ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပဟေဠိ

ဧရာဝတီ
ကျိုင်းတုံတွင် ကျင်းပသည့် NRPC နှင့် မြောက်ပိုင်းမဟာမိတ် ကိုယ်စားလှယ်တို့ တွေ့ဆုံ ဆွေးနွေးပွဲ / ဇော်ဇော် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

၂၀၁၁ ခုနှစ် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား ပြည်တွင်းစစ် ပြန်လည် စတင် သောအခါ စစ်သည် အမေဇုန် တောမီးကဲ့သို့ အခြားပြည်နယ်များသို့လည်း ပျံ့နှံ့ သွားပြီး ကချင်ပြည်နယ်မှ ရှမ်းပြည် မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်အထိ ကူးစက်လာသည်။

တိုက်ခိုက်မှု ပြန်လည်စတင်ချိန်မှ စတင်ကာ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) သည် ပဋိပက္ခ ရပ်စဲပြီး ငြိမ်းချမ်းရေးကို ရှာဖွေရန် တရားဝင်ဖြစ်စေ၊ အလွတ်သဘောဖြစ်စေ အကြိမ်ကြိမ် တွေ့ဆုံခဲ့သည်။

ထို ပါဝင်ပတ်သက်နေသော အဖွဲ့များသည် ပဋိပက္ခ ရပ်စဲရန် ကြိုးစားနေသည်မှာ ၈ နှစ်ကြာပြီဖြစ် သည်။ သို့သော် ထိုသို့ အဖြေရှာခြင်းသည် ယခုအချိန်အထိ ခက်ခဲနေသည်။ မြန်မာနိုင်ငံက ထိုပြဿနာကို ဖြေရှင်းခြင်းမှာ ပဟေဠိသဖွယ် ဖြစ်ကြောင်း ပြသနေသည်။

အစိုးရ၊ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် (KIA ၊ AA၊ TNLA၊ MNDAA) တို့အကြား မကြာ သေးမီက ဆွေးနွေးပွဲများ အတွင်း နှစ်ဖက်သဘောတူ စာချုပ်များ ချုပ်ဆိုရေးအတွက် နိဒါန်းဖြစ်သည့် အချက် ၇ ချက်ပါ သဘောတူညီချက် ရရှိခဲ့သော်လည်း စိန်ခေါ်မှုများနှင့် မရေရာမှုများ ရှိနေဆဲဖြစ် သည်။

နှစ်ဖက် သဘောတူ စာချုပ်များအတွက် စိန်ခေါ်မှုများ

မြောက်ပိုင်း မဟာမိတ်က နှစ်ဖက်အပစ်ရပ် သဘောတူစာချုပ်ကို အားလုံးစုပေါင်း ရေးထိုးလိုသော် လည်း တပ်မတော်က သီးခြား သဘောတူ စာချုပ်များဖြင့်သာ ရေးထိုးလိုသည်။ မြောက်ပိုင်း မဟာမိတ်က တဖွဲ့ခြင်းအနေဖြင့် အသေးစိတ်များကို ဆွေးနွေးလိုသော်လည်း အုပ်စုလိုက် လက်မှတ် ထိုးရန် အဆိုပြုသည်။ အကြိမ်ကြိမ်ဆွေးနွေးပြီးနောက် ထိုအဆိုပြုချက်ကို မြန်မာ့ တပ်မတော်က သဘောတူလိုက်ပုံရသည်။

သို့သော် နှစ်ဖက် သဘောတူစာချုပ်အတွက် စည်းကမ်းချက်တခုမှာ နှစ်ဖက် လက်မှတ်ရေးထိုးပြီးပါက နှစ်ဖက်စလုံးသည် တိုက်ခိုက်မှုရပ်စဲပြီး တပ်များချထားသည့် နေရာတွင်သာ တပ်စွဲရန်ဖြစ်သည်။ ဥပမာ – တပ်မေတော် နှင့် AA လက်မှတ် ရေးထိုးပါက AA တပ်များသည် တိုက်ခိုက်မှုရပ်စဲပြီး တပ်များကို ရှိနေသောနေရာတွင်သာ ထားရမည်ဖြစ်သည်။

ထိုအခါတွင် တပ်မတော်က AA ကို ရခိုင်ပြည်နယ်တွင် မရှိစေလိုပေ။ ထို့ကြောင့် AA အနေဖြင့် နှစ်ဖက် အပစ်ရပ် စာချုပ်လက်မှတ် ထိုးလိုပါက ရခိုင်ပြည်နယ်မှ တပ်များကို ဆုတ်ခွာပြီး ရှမ်းပြည် မြောက်ပိုင်း KIA ထိန်းချုပ်ဒေသမှ စတင် ဖွဲ့စည်းသော နေရာသို့ ပြန်ရန်အဆိုပြုသည်။

သို့သော် AA သည် ရခိုင်ပြည်နယ်တွင် တပ်အများအပြား ချထားပြီးဖြစ်သောကြောင့် ထိုအချက်ကို ပြတ်ပြတ်သားသား ပယ်ချသည်။ ထိုပြဿနာသည် AA နှင့် အခြားအဖွဲ့များ နှစ်ဖက်အပစ်ရပ် လက်မှတ် ရေးထိုးရေးအတွက် အဓိက အတားအဆီးဖြစ်နေသည်။

အချက် ၈ ချက်အနက် ၇ ချက်

ရှမ်းပြည်နယ် ကျိုင်းတုံ၌ မကြာသေးမီက ဆွေးနွေးပွဲများတွင် တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်အကြား အချက် ၈ ချက်အနက် ၇ ချက်ကို ဆွေးနွေးရန် သဘောတူညီကြသည်။

၎င်းတို့ သဘောတူခဲ့သော အချက် ၇ ချက်မှာ လက်နက်ကိုင် ပဋိပက္ခ ရပ်စဲရေးနှင့် နှစ်ဖက် အပစ်ရပ် သဘောတူစာချုပ် လက်မှတ် ရေးထိုးရေးဆွေးနွေးရန်၊ စစ်ဘေးရှောင်များ (IDPs) ပြဿနာကို ကိုင် တွယ်ဖြေရှင်းရန်၊ အပစ်အခတ်ရပ်စဲရေး စည်းမျဉ်းများ ချမှတ်ရန်၊ တိုက်ပွဲများ မဖြစ်ပွား ရေးအတွက် ဆက်သွယ်ရေး ရုံးများ ထူထောင်ရန်၊ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရန်အတွက် နှစ်ဖက်စ လုံးက ဖမ်းဆီးခြင်း မပြုရန်၊ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လုပ်ငန်းစဉ်ကို ဆွေးနွေးရန်နှင့် ပဋိပက္ခ ဖြေရှင်းရေးအတွက် ယန္တရားတခု ထူထောင်ရေး ဆွေးနွေးရန်တို့ဖြစ်သည်။

သဘောတူညီမှု မရရှိသောအချက်မှာ အပစ်အခတ်ရပ်စဲမှု လေ့လာစောင့်ကြည့်ရေးအတွက် ဖြစ်သည်။ ထိုအချက်မှာ တရုတ်နိုင်ငံ၊ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် သို့မဟုတ် နှစ်ဖွဲ့စလုံးကို ဖိတ်ခေါ်ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲမှု စောင့်ကြည့် ရေး ပူးတွဲကော်မတီ (JMC) ဖွဲ့ရန် မြောက်ပိုင်း မဟာမိတ်က အဆိုပြုသည့် အချက်ဖြစ်သည်။

လက်ရှိ JMC တွင် အစိုးရ၊ EAOs နှင့် အစိုးရနှင့် EAOs တို့က အချိုးကျ အဆိုပြုသော တသီးပုဂ္ဂလ များ ဟူသည့် အဓိက အုပ်စု ၃ ခုမှ ကိုယ်စားလှယ်များ ပါဝင်သည်။ သို့သော် ပြည်ထောင်စုအဆင့်မှ ဒေသဆိုင်ရာ အဆင့်အထိ JMC ဥက္ကဋ္ဌ နေရာများကို တပ်မတော်က ယူထားသည်။

အစိုးရက တရုတ်နှင့် UWSA ကို JMC တွင် ပါဝင်စေလိုပုံမရပေ။ တရုတ်သည် ပြည်ပနိုင်ငံ ဖြစ်သောကြောင့် တစိတ်တပိုင်း မပါဝင်စေလိုခြင်း ဖြစ်သကဲ့သို့၊ တပ်မတော်နှင့် UWSA အကြား တိုက်ပွဲဖြစ်ပွားမှု မရှိခြင်းကြောင့်လည်း တစိတ်တပိုင်း ပါသည်။

မရေရာမှု

နောက်တကြိမ် ဆွေးနွေးပွဲကို အောက်တိုဘာလ အစောပိုင်းတွင် စီစဉ်ထားသည်။ သို့သော် အစိုးရ၏ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဌာန (NRPC) မှ အရာရှိများသည် လတ်တလောတွင် အနောက်နိုင်ငံများသို့ လေ့လာရေး သွားရောက်နေသည်။

ထို့အပြင် အစိုးရသည်လည်း NCA ၄ နှစ်မြောက် အခမ်းအနားကို လက်မှတ် ရေးထိုးထားသောအဖွဲ့ ၁၀ ဖွဲ့နှင့် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသည်။ လလယ်တွင် သီတင်းကျွတ် ရုံးပိတ်ရက်များလည်း ရှိနေပြီး အစိုးရ အရာရှိများသည် ပွဲတော်တွင် ပါဝင်ကြဦးမည်ဖြစ်သည်။

ထို့ကြောင့် ဆွေးနွေးပွဲများကို အောက်တိုဘာလ နှောင်းပိုင်း သို့မဟုတ် နိုဝင်ဘာလ အစောပိုင်းအထိ ကျင်းပ နိုင်ဦးမည် မဟုတ်ပေ။ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေလျှင် သို့မဟုတ် အရှိန်မြင့်နေလျှင် ထိုအစည်းအဝေးကို မကြာမီ ခေါ်ယူနိုင်မည် မဟုတ်ပေ။

မြန်လေကောင်းလေ

နှစ်ဖက်အပစ်ရပ် သဘောတူစာချုပ်ကို အမြန်ဆုံး လက်မှတ် ရေးထိုးနိုင်လေလေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပိုမို ရှေ့သို့ တိုးတက်လေလေပင် ဖြစ်သည်။ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်တို့ အကြား နှစ်ဖက်အပစ်ရပ် လက်မှတ်ထိုးနိုင်လျှင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အဓိက တိုးတက်မှု ဖြစ်လာမည်ဖြစ်သည်။

ထို့ကြောင့် နှစ်ဖက်စလုံးအနေဖြင့် တိုက်ပွဲများရပ်ဆိုင်းကာ လက်နက်ကိုင် ပဋိပက္ခရပ်ရန် ဖြစ်နိုင်ခြေ ရှိသော အဖြေများကို ရှာရမည်ဖြစ်သည်။ တိုက်ပွဲများ အမြန်ဆုံး ရပ်ဆိုင်းခြင်းသည် အပစ်ရပ် ဆွေးနွေးပွဲများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အဓိက လိုအပ်ချက်ဖြစ်သည်။

တချိန်တည်းတွင် AA, MNDAA နှင့် TNLA တို့က ၂၀၁၉ ခုနှစ် ဒီဇင်လာအထိ ထိုးစစ် ရပ်ထားသော ကြောင့် တပ်မတော်သည် စက်တင်ဘာလလယ်က အဆုံးသတ်ခဲ့သည့် တဖက်သတ် အပစ်အခတ် ရပ်စဲ ခြင်းကို ပြန်လည် တိုးချဲ့သင့်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် မြောက်ပိုင်းမဟာမိတ်နှင့် တိုက်ပွဲများ ရပ်ဆိုင်းရေးနှင့် နှစ်ဖက် အပစ်ရပ် သဘောတူ စာချုပ် များ လက်မှတ်ထိုးရေးအတွက် အဓိက သော့ချက်ဖြစ်သည်။

ထို့ကြောင့် တပ်မတော်က သဘောထားကြီးမှုကို ပြသပြီး ငြိမ်းချမ်းရေးကို တောင်းဆိုနေသော မြန်မာ နိုင်ငံသားများ အကျိုးအတွက် အုပ်စုအားလုံး၏ တောင်းဆိုမှုများကို လက်ခံသင့်သည်။ ထိုကဲ့သို့သော သဘောထားကို မကျင့်သုံးဘဲ လက်ရှိ အရှိအတိုင်း သွားနေပါက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် လွန်စွာ အခါနှောင်းသွားမည် ဖြစ်သည်။

ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြသည့် ပြင်ပဆောင်းပါးရှင် Joe Kumbun ၏ Myanmar’s Peace Process Is A Puzzling Phenomenon ကို ဘာသာပြန်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading