အမျိုးသား ထောက်လှမ်းရေးအဖွဲ့ကို ပြန်ဖွဲ့သင့်သလား

ကိုဇန်
၂၀၁၃ အောက်တိုဘာ ရန်ကုန် ထရိတ်ဒါးဟိုတယ် (ယခု ရှန်ဂရီလာဟိုတယ်) ပေါက်ကွဲမှုအပါအဝင် ဆက်စပ်မှုများအကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြသထားသော သက်သေခံ လက်ပစ်ဗုံးတလုံး / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

အမျိုးသား ထောက်လှမ်းရေးအဖွဲ့ ပေါ်ပေါက်လာရခြင်းသည် ရှိနှင့်ပြီးသော ထောက်လှမ်းရေး အဖွဲ့အစည်းများ၏ လုပ်ငန်းများ အချင်းချင်းညှိနှိုင်းဆောင်ရွက်ရန် Coordination Needs ဟူသော အကြောင်းတရားကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်သည်။

အမျိုးသားထောက်လှမ်းရေးအဖွဲ့ အစသည် တော်လှန်ရေးကောင်စီ အစိုးရလက်ထက် ၁၉၆၄ ခုနှစ်တွင် ဖြစ်ပြီး ထိုစဉ်က အမျိုးသားထောက်လှမ်းရေး ဘုတ်အဖွဲ့ဟူ၍ ခေါ်ဝေါ်သည်။

တော်လှန်ရေးကောင်စီ အစိုးရ တက်လာသည့်နောက်ပိုင်းတွင် ဗဟိုလုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီ Central Security and Administrative Committee ကိုဖွဲ့စည်းပြီး ထိုဗဟိုကော်မတီ၏ အစိတ်အပိုင်းတခုအဖြစ် အမျိုးသားထောက်လှမ်းရေးဘုတ်အဖွဲ့ National Intelligence Board ကို ဖွဲ့စည်းခဲ့သည်။ ထိုထောက်လှမ်းရေးဘုတ်အဖွဲ့သည် မူဝါဒချမှတ်သည့် အဖွဲ့တခုအခြေအနေအထိ ဖြစ်ခဲ့သည်။

၁၉၇၄ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ ပေါ်ပေါက်လာသည့်အခါ ပြည်သူ့လွှတ်တော်က အမျိုးသားထောက်လှမ်းရေးအဖွဲ့ ဥပဒေတရပ်ကို ပြဋ္ဌာန်းလိုက်သဖြင့် အမျိုးသားထောက်လှမ်းရေး ဘုတ်အဖွဲ့ National Intelligence Board မှ အမျိုးသားထောက်လှမ်းရေးအဖွဲ့ National Intelligence Bureau ဟူ၍ ဖြစ်တည်လာသည်။

အမျိုးသားထောက်လှမ်းရေးအဖွဲ့သည် သီးသန့်ထောက်လှမ်းရေး အဖွဲ့အစည်းမဟုတ်ဘဲ ရှိပြီးသော ထောက်လှမ်းရေးအဖွဲ့အစည်းများ၏ ထောက်လှမ်းရေးလုပ်ငန်းစဉ်များကို ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်ပေးရသည့် ရုံးအဖွဲ့ဖြစ်ပါသည်။ အမျိုးသားထောက်လှမ်းရေးအဖွဲ့၏ ဥက္ကဋ္ဌသည် ဝန်ကြီးချုပ်ဖြစ်ပြီး အဖွဲ့တွင် ပါဝင်ပတ်သက်ရသည့် ဝန်ကြီးဌာနသည် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် သာသနာရေး၊ နိုင်ငံခြားရေး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့ ဖြစ်ကြသည်။

အမျိုးသားလုံခြုံရေးအတွက် ပင်မကျောရိုး ဝန်ကြီးဌာနလေးရပ်၏ လက်အောက်ခံရှိ ထောက်လှမ်းရေး အဖွဲ့အစည်းများ၏ လုပ်ငန်းစဉ် တာဝန်ရပ်များ၊ ထောက်လှမ်းရေး အစီရင်ခံစာများကို ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ရသည့် ရုံးအဖွဲ့ဖြစ်သည်။

အမျိုးသားထောက်လှမ်းရေးအဖွဲ့ ဥပဒေကို ၁၉၇၄ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၇ ဖြင့် ပြဋ္ဌာန်းသည်။ ယင်းဥပဒေတွင် အခန်း(၁) အမည်၊ အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်၊ အခန်း (၂) ဖွဲ့စည်းခြင်း၊ အခန်း (၃) ညှိနှိုင်းရေးအဖွဲ့၊ အခန်း (၄) ထောက်လှမ်းရေးမှူးချုပ်၊ အခန်း (၅) အစီရင်ခံခြင်း တို့ဖြစ်ပြီး၊ ပုဒ်မ ပေါင်း ၁၀ ခု ပါဝင်သည်။ ယင်းဥပဒေအရ ပေါ်ပေါက်လာသည့် အမျိုးသားထောက်လှမ်းရေးအဖွဲ့ကို ကြီးကြပ်ရေးအဖွဲ့၊ ညှိနှိုင်းရေးအဖွဲ့၊ ထောက်လှမ်းရေးမှူးချုပ် ဟူသည့် ရာထူးယန္တရားများ ပေါ်ပေါက်လာရသည်။

အမျိုးသား ထောက်လှမ်းရေး အဖွဲ့ကို ဝန်ကြီးချုပ်၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ထားရှိပြီး ကွပ်ကဲရာတွင် ဝန်ကြီးချုပ်က ဥက္ကဋ္ဌဖြင့် ဦးဆောင်သည့် ကြီးကြပ်ရေးအဖွဲ့က လမ်းညွန်ဦးဆောင်မှုပြုရသည်။ ကြီးကြပ်ရေးအဖွဲ့တွင် ဝန်ကြီးချုပ်သည် ဥက္ကဋ္ဌ၊ ကာကွယ်ရေး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး၊ ပြည်ထဲရေးနှင့် သာသနာရေး၊ နိုင်ငံရေးဌာနဝန်ကြီးတို့သည် ကြီးကြပ်ရေးအဖွဲ့၏ အဖွဲ့ဝင်များဖြစ်သည်။ ထိုဝန်ကြီးဌာန လေးခု၏ လက်အောက်ရှိ ထောက်လှမ်းရေးအဖွဲ့အစည်းများသည် အမျိုးသားထောက်လှမ်းရေးအဖွဲ့၏ ကြီးကြပ်မှုနှင့် လမ်းညွန်မှုကို ခံယူရန် တာဝန်ရှိသည်။

ဝန်ကြီးချုပ်နှင့် ဝန်ကြီးလေးဦး ပါဝင်ဖွဲ့စည်းထားသည့် ကြီးကြပ်ရေးအဖွဲ့သည် ၁၉၇၄ ခုနှစ် အမျိုးသား ထောက်လှမ်းရေး အဖွဲ့ ဥပဒေအရ အရေးကြီးသော ကိစ္စရပ်များကို နိုင်ငံတော်ကောင်စီအတွင်းရေးမှူးထံ တင်ပြရန်၊ ထောက်လှမ်းရေး လုပ်ငန်းဆောင်တာများကို ဆောင်ရွက်စေနိုင်ရန် လိုအပ်သော အမိန့်များ၊ ညွန်ကြားချက်များ ထုတ်ပြန်ရန်၊ အမျိုးသားထောက်လှမ်းရေး လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်းသည့် နည်းဥပဒေကြမ်းကို ရေးဆွဲပြီး ဝန်ကြီးအဖွဲ့တင်ပြပြီး စိစစ်မှုကို ခံယူကာ နိုင်ငံတော်ကောင်စီမှတဆင့် ပြည်သူ့လွှတ်တော်သို့ တင်သွင်းရန်၊ ထောက်လှမ်းရေးမှူးချုပ်တဦးကို ခန့်အပ်ပြီး ဝန်ကြီးအဖွဲ့မှတဆင့် နိုင်ငံတော်ကောင်စီသို့ တင်သွင်းရန်၊ ထောက်လှမ်းရေးမှူးချုပ်၏ ရုံးအဖွဲ့ကို ဖွဲ့စည်းပေးရန် တို့ဖြစ်သည်။

ယင်းဥပဒေ၏ ပုဒ်မ ၈ အရ ထောက်လှမ်းရေးအဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်ရန် ညှိနှိုင်းရေး အဖွဲ့သည် တည်ရှိလာသည်။ ယင်းညှိနှိုင်းရေးအဖွဲ့သည် ထောက်လှမ်းရေးမှူးချုပ်၏ ညွန်ကြားချက်ကို လိုက်နာ ဆောင်ရွက်ပြီး၊ သက်ဆိုင်ရာထောက်လှမ်းရေးအဖွဲ့အစည်းနှင့် ဝန်ကြီးဌာနများအကြား ဆက်သွယ် ဆောင်ရွက်ရန် တာဝန်ကို ထမ်းဆောင်ရသည်။

၁၉၇၄ ခုနှစ် အမျိုးသားထောက်လှမ်းရေးအဖွဲ့ ဥပဒေ ပုဒ်မ ၉ သည် နိုင်ငံတော်၏ ထောက်လှမ်းရေး ကိစ္စရပ်များကို ကြီးကြပ်ရေးအဖွဲ့၏ လမ်းညွန်ချက်နှင့် တာဝန်ယူဆောင်ရွက်ရန်၊ ထောက်လှမ်းရေး အဖွဲ့အစည်းများကို လိုအပ်ချက်ပေါ်မူတည်၍ ညွန်ကြားရန်၊ ထောက်လှမ်းရေးလုပ်ငန်းစဉ်အတွက် ဆိုင်ရာဌာနများကို ညှိနှိုင်းဆောင်ရွက်ပေးရန် ဟူသော ထောက်လှမ်းရေးမှူးချုပ်၏ တာဝန် သုံးရပ်ကို ဖော်ပြထားခြင်းဖြစ်သည်။

ထောက်လှမ်းရေးအစီရင်ခံရာတွင် ယင်းဥပဒေအရ ထောက်လှမ်းရေးအဖွဲ့အစည်းများသည် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ထောက်လှမ်းရေးမှူးချုပ်ကို အစီရင်ခံရပြီး၊ ထောက်လှမ်းရေးမှူးချုပ်သည် ကြီးကြပ်ရေးအဖွဲ့ထံ အစီရင်ခံသည်။ ကြီးကြပ်ရေးအဖွဲ့ကလည်း တင်ပြသည့်ထောက်လှမ်းရေး အစီရင်ခံစာမျာကို အကျဉ်းချုပ်ပြီး နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးထံ တင်ပြရသည်။

၁၉၇၇ ခုနှစ်တွင် ၁၉၇၄ ခုနှစ် အမျိုးသားထောက်လှမ်းရေးအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ပြဋ္ဌာန်းသည်။ ပြင်ဆင်သည့်အချက်မှာ ကြီးကြပ်ရေးအဖွဲ့တွင် ဝန်ကြီးချုပ်နှင့် ဝန်ကြီး လေးဦးအပြင် နိုင်ငံတော်ကောင်စီက ရွေးချယ်ပေးသူ ပုဂ္ဂိုလ်တဦးကို တိုးချဲ့လိုက်ခြင်းသာ ဖြစ်သည်။

၁၉၈၃ခုနှစ် အောက်တိုဘာလတွင် ၁၉၈၃ ခုနှစ် အမျိုးသားထောက်လှမ်းရေးအဖွဲ့ ဥပဒေကို ပြည်သူ့လွှတ်တော် တွင် ဥပဒေ အမှတ် ၁၀ ဖြင့် ပြဋ္ဌာန်းသည်။ ၁၉၇၄ တွင် ပြဋ္ဌာန်းသည့် ဥပဒေကဲ့သို့ ကြီးကြပ်ရေးအဖွဲ့၊ ညှိနှိုင်းရေး အဖွဲ့၊ ထောက်လှမ်းရေးမှူးချုပ် ဟူသည် ပြဋ္ဌာန်းချက်များ မပါဝင်တော့ဘဲ ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ် ဆက်လက် ဦးဆောင်ပြီး ကာကွယ်ရေး၊ စီမံကိန်းနှင့်ဘဏ္ဍာရေး၊ ပြည်ထဲရေးနှင့် သာသနာရေး၊ နိုင်ငံခြားရေး ဝန်ကြီးလေးဦးတို့ အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး၊ အဖွဲ့၏ အတွင်းရေးမှူးအဖြစ် အဖွဲ့ဝင်ဝန်ကြီးများက အလှည့်ကျ ဆောင်ရွက်ရသည်။

အမျိုးသားထောက်လှမ်းရေးအဖွဲ့တွင် အရေးကြီးသောကိစ္စရပ်များကို နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးထံ တင်ပြ အဆုံးအဖြတ်ခံယူရန်၊ သာမန်ကိစ္စရပ်များကို အဆုံးအဖြတ်ပေးရန်၊ ထောက်လှမ်းရေးလုပ်ငန်းဆောင်တာများအတွက် အမိန့်များ၊ ညွန်ကြားချက်များကို ထုတ်ပြန်ရန် ဟူသော ပင်မတာဝန်သုံးရပ်ရှိပြီး၊ ထောက်လှမ်းရေးအစီရင်ခံသည့်အပိုင်းတွင် ထောက်လှမ်းရေးအဖွဲ့အစည်းများသည် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အမျိုးသားထောက်လှမ်းရေးအဖွဲ့ကို အစီရင်ခံရသည်။ ထိုမှတဆင့် အမျိုးသားထောက်လှမ်းရေးအဖွဲ့သည် အစီရင်ခံစာများကို အကျဉ်းချုပ်ပြီး သုံးသပ်ချက်နှင့်အတူ နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးထံ တင်ပြရသည်။

၁၉၈၅ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၉ ဖြင့် အမျိုးသားထောက်လှမ်းရေးအဖွဲ့ကို ပြင်ဆင်သည့် ဥပဒေကို ပြဋ္ဌာန်းသည်။ ၁၉၈၅ ခုနှစ်တွင် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုက်သည့် အတွက် နိုင်ငံတော် ဒုတိယသမ္မတဟူသော ရာထူးပေါ်ပေါက်လာ၍ ၁၉၈၃ ခုနှစ် အမျိုးသားထောက်လှမ်းရေးအဖွဲ့ ဥပဒေ ပုဒ်မ ၇ ပုဒ်မခွဲ (က) နှင့် ပုဒ်မ ၈ (ခ) တို့တွင် နိုင်ငံတော်ဒုတိယသမ္မတ ဟူသော စကားရပ်ကို ထည့်သွင်းဖြည့်စွက်ခြင်းသာဖြစ်သည်။

၂၀၀၄ မှာ ရုပ်သိမ်း

၂၀၀၄ ခုနှစ် အောက်တိုဘာလ ၂၂ ရက်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေ အမှတ် ၇ / ၂၀၀၄ ဖြင့် အမျိုးသားထောက်လှမ်းရေးအဖွဲ့ ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကို ပြဋ္ဌာန်းသည်။

၁၉၆၄ခုနှစ်တွင် အမျိုးသားထောက်လှမ်းရေးဘုတ်အဖွဲ့ ပေါ်ပေါက်လာရခြင်းသည် ပေါ်ပေါက်လာသည့် အစိုးရသစ်၏ လုံခြုံရေးဆိုင်ရာ အခင်းအကျင်းသစ်ကြောင့် ဖြစ်ပါသည်။ ၁၉၈၃ ခုနှစ်တွင် ၁၉၇၄ ခုနှစ် အမျိုးသားထောက်လှမ်းရေးအဖွဲ့ဥပဒေကို ဖျက်သိမ်းခဲ့သည်။ ဖျက်သိမ်းရသည့်အကြောင်းရင်းက ထိုစဉ်က တပ်မတော်ထောက်လှမ်းရေးအရာရှိဟောင်းတို့၏ အကျင့်ပျက်ခြစားမှုနှင့် ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်းနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တင်ဦးတို့အကြား ယုံကြည်မှုပျက်ပြားခြင်းတု့ိကြောင့် ဖြစ်နိုင်ပါသည်။

၂၀၀၄ ခုနှစ်တွင်လည်း ၁၉၈၃ ခုနှစ် အမျိုးသားထောက်လှမ်းရေးအဖွဲ့ဥပဒေကို ထပ်မံဖျက်သိမ်းခဲ့ပြန်သည်။ ခေတ်ကာလအခြေအနေနှင့် ဒီမိုကရေစီကို ချီတက်လှမ်းနေသည့်အတွက်ကြောင့် ထိုထောက်လှမ်းရေးအဖွဲ့ ဥပဒေ မလိုအပ်တော့ဟု ယင်း ဥပဒေကို ရုပ်သိမ်းရခြင်းဖြစ်ကြောင်း ထိုစဉ်က နိုင်ငံပိုင်သတင်းစာများ ရေးသားဖော်ပြခဲ့သော်လည်း တပ်မတော် ထောက်လှမ်းရေးအရာရှိများ၏ အကျင့်ပျက်ခြစားမှုနှင့် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တပ်မတော် ထောက်လှမ်းရေး ညွန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့် တို့အကြား ဆက်ဆံရေးပျက်ပြားခဲ့သောကြောင့်ဟု ယူဆသော် ရမည်။

တပါတီ အာဏာရှင်စနစ်လက်ထက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက်တွင် ပြည်သူ့လွှတ်တော်က အတည်ပြုပြဋ္ဌာန်းပေးလိုက်သည့် ၁၉၇၄ ခုနှစ် အမျိုးသားထောက်လှမ်းရေးအဖွဲ့ဥပဒေ၊ ၁၉၈၃ ခုနှစ် အမျိုးသားထောက်လှမ်းရေး ဥပဒေတို့သည် နိုင်ငံတော်အကြီးအကဲနှင့် ထောက်လှမ်းရေးခေါင်းဆောင်တို့အကြား ပဋိပက္ခပေါ် မူတည်ပြီး ရုပ်သိမ်းခံရသည်ကို တွေ့နိုင်ပါသည်။ ရလဒ်အနေဖြင့် ထောက်လှမ်းရေးယန္တရား အားကောင်းရန် အချိန်၊ လူ၊ အရင်းအမြစ်များစွာဖြင့် ပြန်လည် တည်ဆောက်ရခြင်း ဖြစ်ပါသည်။ ဤသည်မှာ သမိုင်းသင်ခန်းစာ တရပ်ပင်။

သမ္မတဦးသိန်းစိန်အစိုးရသစ်လက်ထက် ၂၀၁၁ ခုနှစ် မေလဆန်းတွင် အမျိုးသားထောက်လှမ်းရေး အဖွဲ့ကို ပြန်လည်ဖွဲ့စည်းမည်ဟူသော သတင်းတရပ် ပေါ်ပေါက်ခဲ့သည်။ တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ ဗိုလ်ကြီးအဆင့်မှသည် ဗိုလ်မှူးကြီးအဆင့်အထိ ပါဝင်သည့် အရာရှိပေါင်း ၂၀၀ ကျော်ဖြင့် ပြန်လည်ဖွဲ့စည်းမည် ဖြစ်ပြီး ပြည်တွင်းနိုင်ငံရေးနှင့် လုံခြုံရေးကိစ္စရပ်များကို စုံစမ်းထောက်လှမ်းရန်ဖြစ်သည်။ ထိုအဖွဲ့သစ်တွင် တပ်မတော်အရာရှိများအပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရာရှိများ၊ အထူးစုံစမ်းစစ်ဆေးရေးဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများမှ အရာရှိများလည်း ပါဝင်မည်ဖြစ်ပြီး ထိုအဖွဲ့သစ်သည် ဌာနချုပ်အပြင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရကိုလည်း ထောက်လှမ်းရေး အစီရင်ခံတင်ပြမည်ဟု ဆိုထားသည်။ ထိုအဖွဲ့သစ်ကို ဖွဲ့စည်းရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရာထူးတာဝန် မလွှဲပြောင်းမီကပင် ညွန်ကြားခဲ့ကြောင်း ယင်းသတင်းက ဖော်ပြခဲ့သည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အမျိုးသား ထောက်လှမ်းရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းရန် တိုက်တွန်းကြောင်း အဆိုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က တင်သွင်းခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများ၊ ၂၀၁၄ ခုနှစ်တွင် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပွဲတော်၏ လုံခြုံရေးအတွက် ရည်မှန်းပြီး တိုက်တွန်းခြင်း ဖြစ်သည်။

၂၀၁၅ခုနှစ် ဇွန်လပိုင်းတွင်လည်း စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၊ အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတို့မှ အရာရှိများဖြင့် ပြန်လည်ဖွဲ့စည်းမည် ဟူသော သတင်းတစ်ရပ် ထွက်ပေါ်ခဲ့သေးသည်။ ထိုစဉ်က ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ထိုသို့ စီစဉ်ဆောင်ရွက်ရန် အစီအစဉ် မရှိကြောင်း ငြင်းဆိုခဲ့သည်။

ထိုသို့ အမျိုးသားထောက်လှမ်းရေးအဖွဲ့ ဖွဲ့စည်းမည်၊ ဖွဲ့စည်းသင့်ကြောင်း အဆိုတိုက်တွန်းမှုများ ရှိခဲ့သော်လည်း ယခုထိ ထောက်လှမ်းရေးအေဂျင်စီ အချင်းချင်းကြား ပူးပေါင်းဆောင်ရွက်သည့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့သည် ပေါ်ပေါ်ထင်ထင် မပေါ်ပေါက်လာသေးပေ။

သက်ဆိုင်ရာ ဝန်ကြီးဌာနလက်အောက်ရှိ ထောက်လှမ်းရေးဌာန အသီးသီး၏ အဖွဲ့အစည်းလိုက် အားကောင်းမောင်းသန် ဖြစ်၊ မဖြစ် ဟူသည် စိန်ခေါ်မှုရှိနေသကဲ့သို့ ထောက်လှမ်းရေးဌာန အချင်းချင်းကြား ပူးပေါင်းဆောင်ရွက်သည့် ယန္တရား၊ ရုံးအဖွဲ့ ရှိ၊ မရှိ၊ ရှိလျှင်လည်း မည်မျှအထိ လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားသနည်းဟူသော စိန်ခေါ်မှု၊ ထို့အပြင် နို်င်ငံတကာ အခြေအနေများနှင့် ပြောင်းလဲလာသော ကမ္ဘာ့အခြေအနေများကြောင့် အသစ်ထပ်မံဖွဲ့စည်းရမည့် အဖွဲ့အစည်း သီးသန့်လည်း လိုအပ်လာနိုင်ပါသည်။

၂၀၀၈ အခြေခံဥပဒေနှင့် ညီ မညီ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၂ နိုင်ငံတော်သမ္မတ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်အရ ပြည်ထောင်စု ဝန်ကြီးများကို လိုအပ်သလို ပြင်ဆင်သတ်မှတ်နိုင်သည်၊ ဖြည့်စွက်ခြင်း ပြုနိုင်သည်ဟု ပါရှိသည်။ ပြည်ထောင်စုဝန်ကြီးအဆင့်ရှိ အမျိုးသားထောက်လှမ်းရေးအဖွဲ့ ဥက္ကဋ္ဌ သို့မဟုတ် ခေါင်းဆောင်ကို ခန့်အပ်နိုင်သည့် အခြေအနေ ရှိပါသည်။

ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၂၇ အရ ပြည်ထောင်စုအစိုးရသည် ဥပဒေနှင့်အညီ ပြည်ထောင်စုဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။ ယင်းသို့ ဖွဲ့စည်းရာတွင် လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးရမည်။ လိုအပ်သော ဝန်ထမ်းများကို ခန့်အပ်နိုင်သည် ဟု ပြဋ္ဌာန်းထားချက်အရ လက်ရှိအစိုးရအနေဖြင့် ပြည်ထောင်စုဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့ကို ဖွဲ့စည်းရန် အခွင့်အလမ်းသည် အခြေခံဥပဒေနှင့် အညီဖြစ်ပါသည်။

တဖန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၂၁၉ အရ ပြည်ထောင်စုအစိုးရသည် နိုင်ငံတော် တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းစောင့်ရှောက်သည် ဟူ၍ ပြဋ္ဌာန်းထားသဖြင့် တည်ငြိမ်ရေး၊ အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ရှိသည့် ထောက်လှမ်းရေးအဖွဲ့အစည်း သစ်များ ဖွဲ့စည်းတည်ထောင်ခြင်း၊ ရှိနှင့်ပြီးသော ထောက်လှမ်းရေးအဖွဲ့အစည်းများကို ညှိနှိုင်း ကွပ်ကဲ ပေါင်းစပ် ဆောင်ရွက်ရမည့် ပြည်ထောင်စုဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့ကို တည်ထောင်ခြင်းကိုလည်း လက်ရှိ ပေးထားချက်အရ မူဝါဒများ ခင်းကျင်း ဆောင်ရွက်နိုင်ပါသည်။

အစိုးရအဖွဲ့မှ ထောက်လှမ်းရေးဆိုင်ရာအဖွဲ့အစည်းကို တည်ထောင်ခြင်း ဆောင်ရွက်နိုင်သည့်နည်းတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား (၁) နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍ (က)မှ (ဆ) အထိ ပြည်ထောင်စုလွှတ်တော်က ဥပဒေပြုနိုင်သောစာရင်းဖြစ်ရာ၊ ထောက်လှမ်းရေးဆိုင်ရာ ဥပဒေကောင်းတရပ်ကို ပြည်ထောင်စုလွှတ်တော်က တင်သွင်း ဆွေးနွေး ဆုံးဖြတ် အတည်ပြုပေးနိုင်သည့် အခွင့်အာဏာရှိနေပါသည်။

လွှတ်တော်အဖွဲ့အစည်းမှလည်း ထောက်လှမ်းရေးဆိုင်ရာ မူဝါဒများ၊ ဥပဒေများ၊ မဟာဗျူဟာ ကိစ္စရပ်များအတွက် ၂၀၀၈ အခြေခံဥပဒေ ၁၁၅ (ခ) အရ ကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီကို အချိန်ကာလတခုဖြင့် သတ်မှတ်ပေးကာ လေ့လာစုံစမ်းနိုင်ခွင့်ရှိသည်။ ထို့ပြင် ပုဒ်မ ၁၁၈ (က) ၊ (ခ) အရ ကော်မရှင်နှင့် အဖွဲ့များ ဖွဲ့စည်းကာ လေ့လာစုံစမ်းနိုင်သည်။

ထောက်လှမ်းရေးအဖွဲ့အစည်းများ၏ အခွင့်အာဏာအလွဲသုံးစားလုပ်မှုကြောင့် နိုင်ငံသားများ၏ အခွင့်အရေးကို ထိပါး၊ ထိခိုက်မည်ကို စိုးရိမ်ချက်လည်း ရှိနိုင်ပါသည်။ မည်သို့ပင်ဆိုစေ၊ ၂၀၁၇ခုနှစ် ပြည်ထောင်စု လွှတ်တော်ဥပဒေ အမှတ် ၅၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီဖြစ်သည်။

အမျိုးသားထောက်လှမ်းရေးအဖွဲ့တည်းဟူသော ထောက်လှမ်းရေးအဖွဲ့အစည်းများ၏ ပူးပေါင်းညှိနှိုင်းရေး အဖွဲ့သည် ၂၀၀၈ အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတ၏ အမိန့်တရပ်ဖြင့် ဖွဲ့စည်းနိုင်ပါသည်။

အရပ်သားအစိုးရသစ်တက်လာပြီးနောက်ပိုင်း လုံခြုံရေးအကျပ်အတည်းများဖြင့် ရင်ဆိုင်ရနေစဉ် ထောက်လှမ်းရေးအေဂျင်စီ အချင်းချင်းကြား ညှိနှိုင်းဆောင်ရွက်သည့် ယန္တရားကို ဖွဲ့စည်းရန် အခွင့်အလမ်းသည် ယခုထိတိုင် မပေါ်ပေါက်ရခြင်းက စဉ်းစားရ ကျပ်စေပါသည်။

နိုင်ငံရေးစိတ်ဆန္ဒ မရှိခြင်းလော၊ နိုင်ငံရေးခြေခင်းလက်ခင်း မသာ၍လော၊ ထောက်လှမ်းရေးဆိုင်ရာ အရင်းအမြစ် ချို့တဲ့နေ၍လော မေးစရာရှိနိုင်ပါသည်။

မည်သို့ပင်ဆိုစေ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ဒီမိုကရက်တစ်နည်းကျ ရွေးကောက်တင်မြှောက်ခံထားရသည့် အစိုးရသစ်လက်ထက်တွင် ခိုင်မာအားကောင်းသော ထောက်လှမ်းရေးဆိုင်ရာ ဥပဒေ၊ မူဝါဒ၊ မဟာဗျူဟာရပ်များ ဖော်ထုတ်ရန် အချိန်တန်ပြီ ဖြစ်သည်။

(ကိုဇန်သည် ပြည်ထောင်စုအင်စတီကျူတွင် တာဝန်ထမ်းဆောင်နေသည့် သုတေသီတဦးဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading