုတ်ပေးရမည့် Work Permit ရရှိပြီးသူများဟုပင် ထင်မှတ်ခဲ့ပါသည်။
အလရ၊ အလည ဦးစီးဌာနဝန်ထမ်းများက စိစစ် လက်ခံသဖြင့် နိုင်ငံခြားသားများ မြန်မာနိုင်ငံအတွင်း လာရောက် အလုပ်လုပ်နေသည်ဟုပင် ယူဆခဲ့ပါသည်။ အမျိုးသားလွှတ်တော်၊ ပြည်တွင်းပြည်ပအလုပ်အကိုင်ဆိုင်ရာ ကော်မတီ ရှေ့မှောက်၌ မြန်မာနိုင်ငံတွင်း လာရောက် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများ အလုပ်အကိုင် Work Permit နှင့် ဗီဇာမှန် မရှိဘဲ အလုပ်လုပ်နေကြသည့် ကိစ္စအား အလရ၊ အလည ဦးစီးဌာန တာဝန်ရှိ သူများက တာဝန်မရှိသကဲ့သို့ ထိုင်ကြည့်နေမှုကို စာရေးသူအနေဖြင့် စဉ်းစားမရအောင် ဖြစ်ခဲ့ပါသည်။
ဆွေးနွေးပွဲအချိန်ကာလ ကန့်သတ်ချက်အရ ပြည့်စုံဆွေးနွေးခွင့်မရခဲ့သော်လည်း ပြည်တွင်းပြည်ပ အလုပ် အကိုင် ဆိုင်ရာ ကော်မတီဝင်တဦးအား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နည်းဥပဒေများအား အလုပ်သမား ဥပဒေများ နှင့် ယှဉ်တွဲဖတ်ရှု့ လေ့လာရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ ပုဒ်မ-၈၇၊၈၈ ကို ဖတ်ရှုပြီးလျှင် အလုပ် သမား ဝန်ကြီးဌာနနှင့် ဆက်စပ်သော ဝန်ကြီးဌာနများ ဥပဒေများနှင့်အညီ အလုပ်လုပ်/ မလုပ် သိနိုင်ပါ သည်ဟု စာရေးသူက အကြံပြုခဲ့ပါသည်။
ယနေ့ စနစ်ပြောင်း ခေတ်ပြောင်းချိန်တွင် ခေတ်ဟောင်းစနစ်ဟောင်းတွင် ကျင်လည်လုပ်ကိုင်အခွင့်ထူးခံသူ တချို့က မိမိ တို့ တာဝန်ရှိခဲ့မှုအား ခပ်လွယ်လွယ်ဖြင့် စကားတုံ့ပြန ်ငြင်းဆန်နိုင်ခြင်းမရှိဟု ထင်ရသော ဥပဒေ၊ လုပ်ထုံးလုပ်နည်းဟောင်း များကို အပြစ်ပုံချ ထုချေတတ်ကြပါသည်။
အမှန်တကယ်တော့ ဥပဒေများသည် အတိတ်၊ ပစ္စုပ္ပုန်၊ အနာဂတ်ကာလ သုံးပါးအတွက် သက်သေခံနိုင်သော ခိုင်မာသည့် သစ္စာစကားကို ထုတ်ဖော်နိုင်သော သက်သေဖြစ်သည်ကို ပညာမဲ့သူများအနေဖြင့် သိမည် မဟုတ်ပေ။
၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ ထုတ်ပြန်သော နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ၊ အခန်း (၁၃) အမှုထမ်းနှင့် အလုပ်သမားများ ခန့်ထားခြင်း၊ ခေါင်း စဉ်အောက်ရှိ ပြဋ္ဌာန်းချက်များတွင် မြန်မာနိုင်ငံအတွင်း လာရောက်လုပ်ကိုင်သော နိုင်ငံခြားသား လုပ်သားများနှင့် ပတ် သက်၍ တိကျသော လုပ်ငန်းစဉ်များ ချမှတ် ပြီးဖြစ်ပါသည်။
ယင်းနည်းဥပဒေပုဒ်မ ၈၇၊၈၈ တွင် နိုင်ငံခြားသား အလုပ်သမားများသည် ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ထောက်ခံ ချက် ဖြင့် အလုပ်သမားဝန်ကြီးဌာနတွင် အလုပ်လုပ်ကိုင်ခွင့်ပုံစံ၈ ဖြင့် လျှောက်ထားရမည်။ ပြည်တွင်းနေထိုင်ခွင့် လက်မှတ်ပုံစံ ၉ဖြင့် ကော်မရှင်ရုံးသို့ လျှောက်ရမည်။
ကော်မရှင်ရုံးတွင် ပူးတွဲဖွဲ့စည်းထားသည့် ဌာန ဆိုင်ရာ ပူးပေါင်းလုပ်ငန်းအဖွဲ့ (နည်းဥပ ဒေပုဒ်မ ၁၅၃) တွင် ပါဝင်သော မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ အကောက်အခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှု ဦး စီးဌာန၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန (အလည)၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ စက် မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနတို့ပါဝင်သော ၉ ဌာနပူးပေါင်းအဖွဲ့သည် နည်း ဥပ ဒေပုဒ်မ-၈၈ အရ နိုင်ငံခြားသားအလုပ်သမားအား စိစစ်၍ ခွင့်ပြုချက်ပေးရမည်ဟု ဥပဒေအတိအကျ ပြဌာန်းထားပြီး ဖြစ် ပါသည်။
ယခုအခါ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် မြန်မာနိုင်ငံအတွင်း ဝင်ရောက် အလုပ် လုပ်ကိုင်နေသည့် နိုင်ငံခြားသားများအား အလုပ်လုပ်ကိုင်ခွင့်လက်မှတ်နှင့် ပြည်တွင်း နေထိုင်ခွင့် လက်မှတ်များကို စိစစ် ထုတ်ပေးရန် တာဝန်ကို နိုင်ငံသားအလုပ်သမားများ၏ အခွင့်အရေး မဆုံးရှုံးရေး၊ အချုပ်အခြာအာဏာ မထိပါးရေး အတွက် ဝန်ကြီးဌာနများ၏ ရက် ၁၀၀ စီမံချက်အတွင်း မဖြစ်မနေ အဓိကလုပ်ဆောင်ရန် တာဝန်ရှိနေပါသည်။
ပြည်တွင်းရှိ နိုင်ငံသားအလုပ်သမားများက အလုပ်ရှားပါးသဖြင့် နိုင်ငံရပ်ခြားတိုင်းတပါးသို့ စွန့်စားသွား ရောက်ရှာဖွေနေ စဉ်တွင် နိုင်ငံခြားသား အလုပ်သမားများကို တည်ဆဲ ဥပဒေချိုးဖောက်၍ မြန်မာနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့် မပေး သင့်ပေ။
ရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၂၄ အရ ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းများအတွက်သာ နိုင်ငံခြားကျွမ်းကျင် လုပ်သားနှင့် အတတ် ပညာရှင်ကို မြန်မာနိုင်ငံ၌ ခန့်ထားလုပ်ကိုင်ခွင့်ရှိပါသည်။ ယင်းသို့ ခန့်ထားရာတွင်လည်း လုပ်ငန်း စတင် သည့် ပထမနှစ်တွင် မိမိနိုင်ငံသား ၂၅ ရာခိုင်နှုန်း အနည်းဆုံးရမည်။ ဒုတိယနှစ်တွင် ၅၀ ရာခိုင်နှုန်း၊ တတိယနှစ် တွင် ၇၅ ရာခိုင် နှုန်းခန့်ထားပြီး ဖြစ်ရမည်ဟု ပြဋ္ဌာန်းထားပါသည်။
မကျွမ်းကျင်သော မြန်မာနိုင်ငံသား အလုပ်သမားအား ကျွမ်းကျင်လုပ်သားဖြစ်ရန် နည်းဥပဒေ ပုဒ်မ- ၈၆ အရ ရင်းနှီးမြှုပ်နှံ သူတွင် နိုင်ငံသားဝန်ထမ်းအား လေ့ကျင့်သင်တန်းပေးရန် နှစ်အလိုက် အစီအစဉ်ချမှတ်မှုကို ကော်မရှင်သို့ နှစ်စဉ် ဇန်နဝါ ရီလ ၃၁ ရက် မတိုင်မီ၌ တင်ပြရန် တာဝန်သတ်မှတ်ထားရာ မြန်မာနိုင်ငံအတွင်း၌ ကျွမ်းကျင်ဝန်ထမ်းမရှိဟူသော အ ကြောင်းပြချက်ကို နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူအား ရင်းနှီးမြှုပ်နှံမှု သက်တမ်း ၁ နှစ်ထက်ပို၍ ခွင့်မပြုသင့်ပေ။
ယခုအခါ ကျွမ်းကျင်မှုမလိုသော အလုပ်ကြမ်းအလုပ်များကိုပင် ကျွမ်းကျင်လုပ်သားအမည်ခံ၍ မြန်မာနိုင်ငံအတွင်း နိုင်ငံ ခြားသား အလုပ်သမားများ ဝင်ရောက်လုပ်ကိုင်နေမှုများ ရှိနေပါသည်။ သက်ဆိုင်ရာ အလုပ်သမားဝန်ကြီး ဌာန အပါအဝင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်း အဖွဲ့ ၉ ဌာနက တာဝန်သိစိတ်၊ နိုင်ငံချစ် စိတ်အပြည့်ဖြင့် မိမိတို့ တာဝန်ကို ရက် ၁၀၀ အတွင်း ကျေပွန်အောင် ထမ်းဆောင်နိုင်ပါစေဟု ဆန္ဒပြု လိုက်ရပါသည်။
နေမင်း(သရက်)သည် ရှစ်လေးလုံး အရေးတော်ပုံ ကာလတွင် BBC နှင့် ဆက်သွယ်၍ သတင်းများကို ပေးပို့ခဲ့ သောကြောင့် စစ်အစိုးရက ထောင်ချခဲ့သည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာ လတွင် နောက်ဆုံး အကြိမ် ထောင်မှ ပြန်ထွက်လာသည်။ ယခုအခါ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိပြီး သမိုင်းဆိုင်ရာ သုတေသန ပြုစုချက်များ ရေးသားနေသည်။