စီးပွားရေးက ကမ်းမမြင် လမ်းမမြင် အခြေအနေလား
နေပြည်တော်မှာ တကယ်တော့ လူစုံတွေ့ရသည်။ မင်းနေပြည်တော်ဆိုတော့ အစိုးရမင်း၊ ဗျူရိုကရက်၊ လူကုံတန် စီးပွားရေး သမား၊ သံတမန်၊ နိုင်ငံရေးသမား၊ အရပ်ဖက် လူမှုအဖွဲ့အစည်း လှုပ်ရှားသူတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဒါအပြင် လွှတ်တော်ကိုယ်စားလှယ်တွေ၊ တပ်မတော်သားတွေ၊ ပြီးတော့ မြန်မာ့အရေးကို လေ့လာတဲ့ နိုင်ငံခြားသားတွေ။
ဟိုတယ်တွေ ဘားတွေမှာ ဆုံတတ်ကြသည်။ ကြိတ်ဝိုင်းတွေမှာ တွေ့ရသည်။ ဒါပေမယ့် ပျော်နေတဲ့ သူတွေ၊ စိတ်လှုပ်ရှား နေသူတွေ၊ မျှော်လင့်ချက်နဲ့ လှုပ်ရှားနေသူတွေ နည်းသွားတာကိုတော့ သတိထား မိသည်။
တိုင်းပြည်တပြည်မှာ မျှော်လင့်ချက်နှင့် လှုပ်ရှား အသက်ရှင်နေဖို့ လိုသလို စိတ်လှုပ်ရှားမှုလေးတွေ လည်း လိုပါသည်။
တွေ့ကြပြီဆိုရင် ပြောစရာစကားက ခပ်ရှားရှား။ “တို့ဘယ်ရောက်နေတာလဲ” “ဘာထူးလဲ” “လမ်းတော့ ပျောက်နေပြီထင်တယ်” ဒီလိုပဲ စကားစကြသည်။ မျက်လုံးတွေထဲမှာ စကားလုံးတွေပါသည်။
“ကျနော်တို့က ရေနစ်နေရာကနေ အပေါ်ကို ပြန်တက်လာနေတုန်းရှိသေးတာ”လူကြီးတယောက်က ကျနော့်ကို လက်ဖက်ရည်ဆိုင်ဝိုင်းမှာ ပြောသည်။
“ကမ်းကို ကူးဖို့ဆိုတာတော့ အဝေးကြီးကျန်သေးတယ်” သူပြောတာက ကမ်းကိုမမြင်သေးဘူးလို့ ဆိုလိုသည့် သဘော။
မြန်မာပြည်၏ စီးပွားရေးကို ထိုလူကြီးက သရုပ်ခွဲရှင်းပြခြင်း ဖြစ်သည်။ ရေပေါ် ပေါ်နေပြီဆိုရင်တော့ နောက်ဆုံး အသက် ကယ်လှေနဲ့ပဲဖြစ်ဖြစ်၊ ကယ်ဆယ်ရေး ရဟတ်ယာဉ်နဲ့ပဲ ဖြစ်ဖြစ် ကယ်ရမှာပေါ့၊ ကျနော်က ဒီလိုပဲတွေးသည်။
“ဒီ Game မှာတော့ အနာခံရမယ့် သူတွေ ရှိသလို ရေရှည်မှာ အသာစံရမယ့် သူတွေလည်းရှိတယ်။ ပြောချင်တာကတော့ Winner နဲ့ Loser မှာ Loser တွေ ပိုများမယ်”သူက ဒီလိုပြောလိုက်သည်။
“လမ်းမှန်ကို ရောက်အောင် တွန်းလေလေ တချို့ (စီးပွားရေးသမား)တွေ ဒုက္ခပိုရောက်လေလေပဲ” Transition နှင့် Reform ကိုသွားနေသော တိုင်းပြည်တပြည်မှာ Winner ရော Loser ရောရှိမှာ အသေအချာပင်ဖြစ်သည်။
တင်ဒါကိစ္စမှာတင် ပြည်တွင်းက သူဌေးမင်းတချို့က အော်နေကြပြီဟု သူကရှင်းပြသည်။
“အရင်ခေတ်တွေကတော့ Connection Based နဲ့ သွားခဲ့ကြတာ၊ အခုတော့ Rule Based နဲ့ Transparent ဖြစ်ဖို့ ကြိုးစားနေတဲ့ အချိန်ဖြစ်တယ်။ ဒါဟာ New Game ပဲ၊ ဒီအထဲမှာ ရှင်သန်ဖို့ ကြိုးစားရတာ ခက်လိမ့်မယ်”ဟု ထိုမိတ်ဆွေက သတိပေးသလို ပြောကြားရင်း အညာထမင်းသုပ် ကို စားကာ ရေနွေးကြမ်းကို သောက်လိုက်သည်။
ရခိုင်အရေးကလည်း ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေ လာဖို့ကို နှောင့်နှေးစေသည်ဟု ကျနော်က သုံးသပ် သည်။
အပြင်က ဝင်လာရင်လည်း အထဲကသူတွေက သေကုန်ကြလိမ့်မည်။ အဲဒီနှစ်ခုကို ချိန်ဆရမည်ဖြစ် သည်။ ကျနော်ကတော့ အတွေးထဲမှာ မေးခွန်းမေးမိသည်။ “ဖွင့်လည်းဖွင့်ချင်တယ် မဖွင့်ရဲတာလား” ဟု။
“ကျနော်တို့ရဲ့ စီးပွားရေးဆိုင်ရာ မူဝါဒရှိတယ်”။ ဒီပေါ်လစီမှာကိုက Contradictory ဖြစ်နေတာ တွေရှိ တယ်၊ အရှေ့နဲ့ အနောက် မညီတာတွေဖြစ်နေတယ်၊ သေသေချာချာ ပြန်ဖတ်ကြည့်” ဟု မိတ်ဆွေတဦး က ပြောဖူးသည်။
တချို့ကတော့ သူဌေးမုန်းဝါဒ၊ အစွဲအလန်းနှင့် လုပ်ကိုင်နေသူတွေ ရှိသည်ဟု ဆိုသည်။ ကျနော်မြင်တာ ကတော့ တိုင်းပြည် ချမ်းသာလာအောင် လုပ်ရမယ်၊ ဓနအင်အား ရှိအောင် လုပ်ရမည်။ ပြည်ပက ရင်းနှီးမြှုပ်နှံမှုကို ခေါ်နိုင်ရမည်။ တရုတ်၊ ဂျပန် နှင့် အနောက်နိုင်ငံတွေဆီက ဘီလီယံနှင့်ချီသော ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများကို တောင်းရမည်။
ရန်ကုန်-မန္တလေး အမြန်ရထားလမ်း၊ မော်လမြိုင်ကနေ ထိုင်းနိုင်ငံထဲအထိ ရောက်အောင်သွားနိုင်သော ရထားလမ်း၊ ရန်ကုန်မြို့တွင်း Subway (မိုးပျံရထားလမ်းတော့ စတော့မည်ဟု ဆိုပါသည်) ပြီးလျှင် မက္ကင်ဇီ ရီပို့ထဲကလို ကျနော်တို့က Export ကို ဦးစားပေးမလား၊ Manufacturer ကို သွားမလား၊ Tourism ကို တိုးချဲ့မလား၊ Energy နဲ့ Mining ကို ဘယ်လို ကိုင်တွယ်မလဲ၊ Telecom ကို ဘယ်လို ရင်းနှီးမြှုပ်နှံမလဲ စသည်စသည်တို့ကို Sector အလိုက်ကြည့်ပြီး နိုင်ငံခြားတိုင်းပြည် (အထူးသဖြင့် ဂျပန်၊ တရုတ်၊ စင်ကာပူ၊ တောင်ကိုရီးယား) များမှ Investment ကို ယူရမည်ဟု ယုံကြည်သည်။
အားလုံးနှင့် အဆင်ပြေရမည်။ အမေရိကန်နှင့်လည်း အဆင်ပြေပြေ ဆက်ဆံနိုင်ဖို့လိုသည်။
ငွေမဲတွေ ကိုင်ထားသော နယ်စပ်က အချို့အချို့သော သူတွေကိုလည်း သူများနိုင်ငံတွေမှာ သွားပြီး ရင်းနှီးမြှုပ်နှံ နေမည့် အစား ကိုယ့်ဆီမှာလာပြီး နှစ်ကာလနဲ့ ရင်းနှီးမြှုပ်နှံဖို့ ခေါ်သင့်သည်။ ဒါပေမယ့် သူ့ရဲ့ငွေတွေကိုတော့ လျှော်ခွင့်ပေးမည်။
လျှော်တဲ့အခါမှာတော့ တိုင်းပြည်မှာ ချမှတ်ထားတဲ့ ပေါ်လစီထဲက နိုင်ငံတော်စီမံကိန်းတွေမှာ ထည့်ဝင် ရင်းနှီးမြှုပ်နှံရမည်ဟု ပေါ်လစီထားရှိရမည်။ ဒီအချက်ကိုလည်း ထည့်သွင်းစဉ်းစားသင့်သည်။
“အေးဗျာ ကျနော်တို့ကတော့ Overview လုပ်ရမယ်၊ Review လုပ်ရမယ်ဆိုတာ ယုံကြည်ပါတယ်” မိတ်ဆွေက ပြော သည်။
အသံတွေကို နားထောင်နေသူတွေ ဆိုလျှင် တိုင်းပြည်စီးပွားရေး ကျနေပြီဆိုလျှင် Stimulus Policy အရ ဘယ်လို လုပ်မလဲ။ မိမိရဲ့သွားနေတဲ့အရှိန်ကို အလျှော့အတင်း ဘယ်လိုထိန်းပြီး သွားမလဲဆိုတာ စဉ်းစားရမည်ဖြစ်သည်။
“တချို့ Project တွေက Idea ကောင်းပြီး Implementation မရှိဘူးဖြစ်နေတယ်။ Paper Work တွေ ပုံနေတယ်။ ဝန်ကြီး ဌာနတွေမှာ စားပွဲတွေပေါ်မှာ သွားပြီးတစ်နေတယ်” ဟု မိတ်ဆွေတွေက ညည်း ကြသည်။
ဟိုတယ်မန်နေဂျာလေးက သူ့ရဲ့လုပ်ငန်းလေးတခု အတွက် စားပွဲ ၅ လုံးကို ဖြတ်သန်းခဲ့ရကြောင်း ကျနော့်ကို နတ်သံနှော ၍ ဖောက်သည်ချသည်။
“အဲဒီစားပွဲ ၅လုံး က လူ ၅ ယောက်ရဲ့ အလုပ်က တကယ်တော့ တယောက်ထဲနဲ့ လုပ်လို့ရတယ်” သူ့ကို လက်မှတ်ထိုးပေးရတဲ့ စာရေးဝန်ထမ်းတွေကို ပြောခြင်းဖြစ်သည်။
လွယ်နေတာကို ခက်အောင်လုပ်နေကြတဲ့သူတွေ အများကြီးရှိတယ်ဆိုတာ ကျနော်သိသည်။ ဒါပေမယ့် ဒီလူတွေကရော ကျနော့်မိတ်ဆွေပြောသလိုမျိုး ရေနစ်ပြီး ခုမှရေပေါ်ကို ပေါ်ခါစဆိုတာ သိရဲ့လား၊ ကမ်းဆိုတာ မြင်ဖို့ဝေးစွ။
ထိုနေ့ညက နေပြည်တော် အိပ်ပျော်ဖို့အတွက် ကျနော်ထိုင်နေကျ ဟိုတယ်ကဘားမှာ ကော့ညက် တခွက်မှာ သောက်ရသည်။ ဘားမှာက ဘုန်းမောင်တယောက်တည်းရယ်။ကျနော့်ကိုပြုစုသူဝန်ထမ်းက သုံးယောက်ခန့်ရှိသည်။ ဒါမျိုး တခြား နိုင်ငံတွေမှာ မရနိုင်ပါ။
ပဉ္စမပိုင်းကို ဆက်လက်ဖော်ပြသွားပါမည်။
ဆက်စပ်ဖတ်ရှု့ရန်