အချိန်က မေလ ၁ ရက်နေ့ မနက် ၈ နာရီ ဝန်းကျင် ဖြစ်ပါတယ်။ မင်္ဂလာဒုံမြို့နယ်ထဲက ဘုန်းကြီးကျောင်းဝင်းတခုထဲကို စက်ရုံအသီးသီးရဲ့ အမှတ်တံဆိပ် ဗွီနိုင်းတွေ တပ်ထားတဲ့ မှန်လုံကားကြီးတွေ၊ ဒိုင်နာကားတွေ တစီးပြီးတစီး ဝင်လာပါတယ်။ ကားပေါ်မှာ ပါလာတဲ့သူတွေဟာ သနပ်ခါး ပါးကွက်ကြား လိမ်းချယ်လာကြတဲ့ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေ အများစုဖြစ်ကြပြီး သူတို့ဟာ အပြည် ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနားကို လာရောက်ကြသူတွေဖြစ်ပါတယ်။
အခမ်းအနား ဦးဆောင်စီစဉ်တဲ့ လူမှုအဖွဲ့အစည်းတွေကလည်း တက်ရောက်လာတဲ့ အလုပ်သမား အမျိုးသမီး၊ အမျိုးသား ၅၀၀ ကျော်ကို တီရှပ်ဝေတာ၊ လက်ကမ်းစာစောင်တွေဝေတာ၊ ရေသန့်ဗူးဝေတာတွေနဲ့ အလုပ် ရှုပ်နေကြပါတယ်။ တက်ရောက်လာသူတွေ ဝတ်ထားတဲ့ တီရှပ်အဖြူရဲ့ နောက်ကျောမှာတော့ “အလုပ်သမား အခွင့်အရေးများ ရရှိဖို့ အားလုံး ပါဝင်ဆောင်ရွက်စို့” ဆိုတဲ့ စာတမ်းလေးကို တွေ့ရပါတယ်။
ဒီလို အလုပ်သမားတွေရဲ့ လှုပ်ရှားမှုနဲ့ ဦးဆောင်စီစဉ်သူတွေရဲ့ ပြင်ဆင်မှုတွေကတော့ ရန်ကုန်မြို့က မေလ ၁ ရက်နေ့ မနက်ခင်းကို အသက်ဝင်နေစေပါတယ်။
ဒါပေမယ့် တက်ရောက်လာသူတွေကို သေချာသတိထားကြည့်ရင်တော့ ဒီထဲမှာ လူအုပ်စုတခု လှစ်ဟာနေတာ တွေ့ရမှာပါ။ ဒီလူအုပ်စုတခုကတော့ ခြံစည်းရိုး အုတ်တံတိုင်းကြီးတွေနဲ့ အိမ်နံရံတွေနောက်ကွယ်က ခေါင်းပုံ ဖြတ်အကြမ်းဖက် နှိပ်စက်မှုတွေကို လူမသိ သူမသိ ခံနေကြရတဲ့ အိမ်အကူအလုပ်သမားတွေပဲဖြစ်ပါတယ်။
မေလ ၁ ရက်နေ့ရောက်တိုင်း လုပ်ခလစာ မလုံလောက်မှု၊ အလုပ်ရှင်တွေရဲ့ ခေါင်းပုံဖြတ်မှုနဲ့ အခြားဖိနှိပ်မှုတွေ ကြောင့် အလုပ်သမားတွေရဲ့ ဆန္ဒပြထုတ်ဖော်မှုတွေနဲ့အတူ အလုပ်သမား အခွင့်အရေးတောင်းဆိုမှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတတ်ပေမယ့် အိမ်အကူလုပ်သား အများစုကတော့ အလုပ်သမားနေ့ဟာ သူတို့ နဲ့ လားလားမှ မသက်ဆိုင်ဘူး ထင်ရလောက်အောင် အသံတိတ်လွန်းခဲ့ပါတယ်။
အခမ်းအနားဦးဆောင်သူထဲက အချို့ကို “ဒီထဲမှာ အိမ်အကူအလုပ်သမားတွေရော မပါဘူးလား” လို့ မေးကြည့် တော့ သူတို့ဆီက တုန့်ပြန်မှုကို ချက်ချင်းမရခဲ့ပါဘူး။ တအောင့်လေး စဉ်းစားပြီးမှ အလုပ်ပိတ်ရက်မရှိတာနဲ့ သူတို့နဲ့ ပုံမှန်ချိတ်ဆက်မှုလုပ်ဖို့ အခွင့်အလမ်း နည်းတာတွေကြောင့် မခေါ်နိုင်ကြဘူးလို့ ပြန်ပြောပြပါတယ်။ အခမ်းအနားမှာ အလုပ်သမားတွေ တင်ပြတောင်းဆိုတဲ့ အချက်တွေထဲမှာလည်း အိမ်အကူအလုပ်သမားတွေရဲ့ အရေး ကိစ္စတွေကို တိုက်ရိုက်ထည့်သွင်း ပြောဆိုကြတာတွေကို တိတိကျကျ မတွေ့ခဲ့ရပါဘူး။
ဒီလိုနဲ့ပဲ ၂၀၁၈ ခုနှစ်၊ ရန်ကုန်က အလုပ်သမားနေ့ကလည်း အိမ်အကူ အလုပ်သမားတွေအတွက်တော့ ထူးခြားတဲ့နေ့ တနေ့၊ မျှော်လင့်ချက်တွေ ထားရမယ့်နေ့ မဖြစ်လာသေးတာ တွေ့ရပါတယ်။
ဒီလို အလုပ်သမားနေ့ ကျင်းပပြီး မကြာခင် မေလ ၁၉ ရက်နေ့မှာပဲ အိမ်ရှင်ဖြစ်သူ ဥပဒေအရာရှိတဦးရဲ့ နှိပ် စက်ညဉ်းပမ်းမှုကြောင့် အိမ်အကူအလုပ်သမတဦးဖြစ်တဲ့ မကရင်မ (ခ) မခင်သန္တာဦး သေဆုံးတဲ့ သတင်း ထွက်ပေါ်လာပါတယ်။ ဒီလို တရားရေးဆိုင်ရာနဲ့ ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်မှာ နေရတာတောင် လုံခြုံမှုမရှိတဲ့ အိမ်အကူ အလုပ်သမ သေဆုံးတဲ့သတင်းဟာ ကြားရတဲ့လူတွေကို အံ့အားသင့်စေခဲ့ပါတယ်။
တကယ်တော့လည်း ဒီသတင်းဟာ အိမ်အကူအလုပ်သမားတွေနဲ့ပတ်သက်ပြီး ကြားသိရတဲ့ ပထမဆုံး သတင်း ဆိုးတော့မဟုတ်ပါဘူး။ ၂၀၁၂ ခုနှစ်မှာ ပဲခူးမြို့ ဒုတိယမြို့နယ်တရားသူကြီးရဲ့ ဇနီးဖြစ်သူရဲ့ မီးပူနဲ့ အကပ်ခံခဲ့ရတဲ့ အသက် ၁၅ နှစ်အရွယ် အိမ်အကူ မအေးယုအောင်ရဲ့အမှု၊ ၂၀၁၅ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ကိုယ်အင်္ဂါချို့ယွင်းစေ တဲ့အထိ အကြမ်းဖက်နှိပ်စက်ခံခဲ့ရတဲ့ အသက် ၁၄ နှစ်အရွယ် မသန်းသန်းအေးအမှုနဲ့ ၂၀၁၆ ခုနှစ်မှာ ဖြစ်ပွား ခဲ့တဲ့ အသက်မပြည့်သေးတဲ့ အိမ်အကူအမျိုးသမီးငယ်နှစ်ဦးကို ကိုယ်အင်္ဂါချို့ယွင်းပျက်စီးတဲ့အထိ အကြမ်းဖက် နှိပ်စက်ခဲ့တဲ့အမှုတွေလည်း တရားရုံးအထိ ရောက်တဲ့ အခြေအနေတွေရှိခဲ့ပါတယ်။ ဒါတွေဟာ ဥပဒေရှေ့ မှောက်ရောက်ခဲ့တဲ့ အမှုတွေပဲ ရှိပါသေးတယ်။
အိမ်အကူလုပ်ငန်းမှာ ပါဝင်လုပ်ကိုင်သူတွေဟာ အများအားဖြင့် အမျိုးသမီးနဲ့ အမျိုးသမီးငယ်တွေဖြစ်ပြီး ကိုယ် အင်္ဂါချို့ယွင်းပျက်စီးစေတဲ့အထိ နှိပ်စက်ညှင်းပမ်းမှုတွေ ကြုံကြရသလို လိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကားမှု တွေကိုလည်း ခံကြရတဲ့ အခြေအနေတွေရှိနေတယ်လို့ အနာဂတ်အလင်းတန်းဆုံမှတ် (Future Light Center) ရဲ့ ဒါရိုက်တာ မသက်သက်အောင်က ဆိုပါတယ်။
“အိမ်ရှင်တွေက အလုပ်အကိုင်ကို ခွဲထားတာမျိုး မရှိဘူး။ ထမင်းချက်လား၊ သန့်ရှင်းရေးလား၊ ညဆိုလို့ရှိရင် လာနှိပ်ပေးပါဦး၊ စသဖြင့်၊ အဲဒီဟာတွေကနေစပြီး နောက်ဆုံး မုဒိမ်းကျင့်ခံရတဲ့အနေအထားတွေအထိ ကြားနေ ရတာမျိုးရှိတယ်” လို့ မသက်သက်အောင်က ပြောပါတယ်။
ဥပဒေရှေ့မှောက် မရောက်ရှိလာတဲ့ အိမ်အကူတွေကို နှိပ်စက်ညှဉ်းပမ်းမှုတွေ ဘယ်လောက်များနေသလဲဆို တာကို အိမ်အကူနဲ့ပတ်သက်ပြီး လေ့လာသုံးသပ်မှုတွေ အတိအကျမရှိတာကြောင့် အသေအချာသိနိုင်ဖို့လည်း ခက်ခဲနေပါသေးတယ်။
ဒီလိုအခြေအနေမှာ အိမ်အကူအလုပ်သမားတွေအတွက် ဥပဒေအရ ကာကွယ်မှုတွေ ဘယ်ရောက်နေလဲဆိုတာ လူထုကြားမှာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။
၂၀၁၁ ခုနှစ်မတိုင်ခင်အထိ မြန်မာနိုင်ငံမှာ အိမ်အကူအလုပ်သမားတွေကို တရားဝင် အလုပ်သမားအဖြစ် အသိ အမှတ်ပြုမှု လုံးဝမရှိခဲ့ပါဘူး။ ၂၀၁၁ နောက်ပိုင်း အသက်သွင်းခဲ့တဲ့ အလုပ်သမားဥပဒေထဲမှာတော့ အိမ်အကူ ဟာ အလုပ်သမားဖြစ်တယ်ဆိုတဲ့ အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်ရှိလာပေမယ့် တကယ့်လက်တွေ့ မြန်မာ့လူ့အသိုင်းအဝိုင်းမှာတော့ အလုပ်သမားအဖြစ် အသိအမှတ်ပြုလက်ခံမှု အားနည်းနေဆဲဖြစ်ပါတယ်။
“အိမ်တွင်းမှာ လုပ်ရတဲ့အလုပ်ကို အလုပ်လို့ ဘယ်သူကမှ မသတ်မှတ်ဘူးလေ။ ဝင်ငွေရှာတာပဲ ဝင်ငွေရှိမှပဲ အလုပ်လို့ သတ်မှတ်တာလေ။ ဥပဒေအရ မဟုတ်ပေမယ့် လူတွေရဲ့ သဘောထားအမြင်တွေက အဲဒီလိုမျိုး ရှိတယ်လေ။ ဒါကြီးက အရိုးစွဲလာတဲ့အခါမှာ ဒီအလုပ်ကို လုပ်တဲ့သူတွေလည်း အလုပ်သမားလို့ သတ်မှတ်ဖို့ အင်မတန်ခက်လာတယ်” လို့ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) မြန်မာရဲ့ TRIANGLE in ASEAN စီမံချက် အမျိုးသားစီမံကိန်းညှိနှိုင်းရေးမှူးဖြစ်သူ ဒေါ်ဝေနှင်းပိုက ဆိုပါတယ်။
မကြာသေးခင်ကမှ အသက်သေဆုံးခဲ့တဲ့ မကရင်မလို သေမှုသေခင်း ဒါမှမဟုတ် ကိုယ်အင်္ဂါအစိတ်အပိုင်း ချို့ ယွင်းပျက်စီးပြီးမှသာ လူသိရှင်ကြားဖြစ်လာတဲ့ အမှုတွေဟာလည်း နှိပ်စက်ညှဉ်းပမ်းမှု ဒါမှမဟုတ် လူကုန်ကူး မှုနဲ့သက်ဆိုင်တဲ့ တခြားရာဇသတ်ကြီးပုဒ်မတွေနဲ့သာ တရားစွဲဆိုနိုင်ကြပါတယ်။ အသေးစား ကိုယ်ထိလက်ရောက် နှိပ်စက်မှုတွေသာမက သူတို့ရဲ့ လုပ်ခလစာ၊ ခွင့်ရက်တို့လို တခြားအလုပ်သမားအခွင့်အရေးဆိုင်ရာ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမှုတွေအတွက်တော့ တိုင်ကြားလို့ရနိုင်မယ့် အခွင့်အလမ်း မရှိကြပါဘူး။
အလုပ်သမားဥပဒေအရ အိမ်အကူတွေ အလုပ်သမားအခွင့်အရေးကို ခံစားပိုင်ခွင့်ရှိတယ်ဆိုပေမယ့်လည်း ခွင့် ရက်နဲ့ အလုပ်ပိတ်ရက်ဥပဒေမှာ အိမ်အကူအလုပ်သမားများ အကျုံးမဝင်ရဆိုတဲ့ အချက်တွေပါဝင်သလို လုပ်ခ လစာမှာလည်း ကန့်သတ်ချက်ထားတဲ့အတွက် ခံစားခွင့်မရတဲ့အနေအထားတွေ ရှိနေတယ်လို့ ဒေါ်ဝေနှင်းပိုက ပြောပါတယ်။
“၁၀ ယောက်နဲ့ အထက်ဖြစ်မှဆိုတာမျိုးဖြစ်သွားတဲ့အခါမှာ အငယ်စားစီးပွားရေးလုပ်ငန်းတွေ၊ ဒီလိုအိမ်အကူ လုပ်ငန်းတွေ၊ ဒီလို အိမ်တွင်းတခုလုံးမှာ တယောက်ပဲရှိတဲ့ လုပ်ငန်းကဏ္ဍတွေမှာ လုပ်နေကြတဲ့သူကျတော့ ဒီ ဥပဒေမှာ အကျုံးမဝင်သလိုမျိုး ဖြစ်သွားတယ်” လို့ သူမက ဆိုပါတယ်။
ဥပဒေအရ ရေးဆွဲထားပေမယ့် တိကျတဲ့ နည်းဥပဒေမရှိတာကလည်း အိမ်အကူတွေကို ဥပဒေအရ ကာကွယ် ပေးနိုင်မှု အားနည်းရတဲ့ အဓိက အချက်ထဲမှာ ပါနေပါတယ်။
“ခက်နေတာက အလုပ်သမားအဖြစ်နဲ့ ပြဌာန်းပေးလိုက်တာပဲရှိတယ်။ ဒီအိမ်အကူတွေရဲ့ အခွင့်အရေးတွေ၊ ဥပဒေအရ ရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ပေးမယ့် ဥပဒေ နည်းဥပဒေတွေကတော့ ဒီနေ့ထိ ထွက်ရှိမပေးသေးဘူး” လို့ ဥပဒေအကြံပေးတဦးဖြစ်သူ ဦးခင်မောင်မြင့်က ပြောပါတယ်။
အိမ်အကူတွေရဲ့ အခွင့်အရေးကာကွယ်ပေးဖို့အတွက်က ဥပဒေတခုတည်း အားနည်းနေတာတော့ မဟုတ်ပါဘူး။ အဲဒီလုပ်ငန်းမှာ ပါဝင်လုပ်ကိုင်နေသူတွေကိုယ်တိုင် သူတို့ဟာ တရားဝင်အလုပ်သမားဖြစ်တဲ့အတွက် တရားဝင် အလုပ်သမားအခွင့်အရေး ရရှိခံစားပိုင်ခွင့်ရှိတယ်ဆိုတာကို မသိရှိကြသလို အိမ်ရှင်တွေကလည်း ဒီအချက် တွေကို နားလည်သိရှိမှု မရှိတာပါပဲ။
ဒါကြောင့် အိမ်ရှင်နဲ့ အလုပ်သမားတွေကြား အသိပညာပေး လှုပ်ရှားမှုတွေကိုလည်း အရပ်ဖက် အဖွဲ့အစည်း အချို့က ဦးတည်လုပ်ဆောင်နေကြတာရှိပါတယ်။
အိမ်အကူတွေကို အကြမ်းဖက်နှိပ်စက်တဲ့ သတင်းထွက်လာတိုင်း ကျူးလွန်သူတွေကို ထိထိရောက်ရောက် ပြစ် ဒဏ်ပေးဖို့ လူထုက လိုလားနေကြပေမယ့် ဒီလိုဖြစ်ရပ်တွေမဖြစ်အောင် ဘယ်လိုကာကွယ်ပေးရမလဲဆိုတာ ကတော့ အဖြေရှာရခက်နေဆဲဖြစ်ပါတယ်။
အိမ်အကူလုပ်ငန်းဟာ တသီးပုဂ္ဂလအိမ်တွင်းမှာ လုပ်ဆောင်ရတဲ့ လုပ်ငန်းပုံစံဖြစ်ပြီး အခြားလုပ်ငန်းခွင်တွေလို အလုပ်သမား စစ်ဆေးရေး (Labour Inspection) ရှိတဲ့လုပ်ငန်းခွင်မဟုတ်သေးတဲ့အတွက် အခွင့်အရေးချိုး ဖောက်မှုတွေကို စောင့်ကြည့်စစ်ဆေးဖို့ ခက်ခဲနေတာကလည်း ဒီအရေးလုပ်ဆောင်သူတွေနဲ့ ဥပဒေရေးဆွဲသူ တွေအတွက် စိန်ခေါ်မှုတရပ်ဖြစ်ပါတယ်။
ဒီလိုစိန်ခေါ်မှုတွေကို ကျော်လွှားဖို့အတွက်တော့ နိုင်ငံရေးဆန္ဒပြင်းထန်ဖို့လိုတယ်လို့ အမျိုးသမီးနှင့် ကလေး အခွင့်အရေးဆိုင်ရာ ကော်မတီရဲ့ အတွင်းရေးမှူးဖြစ်သူ လွှတ်တော်အမတ် နော်ဆူဇန်နာလှလှစိုးက ဆိုပါတယ်။
“လွှတ်တော်သက်တမ်းမှာ ဥပဒေကြမ်းတခုဖြစ်လာဖို့ အန်တီတို့ ဒါကို တွန်းမယ်လို့ ရည်ရွယ်ထားပါတယ်။ အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့လည်း ဆက်စပ်ပြီးတော့ ဆောင်ရွက်ရမယ်။ နောက်ပြီးတော့ အုပ်ချုပ်ရေးပိုင်း ကတော့ ရပ်ကွက်အဆင့် ကျေးရွာအဆင့်ထိနဲ့ အန်တီတို့က တွဲဖက်လုပ်ဆောင်လို့ရှိရင်တော့ ဖြစ်နိုင်စရာ အကြောင်းအများကြီးရှိပါတယ်” လို့ လွှတ်တော်အမတ်က ပြောပါတယ်။
ဒါပေမယ့် ဥပဒေရေးဆွဲပြဌာန်းမှု မလုပ်ခင်မှာလည်း အိမ်အကူလုပ်သားတွေနဲ့ပတ်သက်လို့ မှတ်ပုံတင်စနစ်တကျ လုပ်ပြီးမှ စေခိုင်းရမယ်ဆိုတဲ့ ညွှန်ကြားမှုမျိုး အလုပ်သမားဝန်ကြီးဌာနကနေ ထုတ်ပြန်ပေးမယ်ဆိုရင်လည်း အခွင့်အရေးချိုးဖောက်မှုတွေကို ထိန်းချုပ်နိုင်မယ်လို့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က အကြံပြုထားပါတယ်။
“ဒါတွေနဲ့ပတ်သက်လို့ ဖြေရှင်းရမယ့် နည်းစနစ်တွေ၊ ပုံစံတွေကို အဖြေရှာကြဖို့ လိုအပ်တဲ့ ဥပဒေတွေ၊ နည်း ဥပဒေတွေကို ပြဌာန်းဖို့အတွက် တိုက်တွန်းလာခဲ့တာ တော်တော်ကြာပါပြီ။ ဒါပေမဲ့ အလုပ်သမားဝန်ကြီးဌာနက သိပ်နှေးကွေးတယ်” လို့ ဦးခင်မောင်မြင့်က ပြောပါတယ်။
၂၀၁၈ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ဟာ အိမ်အကူအလုပ်သမတွေအတွက် မထူးခြားခဲ့ပေမယ့် နှိပ်စက်ညှဉ်းပမ်းမှုကြောင့် အသက်ပေးခဲ့ရတဲ့ အိမ်အကူ မကရင်မနဲ့ ကိုယ်အင်္ဂါချို့ယွင်းတဲ့အထိ ညှဉ်းပန်းနှိပ် စက်ခံရတဲ့ အိမ်အကူအလုပ်သမတွေရဲ့ ဖြစ်ရပ်တွေကတော့ ဥပဒေရေးဆွဲသူတွေနဲ့ အလုပ်သမားဝန်ကြီးဌာနကို ဘယ်လောက်အထိ တွန်းအားပေးနိုင်လဲဆိုတာကတော့ ဆက်ပြီး စောင့်ကြည့်နေရဦးမှာဖြစ်ပါတယ်။
ဖော်ပြပါ ဆောင်းပါးကို မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ စီစဉ် လုပ်ဆောင်သည့် HI (Honest Information) Website ( www.hiburma.net ) မှ ကူးယူဖော်ပြခြင်းဖြစ်သည်။