မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၂ လကြာခဲ့ပြီးနောက် ပြည်သူလူထု၏ အာဏာဖီဆန်ရေး လှုပ်ရှားမှုသည် စစ်တပ်၏ ရက်စက်သော ဖြိုခွဲမှုများကို ခံနိုင်ရည်ရှိခြင်းအတွက် အံ့အားသင့်စရာဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အဆိုအရ ဧပြီလ ၅ ရက်နေ့အထိ လူပေါင်း ၅၇၀ သေဆုံးခဲ့ရပြီး ၃၄၄၃ ဦး ကိုဖမ်းဆီးခံခဲ့ရသည်။ ပေးဆပ်ရသည့် တန်ဖိုးက ကြီးမားသော်လည်း လူထု အာဏာဖီဆန်ရေးလှုပ်ရှားမှု၏ ထိရောက်မှုက မကြုံစဖူးပင် ဖြစ်သည်။ သို့သော်လည်း ၎င်း၏ စည်းလုံးမှုသည် လက်ရှိဖြစ်ပွားနေသော အကျပ်အတည်းကြောင့်၊ စစ်တပ်အပေါ် မုန်းတီးမှုများ ကျယ်ပြန့်နေခြင်းကြောင့် သို့မဟုတ် ဒစ်ဂျစ်တယ် နည်းပညာများ တိုးတက်လာခြင်းကြောင့်မျှသာ မဟုတ်ပါ။
ယနေ့ လူထု အာဏာဖီဆန်ရေး လှုပ်ရှားမှု၏ အောင်မြင်မှုသည် လူမျိုးုပေါင်းစုံ ပါဝင်သော အရပ်ဘက် လူ့အဖွဲ့အစည်းနှင့် လွတ်လပ်သော မီဒီယာများ တည်ဆောက်ရန် ပြီးခဲ့သည့် ဆယ်စုနှစ်က စတင်ခဲ့သည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ မတိုင်မီ နောက်ကွယ် ဆယ်စုနှစ်များစွာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုမှ အခြေခံ ပေါ်ပေါက်လာသည်။ အစောပိုင်း ဖြိုခွဲမှုများကို သတင်းယူ ဖော်ပြခဲ့ကြသည့် တိုင်းရင်းသား မီဒီယာများ အပါအဝင် ဝါရင့် မီဒီယာသမားများ တည်ဆောက်ခဲ့သော ကျွမ်းကျင်မှုနှင့် အခြေခံအဆောက်အဦး အပေါ်တွင် လက်ရှိ စီးဆင်းနေသည့် တိကျမှန်ကန်သော သတင်းအချက် အလက်များနှင့် လေ့လာဆန်းစစ်မှုများအပေါ် မှီခို အားထားနေရသော အခြေခံဖြစ်သည်။ လက်ရှိ အခြေအနေကို ဖော်ပြနေသည့် နောက်ဆုံးပေါ် နည်းပညာများ အပေါ်တွင် အာရုံစိုက်သော နိုင်ငံတကာမီဒီယာ သတင်းများတွင်ပင် ထိုလုပ်ရပ်ကို အသိအမှတ်ပြုခြင်း မရှိသလောက်ပင် ဖြစ်သည်။
Facebook နှင့် Twitter ကဲ့သို့သော ပလက်ဖောင်းများက မြန်မာပြည်သူများကို အချင်းချင်း၊ ပြင်ပကမာ္ဘနှင့် ညှိနှိုင်း ဆက်သွယ်နိုင်ရန် အခွင့်အလမ်း ပေးနေသည်။ ဒီဂျစ်တယ်နည်းပညာများနှင့် ဆိုရှယ်မီဒီယာက နိုင်ငံခြား သတင်းထောက်များကို တိကျမှန်ကန်သော သတင်းအချက်အလက်များနှင့် မြန်မာ့အရေး လေ့လာစောင့်ကြည့်သူများထံမှ နောက်ဆုံးသုံးသပ်ချက်များကို သူတို့ ကိုယ်တိုင် လုပ်နိုင်သည်ထက် ပို၍ ရရှိစေသည်။ လူမှုမီဒီယာနှင့် ဝဘ်ဆိုဒ်များသည် မြန်မာနိုင်ငံ၏ လက်ရှိ အားထုတ်ရုန်းကန်မှုတွင် အဓိကလက်နက်များဖြစ်ကြပြီး တပ်မတော် မိသားစုဝင်များနှင့် တပ်မတော် ထောက်ခံသူများကို အရှက်ရစေပြီး လူမှု အသိုင်းအဝိုင်းမှ ဖယ်ကျဉ်သည့် လူမှုရေးပြစ်ဒဏ်ခတ်ခြင်း social punishment ကဲ့သို့သော ဗျူဟာများကို လွယ်ကူ ချောမွေ့စေသည်။
Facebook က စစ်တပ်နှင့် ဆက်နွယ်နေသော account များအားလုံးကို ပိတ်ပင်ခြင်းဖြင့် အကျပ်အတည်းကို တုံ့ပြန်ခဲ့သည်။ သို့သော်လည်း Facebook ၏ တုံ့ပြန်မှုသည် သတင်းအချက်အလက် အမှားများ ပျံ့နှံ့ခြင်း အန္တရာယ်ကို ဖြေရှင်းရန် ပြည်တွင်း အရပ်ဘက် အဖွဲ့အစည်းများက Facebook သို့ နှစ်ပေါင်းများစွာ တွန်းအားပေးခဲ့ခြင်း၏ ရလဒ် ဖြစ်ပါသည်။ ၎င်းသည် အထူးသဖြင့် ရိုဟင်ဂျာ မွတ်ဆလင်များအပေါ် တိုက်ခိုက်မှုများအတွင်း ပြင်းထန်ခဲ့သည်။
၁၉၈၈ ခုနှစ်က ကြီးမားသော ဆန္ဒပြပွဲများနှင့် ဖြိုခွဲမှုများ နောက်ပိုင်းတွင် အတိုက်အခံ ကျောင်းသား ထောင်ပေါင်းများစွာ နိုင်ငံ၏ နယ်စပ်ဒေသများသို့ ထွက်ပြေးခဲ့ကြရပြီး ပြည်ပရောက်မီဒီယာကို ပထမဦးဆုံး တည်ထောင်ခဲ့ကြသည်။ လှုပ်ရှားမှုသည် လူများစုဖြစ်သော ဗမာ လူမျိုးများနှင့်သာ ဖွဲ့စည်းခဲ့ခြင်း မည်သည့်အခါမှ မဟုတ်ခဲ့သော်လည်း ဗမာကျောင်းသား အများစုအတွက် တိုင်းရင်းသား လက်နက်ကိုင်များကို ပထမဆုံးအကြိမ် တွေ့ ဆုံရခြင်း ဖြစ်ခဲ့သည်။ နယ်စပ်ဒေသများမှ လူနည်းစု တိုင်းရင်းသားများ အတွက်လည်း သူတို့ကြောက်ရွံ့ရမည့် စစ်သားများ မဟုတ်သည့် ဗမာများကို တခါမှ မတွေ့ ဖူးခဲ့ကြပါ။ နောက်ပိုင်း ဆယ်စုနှစ်များအတွင်း အဓိကကျသော မဟာမိတ်များကို ဖွဲ့စည်း၍ ဗမာနှင့် လူနည်းစု တိုင်းရင်းသားများကြား ခိုင်မာ အားကောင်းစေခဲ့သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ထိုတူညီသော သဘောပေါက် နားလည်မှု၏ ပဲ့တင်သံများ ထွက်ပေါ်လာခဲ့သည်။ တပ်မတော်၏လက်မှ သူတို့၏ ဒုက္ခများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အသိအမှတ်ပြုရန် ကြာမြင့်စွာ ရုန်းကန်ခဲ့ရသော်လည်း ရိုဟင်ဂျာနှင့် အခြား တိုင်းရင်းသားလူမျိုးစုများက စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် လျင်မြန်စွာ ပူးပေါင်းခဲ့ကြသည်။ လူမှုမီဒီယာများတွင် ဆန္ဒပြသူလူငယ်များက စတင် အသိအမှတ်ပြုခဲ့ကြပြီး အဆိုပါ လူနည်းစုများ၏ ဆင်းရဲဒုက္ခများကို ယခင်က စာနာမှု မထားမိခဲ့ခြင်းအတွက် လူသိရှင်ကြား တောင်းပန်ခဲ့ကြသည်။ ထိုသဘောထားများက ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။ ၁၉၈၈ ခုနှစ်တွင် အသုံးပြုခဲ့သော သွေးခွဲအုပ်ချုပ်ရေး ဗျူဟာသည် ယခုအခါ ပိုမိုကျယ်ပြန့်သော အတိုင်းအတာဖြင့် စိန်ခေါ်ခံနေရပြီဖြစ်သည်။
၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ကျော်ကြားသော နိုင်ငံရေးပွင့်လင်းမှု စတင်ခဲ့သည့် အချိန်၌ ပြည်ပရောက် မီဒီယာများက နိုင်ငံတွင်း ပြန်ဝင်ပြီး သတိထား လှုပ်ရှားခဲ့ကြသည်။ သို့သော်လည်း အဆိုပါ မီဒီယာများနှင့် နိုင်ငံအတွင်းရှိ လွတ်လပ်သော မီဒီယာများက ပိုမိုကျယ်ပြန့်သည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အတွက် ဆယ်စုနှစ်များစွာ တွန်းအားပေးခဲ့ကြပြီး ဖြစ်သည်။ သက်ကြီးပိုင်းများက သူတို့၏ အတွေ့အကြုံများဖြစ်သည့် ယခင် ဖြိုခွဲမှုများ၊ ဖိနှိပ်ချုပ်ခြယ်မှုနှင့် ဖမ်းဆီး ထောင်ချမှုများကို ဝေမျှပေးနေသောကြောင့် သမိုင်းဆိုင်ရာ အသိပညာသည် လက်ရှိ ပဋိပက္ခတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည်။ ယနေ့ခေတ် ဆန္ဒပြသူများနှင့် စစ်အစိုးရကို ဆန့်ကျင်သော ဟက်ကာ Hacker များ အသုံးပြုသည့် နည်းပရိယာယ်များသည် ၁၉၈၈ ခေတ်လွန်ကာလ မြေအောက် ဆက်သွယ်ရေးစနစ်မှ တိုက်ရိုက်ဆင်းသက်လာခြင်း ဖြစ်သည်။
မီဒီယာနှင့် တိုင်းရင်းသား အားလုံးပါဝင်သည့် ၁၉၈၈ မျိုးဆက်ခေါင်းဆောင်များက ဦးဆောင်သော အရပ်ဖက်အဖွဲ့ အစည်းများသည် NLD ၏ အုပ်ချုပ်ရေးဆိုင်ရာ ဗျူဟာများနှင့် ပတ်သက်၍ စိုးရိမ်မှုကို လူသိရှင်ကြား ပထမဆုံး ထုတ်ဖော် ပြောဆိုသူများထဲတွင် ပါဝင်ခဲ့ကြသည်။ လူအများစုက NLD လက်ထက်တွင် မီဒီယာနှင့် အခြားအဖွဲ့များအပေါ် နှိမ်နင်းခြင်းက ၎င်း၏အရင် စစ်တပ်ကျောထောက်နောက်ခံရ ဦးသိန်းစိန်အစိုးရ လက်ထက်ကထက် ပိုမိုဆိုးရွားသွားသည်ကို အများစုက အကြီးအကျယ် စိတ်ပျက် ဒေါသထွက်ခဲ့ကြသည်။ ရိုဟင်ဂျာများအပေါ် စစ်တပ်၏ ရက်စက်စွာ ပြုမူဆက်ဆံမှုနှင့် ပတ်သက်၍ NLD ၏ နှုတ်ဆိတ်နေမှုနှင့် ပြဿနာအပေါ် နိုင်ငံတကာဂျာနယ်လစ်များ၏ အလွန်ရိုးစင်းစွာ ဖော်ပြခြင်းအပေါ် စိတ်ပျက်ကြောင်း အချို့က ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
စစ်အာဏာသိမ်းမှုက တပ်မတော်ကို ရှင်းလင်းသော ဘုံရန်သူ ဖြစ်စေခဲ့သော်လည်း ယခု မငြိမ်မသက်မှုများ မတိုင်မီက ရှိခဲ့သည့် အမြင်များက လက်ရှိအကျပ်အတည်း နောက်ပိုင်းတွင်လည်း အကျိုးသက်ရောက်မှုရှိမည်မှာ သေချာပါသည်။ Progressive Voice၊ အသံ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ Action Committee for Democracy Development နှင့် Generation Wave စသည့် အဖွဲ့များက လက်ရှိ အကျပ်အတည်း၏ ရလဒ်က မည်သို့ပင် ရှိစေကာမူ အာဏာရှင်ဆန့်ကျင်ရေး၊ စစ်ပုံစံသွင်းမှု ဆန့်ကျင်ရေး ဝေဖန်မှုများကို ဆက်လက် ပြုလုပ်သွားကြမည် ဖြစ်သည်။
Gen Z တက်ကြွလှုပ်ရှားသူများက တိုက်ရိုက်တိုက်ခိုက်မှုများကို ရင်ဆိုင်ရာတွင် ခံနိုင်ရည်နှင့် ပြန်ရုန်းထနိုင်မှု အရှိဆုံး ဖြစ်ပုံရပါသည်။ သို့သော်လည်း သူတို့သည် ယခုလှုပ်ရှားမှုကို ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အပြောင်းအလဲ ဖြစ်စေသည့် ကွန်ရက်တည်ဆောက်ခြင်း networking နှင့် စွမ်းရည်မြှင့်တင်ခြင်း capacity building တို့၏ ရှည်လျားသော သမိုင်းကြောင်းတခု၏ အထောက်အပံ့ကို ရရှိနေသည်။ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုကို တိုင်းရင်းသား လူမျိုးပေါင်းစုံနှင့် အပြည်ပြည်ဆိုင်ရာ မဟာမိတ်များက နိုင်ငံဖြတ်ကျော် ဆန္ဒပြလှုပ်ရှားမှုများ အဖြစ်လည်း ပေါင်းစည်းနေကြသည်။ မြန်မာ၊ ဟောင်ကောင်၊ ထိုင်း၊ ထိုင်ဝမ်နှင့် အခြား အာရှနိုင်ငံများမှ လူငယ်များ၏ Milk Tea Alliance အမည်တွင်သော လှုပ်ရှားမှုက ဒေသတွင်းမှ အာဏာရှင်စနစ်ကို တိုက်ရိုက် စိန်ခေါ်နေသည်။
သို့သော် ၎င်းသည် Twitter သို့မဟုတ် Facebook တော်လှန်ရေးတခု မဟုတ်ပါ။ ၎င်းသည် ရုန်းကန် လှုပ်ရှားမှု၏ သမိုင်းအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသော ဒစ်ဂျစ်တယ်ခေတ်မှ ဒီမိုကရေစီ လှုပ်ရှားမှုများ၏ အသွင်သဏ္ဍန် ဖြစ်ပါသည်။ သင့်မိဘများ၏ တော်လှန်ရေး ဖြစ်ချင်မှ ဖြစ်ပါလိမ့်မည်၊ သို့သော်လည်း ဆင့်ပွားတိုးချဲ့လာခြင်း ဖြစ်ကြောင်းကို ၁၉၈၈ မျိုးဆက် တက်ကြွလှုပ်ရှားသူအချို့ ၏ သားသမီးများက ရှင်းရှင်းလင်းလင်း ပြသနေသည်။ စုပေါင်းထားသည့် သမိုင်းဆိုင်ရာ အသိပညာက ယနေ့မြန်မာနိုင်ငံမှ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု၏ အခြေခံ အုတ်မြစ်ဖြစ်ပါသည်။ လွတ်လပ်သော သတင်းမီဒီယာများ အပါအဝင် အရပ်ဘက် လူ့အဖွဲ့အစည်းကို ဆက်လက်ထောက်ပံ့ခြင်းက ဒီမိုကရေစီ အပြောင်းအလဲ အတွက် အကောင်းဆုံး မျှော်လင့်ချက်ဖြစ်ပါသည်။
(Lisa Brooten သည် Southern Illinois တက္ကသိုလ်မှ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် ဒီဂျစ်တယ် မီဒီယာ တွဲဖက်ပါမောက္ခ ဖြစ်ပြီး “အသွင်ကူးပြောင်းရေးမှ မြန်မာမီဒီယာ (သို့မဟုတ်) အမွေအနှစ်များ၊ စိန်ခေါ်မှုများနှင့် ပြောင်းလဲခြင်း” (ISEAS, 2019) သုတေသန စာတမ်းပေါင်းချုပ်၏ တွဲဖက် အယ်ဒီတာနှင့် ၂၀၂၁ Fulbright ASEAN သုတေသနအဖွဲ့ဝင်ဖြစ်သည်။ ၎င်း၏ East Asia Forum ပါ Myanmar’s civil disobedience movement is built on decades of struggle ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
စစ်ကောင်စီ၏ ရန်သူစာရင်းဝင်လည်း သတင်းမီဒီယာက သမိုင်းကို မှတ်တမ်းတင်ဆဲ
ရိုဟင်ဂျာနဲ့ လူနည်းစုက မြန်မာ့အပြောင်းအလဲအတွက် အရေးပါ
စစ်ကောင်စီက နိုင်ငံ့စီးပွားကို ဖျက်ဆီးလိုက်သည်
သင်ပုန်းချေလိုက်ဖို့ကတော့ မဖြစ်နိုင်တော့ဘူး