ကိုယ်ဟန်လှလှ ဝတ်လစ်စလစ် မော်ဒယ်ပုံများဖြင့် ကြေညာထားသော ဂိမ်းများက ကိုသော်တာကို စိတ်ဝင်စားအောင် ဖမ်းစားနိုင်သည်။ ထိုထက် ပို၍ ဆွဲဆောင်လိုက်သည်မှာက သိပ်မရင်းရဘဲ ငွေစ အနည်းငယ်ဖြင့် ငွေများများ ရနိုင်သည် ဆိုသည်ပင်။
“ပထမတော့ အပျော်ပေါ့။ ၁ သောင်းဖိုးလောက် ဆော့ကြည့်တော့ စစချင်း အနိုင်ပေးထားတော့ ၁ သိန်းခွဲ၊ ၂ သိန်းခွဲ ပြန်ရတယ်။ အဲဒီမှာ လောဘက တက်လာတော့တာပဲ။ ဆော့ရင်းနဲ့ ရှုံးလာတော့ လိုက်ရင်းလိုက်ရင်းနဲ့ ရှိတာတွေလည်း ကုန်သွားတယ်။ လောင်းကစားဆိုတာကတော့ စစချင်း မက်လုံး ပေးတယ်။ နောက်တော့ ဘဝပါ ပျက်သွားလိမ့်မယ်” ဟု ကို သော်တာက သူ့ဖြစ်စဉ်ကို ပြောပြသည်။
အဆိုပါ အွန်လိုင်းမှ ဆော့ကစားရသည့် လောင်းကစားဂိမ်းများမှာ ယခင်က အနည်းအကျဉ်းရှိခဲ့သော်လည်း အာဏာသိမ်း ပြီး နောက်ပိုင်းတွင် ပို၍ တွင်တွင်ကျယ်ကျယ်ဖြစ်လာခဲ့သလို၊ နာမည်ကျော် မော်ဒယ်၊ ထင်ရှား ကျော်ကြားသူများဖြင့် ကြေ ညာလာကြသည့်အတွက် လူထုကြားသို့ ပို၍ စိမ့်ဝင်လာခဲ့သည်။
အဆိုပါ အွန်လိုင်း လောင်းကစားဂိမ်း App များနှင့် ဝက်ဘ်ဆိုက်များတွင် ဘောလုံးပြိုင်ပွဲများ၊ Esports ဂိမ်းပြိုင်ပွဲများ၊ ငါးပစ်ဂိမ်း၊ စလော့၊ ကာစီနိုနှင့် ဖဲကစားနည်း အစ ရှိသော ကစားနည်းမျိုးစုံကို အချိန်နှင့် တပြေးညီ ကစားနိုင်အောင် လုပ်ဆောင်ပေးထားသည်။
လတ်တလောတွင် လောင်းကစားဂိမ်းများကို လူမှုကွန်ရက် Facebook စာမျက်နှာများနှင့် တယ်လီဂရမ်ချန်နယ်များတွင်ပါ နေ့စဉ်နှင့်အမျှ ကြေညာနေကြသလို ဟိုးယခင်ကဲ့သို့ လောင်းကစားရုံ၊ ဂိမ်းရုံများသို့ သွားရောက်ရန်မလိုဘဲ လွယ်လင့်တကူ မိုဘိုင်းဖုန်းများဖြင့် အချိန်မရွေး ဆော့နိုင်သဖြင့် လူတိုင်း လက်လှမ်းမှီနိုင်သည့် လောင်းကစားတရပ် ဖြစ်လာသည်။
အွန်လိုင်း လောင်းကစားဂိမ်းကစားခဲ့ဖူးသည့် ကိုဇော်ဇော် (အမည်လွှဲ) “၅ ထောင်၊ ၁ သောင်း ထည့်ပြီး စဆော့ကြည့်တော့ အစပိုင်းမှာ အရမ်း နိုင်တယ်။ ၆ သောင်း၊ ၇ သောင်း လောက်အထိ နိုင်တယ်။ အဲဒီပိုက်ဆံကို မထုတ်ဘဲ ဆက်ဆော့ အကုန် ရှုံးတာ၊ တပြားမှ မကျန်အောင်ကို ရှုံးတာ” ဟု သူ့အတွေ့အကြုံကို ပြောပြသည်။
ထိုလောင်းကစားဂိမ်းများသည် ကစားသမားအသစ်များကို အပိုထပ်ဆောင်းငွေ အများအပြားပေးခြင်းနှင့် အစပိုင်းတွင် နိုင်ပွဲများ ဆက်အောင် လုပ်ဆောင်ပေးပြီး ဂိမ်းကို ဆက်ကစားချင်လာအောင် ဆွဲဆောင်ပြီးမှ ရှုံးအောင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။
ကိုဇော်ဇော်က “သူငယ်ချင်းတွေထဲမှာ ဆိုရင်လည်း ၂ သိန်း၊ ၃ သိန်းလောက်အထိ နိုင်လာတယ်။ အဲဒီမှာ မနေနိုင်ဖြစ်ပြီး ဆက်ဆော့ရင်း ဆက်ဆော့ရင်းနဲ့ ၁၀ သိန်း၊ သိန်း ၂၀ လောက်အထိ ရှုံးကုန်တဲ့ လူတွေလည်း ရှိတယ်” ဟု ဆိုသည်။
အွန်လိုင်း တရားမဝင် လောင်းကစားလုပ်ငန်းများသည် Facebook တွင် လူကြိုက်များသော နာမည်ကြီး မော်ဒယ် သရုပ် ဆောင်များ၊ Follower သိန်းနှင့်ချီရှိသည့် Facebook Page များ Personal အကောင့်များတွင် ကြော်ငြာများ ကျယ်ကျယ် ပြန့်ပြန့် ထည့်သွင်းလာခြင်းကြောင့် ဖေ့ဘုတ်စ်သုံးစွဲသူတိုင်းသည် လောင်းကစားကြော်ငြာများကို ဆက်တိုက် တွေ့မြင်လာ ကြရသည်။
မြန်မာနိုင်ငံတွင် အကျယ်ပြန့်ဆုံးနှင့် လူသိများအောင် လုပ်ဆောင်ထားနိုင်သော အွန်လိုင်းလောင်းကစား ဂိမ်းလုပ်ငန်း တခုမှာ 1xbet ဖြစ်သည်။
အွန်လိုင်း လောင်းကစားဂိမ်း App များနှင့် ဝက်ဘ်ဆိုက်များ နိုင်မည့် အသင်းတသင်းကို ခန့်မှန်း လောင်းရသော ဘောလုံး ကစားပွဲများနှင့် အားကစားပွဲများမှအပ တခြားသော ငါးဖမ်းဂိမ်း၊ စလော့၊ ကာစီနို အစရှိသော ဆော့ဝဲဖြင့် ရေးဆွဲထားသော ဂိမ်းအားလုံးသည် နောက်ဆုံးတွင် ထိုးသားများ ဘက်ကသာ ရှုံးအောင် ပရိုဂရမ် ရေးဆွဲထားကြခြင်း ဖြစ်သည်။
ထို့ပြင် အွန်လိုင်းဂိမ်း ကစားရန်အတွက် လိုအပ်သော အကောင့် ဖွင့်လှစ်ခြင်း၊ ဝင်ကြေး ထည့်ခြင်းများနှင့် အနိုင်အရှုံးအပေါ် မူတည်၍ ငွေသွင်းငွေထုတ် ကိစ္စရပ်များလည်း အချိန်နှင့် တပြေးညီ အလွယ်တကူ လုပ်ဆောင်နိုင်ရန် ဆောင်ရွက်ပေးထား ကြသလို ၎င်းတို့၏ တရားမဝင်အွန်လိုင်း လောင်းကစား လုပ်ငန်းများ၏ ဘဏ်အကောင့်များကိုပင် ပေါ်ပေါ်တင်တင် ကြော် ငြာကာ လုပ်ဆောင်နေလျက် ရှိကြသည်။
“အခုက ဆိုက်ကားသမားတွေတောင် ဆော့ကြတယ်။ အဲဒီဂိမ်းတွေက ၁ ထောင်လောက်နဲ့ စဆော့ရင် တောင် ၄၊ ၅ သောင်း နိုင်အောင် လုပ်ပေးထားတော့ ၁ ထောင်လောက်ရင်းပြီး ကံစမ်းသဘော စဆော့ ရင်းကနေ စွဲသွားကြတာ များတယ်” ဟု အသက် ၂၂ အရွယ် ရန်ကုန်မြို့ ၊ တောင်ဥက္ကလာမြို့နယ်တွင် နေထိုင်သော ကိုဇင်မင်းက ဆိုသည်။
သူကိုယ်တိုင်လည်း အဆိုပါ အွန်လိုင်း လောင်းဂိမ်းများကို အချိန်အတန်အသင့် ဆော့ကစားခဲ့ဖူးသူဖြစ်ပြီး သတ်မှတ်ထား သော ငွေကြေး ပမာဏအားလုံး ရှုံးသွား၍ ဂိမ်းဆက်လက် မဆော့တော့သူ ဖြစ်သည်။
ကိုဇင်မင်းက ဆက်လက်၍ “ အရင်က ဘောလုံးပွဲဒိုင်တွေ၊ ၂ လုံး၊ ၃ လုံး(ထီ) တွေဆိုတာက သူ့အချိန်နဲ့ သူပဲ လောင်းလို့ ရကြတာ။ အခုက အွန်လိုင်းဆိုတော့ လက်ထဲမှာ ဖုန်းနဲ့ အင်တာနက်ရှိနေရင် အကုန် ထိုင်ဆော့၊ ထိုင်လောင်းနေလို့ ရ တယ်။ နောက်ပြီး လူတွေကို လိမ်ရတာလည်း ပိုလွယ်သွားတာပေါ့” ဟု ပြောဆိုသည်။
မြန်မာနိုင်ငံ၏ လောင်းကစား ဥပဒေအရ မည်သည့် အွန်လိုင်းလောင်းကစားဂိမ်းမဆိုမှာ တရားမဝင် လုပ်ငန်းများဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် အသစ်ပြဋ္ဌာန်းခဲ့သည့် လောင်းကစားဥပဒေတွင် ပြည်ထောင်စု အစိုးရ၏ခွင့်ပြုချက်ဖြင့် ကာစီနိုရုံ (လောင်း ကစားခန်း) များ ထူထောင်ခွင့်ပေးထားသော်လည်း နိုင်ငံသားများ ကစားခွင့်မရှိသလို အွန်လိုင်း လောင်းကစားများကို ခွင့်မပြုထားပေ။
ထို့ပြင် လောင်းကစားပြုလုပ်ရန် စည်းရုံး လှုံ့ဆော်ခြင်းကိုလည်း တားမြစ်ထားပြီး အနည်းဆုံး ထောင်ဒဏ် ၁ လ မှ ၆ လ အထိ ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်ငါးသောင်းမှ အများဆုံး ကျပ် တသိန်းအထိ ဒဏ်ငွေလည်း ချမှတ်ခံရနိုင်သည်။
ထို့သို့ ဥပဒေ ပြဋ္ဌာန်းချက်များရှိသော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် သရုပ်ဆောင်အချို့နှင့် နာမည်ကြီး လူသိ ထင်ရှားသူအချို့မှာ အွန်လိုင်းဂိမ်းဖြင့် လောင်းကစားခြင်းကို တရားဝင်ကဲ့သို့ ကြော်ငြာလျက်ရှိကြသည့်အပြင် ၎င်းတို့ ကိုယ်တိုင်ပင် ကစားပြကာ ကြော်ငြာနေကြသူများပင် ရှိသည်။
ကိုဇော်ဇော်က “နာမည်ကြီး ဆယ်လီတွေကိုကျတော့ အွန်လိုင်းဂိမ်းတွေက Win Rate (နိုင်ပွဲရာခိုင်နှုန်းများသော) အထူး အကောင့်တွေ ပေးပြီး ဆော့ခိုင်းထားတာ။ သူတို့ကို လူတွေက ကြည့်ပြီး သူတို့တွေတောင် နိုင်ကြတာပဲ ငါတို့လည်း နိုင်မှာပဲ ဆိုတဲ့ False Hope (မျှော်လင့်ချက်အမှား) တွေ ပေးထားကြတာ” ဟု ပြောဆိုသည်။
အွန်လိုင်း လောင်းကစားဂိမ်းများကို ဆော့ခြင်းကြောင့် လူမည်မျှ အကျိုးစီးပွား ပျက်စီးသွားသည့်ကို ပြောဆိုရန် စာရင်း အချက်အလက် အတိအကျ မရှိသော်လည်း ကြော်ငြာခယူပြီး ဂိမ်းဆော့ပြသူများမှသာ အနိုင်ရရှိနေလျက်ရှိကြောင်း အွန်လိုင်းဂိမ်းများ ကစားဖူးကြသည့် ဧရာဝတီ သတင်းရင်းမြစ်များက ပြောဆိုကြသည်။
အွန်လိုင်း လောင်းကစားဂိမ်းများကြော်ငြာပေးသူများသည်လည်း အကျိုးအမြတ်အများအပြားရရှိကြသည်။ Follower အနည်းအများနှင့် Facebook တွင် နာမည်ကြီးမှုအပေါ် မူတည်ပြီး ကြော်ငြာခ အနေဖြင့် တလကိုပင် ကျပ် ၇ သိန်း မှ ကျပ် ၁၀ သိန်းကျော်အထိ ရရှိကြကြောင်း ဧရာဝတီသတင်း ဌာနက စုံစမ်းသိရှိရသည်။
ကြော်ငြာပေးသည့် အွန်လိုင်းဆယ်လီတဦးကိုပင် ထိုသို့ ကြော်ငြာခ အများအပြား ပေးနိုင်သည်ကို ကြည့်ခြင်းအားဖြင့် အဆိုပါ အွန်လိုင်းလောင်းကစား လုပ်ငန်းများ မည်မျှ အကျိုးအမြတ်များမည်ကို ခန့်မှန်း ကြည့်နိုင်သည်။
“ကျနော်တုန်းက သူတို့က ကြော်ငြာခကို ၈ သိန်း၊ ၉ သိန်းလောက်အထိ ပေးတယ်။ အခု အာဏာသိမ်း ပြီးနောက်ပိုင်းမှာ လူတွေအကုန်လုံးက အဆင်မပြေ ဖြစ်နေကြတာ။ အဲဒါကို မင်းစိတ်ညစ်နေလား ငါဆော့တဲ့ ဂိမ်းလေးဆော့ကြည့်ပါလား ဆိုတဲ့ အကွက်တွေနဲ့ Fake Hope ပေါ့ဗျာ။ အဲဒီမျှော်လင့်ချက် အမှားကြီး မပေးချင်တာကြောင့် ကျနော်ကတော့ လောင်း ကစားကြော်ငြာတွေကို လက်မခံ ဖြစ်ဘူး” ဟု Follower သိန်းချီရှိသော အားကစား ဖျော်ဖြေရေးစာမျက်နှာ တည်ထောင်သူ တဦးက ဧရာဝတီသို့ ပြောသည်။
ယခု အာဏာသိမ်းပြီးနောက်ပိုင်းတွင် အွန်လိုင်း လောင်းကစားဂိမ်းများ ပိုမိုကျယ်ပြန့်လာခြင်းသည် ဥပဒေအရ အရေးယူမှု အားနည်းသလို Facebook ၏ လောင်းကစားဂိမ်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအတွက် ချမှတ်ထားသော စံနှုန်းများ ကြောင့်လည်း သက်ဆိုင်ကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီသည် စစ်အာဏာရှင်ကို ဆန့်ကျင် တော်လှန်နေကြသူများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) နှင့် အတိုက်အခံ အစိုးရဖြစ်သည့် NUG တို့ကို ဆိုရှယ်မီဒီယာတွင် ထောက်ခံရေးသူများကို အကြမ်းဖက်ပုဒ်မ၊ ရာဇာသတ်ကြီး ပုဒ်မနှင့် အီလက်ထရောနစ်ဆက်သွယ်ရေး ပုဒ်မ အစရှိသော ပုဒ်မမျိုးစုံတပ်၍ ပိုက်စိပ်တိုက် ဖမ်းဆီး အရေးယူမှုများ ပြုလုပ်လျက်ရှိသော်လည်း တည်ဆဲဥပဒေများနှင့် မညီညွတ်သော အွန်လိုင်း လောင်းကစားဂိမ်းများကိုမူ လျစ်လျူရှုထား လျက်ရှိသည်။
အွန်လိုင်းလောင်းကစားများသာမက ရပ်ကွက်နှင့် ကျေးရွာများတွင်လည်း လောင်းကစားပွဲများ ပြုလုပ်ခွင့်ပေးထားသည်ကို သတင်းများက ဖော်ပြနေကြသည်။ ထိုထက်မက မူးယစ်ဆေးဝါး ရောင်းချ၊ သုံးစွဲမှုများကိုပါ လျစ်လျူရှုပေးနေသည့် အခြေအနေများပါရှိလာကြောင်း နိုင်ငံရေး စောင့်ကြည့်လေ့လာသူများက ပြောသည်။
တည်ဆဲဥပဒေများနှင့် မညီညွတ်သော အွန်လိုင်းလောင်းကစားများကို စစ်ကောင်စီက မျက်ကွယ်ပြုထားခြင်းမှာ ပြည်သူလူ ထုကို နိုင်ငံရေးမှလွဲပြီး တခြားအရာများကို စိတ်ဝင်စားနေစေရန် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ၏ ကိုယ်စားလှယ် ဦးဘိုဘိုဦးက ဧရာဝတီသို့ မှတ်ချက်ပြုသည်။
“လူတွေကို နိုင်ငံရေးက ကင်းကွာအောင် လုပ်တာက သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ချင်လို့ လုပ်တာလေ။ လူတွေက နိုင်ငံရေးမှာ နိုးကြားနေလို့ သူတို့ ဒုက္ခရောက်နေတာ။ အဲဒီအတွက်ကို သူတို့က လူတွေကို သက်သက်ဖျက်ဆီးနေတာ” ဟု သူက ပြောဆိုသည်။
အွန်လိုင်းဂိမ်းများ ဆော့၍ ငွေကြေးအထိနာခဲ့ရသူများကမူ ထို လောင်းကစား ကွန်ရက်တွင် မပါဝင်ကြရန် သတိပေး ကြလျက်ရှိသည်။
ဂိမ်းဆော့၍ ငွေကြေးဆုံးရှုံးသူတဦးက “လောင်းကစားဂိမ်း ဆော့သူတွေမှာ ၁၀၀ မှာ ၁၀ ယောက်ထဲ ဘဝပျက်တာ မဟုတ် ဘူး။ ၉၉ ယောက်က ဘဝပျက်တာ၊ ကျန်တဲ့တယောက်က ပိုက်ဆံရှိနေလို့ ဘဝပျက်မသွားတာ” ဟု သတိပေး ပြောဆို သည်။
အွန်လိုင်း လောင်းကစားဂိမ်းကို ဆန့်ကျင် ကန့်ကွက်သူများလည်း Facebook စာမျက်နှာတွင် သတိပေးနှိုးဆော်လျက်ရှိ ကြသလို ဂိမ်းကြေညာသူများအား လူမှုရေးပြစ်ဒဏ်ပေးခြင်းတို့ပြုလုပ်ရန်အတွက် ပြောဆိုလာကြသည်။
“ဒီအချိန်မှာ အကုန် ရှားပါးပြီး ခက်ခဲနေကြတာ။ ကောက်ရိုးတမျှင်ဆိုလည်း ဆွဲမှာပဲ။ ဆော့တဲ့သူတွေကို အပြစ်မပြော ချင်ဘူး။ အဓိက ဥပဒေက မထိန်းနိုင်ပေမယ့် ကျနော်တို့ ကြေညာပေးတဲ့သူတွေကို Boy Cott လုပ်မယ်၊ သတိပေးကြမယ် ဆိုရင် လျော့ပါးသွားမယ်လို့ သုံးသပ်ရပါတယ်” ဟု ဆန့်ကျင်ကန့်ကွက်သူ တဦးက ဆိုသည်။
You may also like these stories:
မိုက်မဲသော အာဏာသိမ်းမှုကြောင့် စစ်ကောင်စီ ကျဆုံးရမည်
မြန်မာလုပ်သားများကို ပစ်မှတ်ထားကာ အွန်လိုင်းမှ ငွေကြေးလိမ်လည်မှုများ ရှိနေ
ဗဟိုဘဏ် ဒုဥက္ကဋ္ဌဟောင်း ဦးဘိုဘိုငယ်အား ထောင်ဒဏ် အနှစ်၂၀ ချမှတ်