ရွေးကောက်ခံအစိုးရအား ဖြုတ်ချကာ နိုင်ငံ၏ ထိခိုက်လွယ်ပြီး ကာလကြာမြင့်စွာ မျှော်လင့်နေသည့် နိုင်ငံရေး အပြောင်းအလဲကို ဖျက်ဆီး၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းခဲ့သည်မှာ နှစ်နှစ်နီးပါး ကြာပြီဖြစ်သည်။
အရှေ့တောင်အာရှတွင် သယံဇာတကြွယ်ဝပြီး ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းနေသည့် မြန်မာနိုင်ငံသည် ထိုအချိန်မှ စတင်ပြီး ဖရိုဖရဲဖြစ်သွားကာ အာဏာသိမ်းပြီး တနှစ်အတွင်း ကျဆုံးနိုင်ငံအဆင့်အတန်း ရောက်သွားသည်။
စစ်ကောင်စီကို တားဆီးရန် မြန်မာလူငယ်မျိုးဆက်သည် လူမှုကွန်ရက်မီဒီယာ ကျွမ်းကျင်မှုမှသည် လက်နက်ကိုင် အင်အားစုများ ဖွဲ့စည်းခြင်းအထိ နည်းလမ်းပေါင်းစုံ သုံးသည်။ ၎င်းတို့၏ အားထုတ်မှုများကြောင့် အာဏာသိမ်းသူများ အောင်မြင်မှုမရသည်မှာ သေချာလာသည်။
လူသန်းပေါင်းများစွာ လမ်းမများပေါ် ထွက်လာပြီး ထိုစဉ်က ဆိုရှယ်လစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်သည့် နိုင်ငံတဝန်းကျယ်ပြန့်သော ၁၉၈၈ အရေးတော်ပုံသည် အကြမ်းမဖက်ရေး လှုပ်ရှားမှု၏ အစိတ်အပိုင်းဖြစ်သည်။ ထိုစဉ်ကနှင့် မတူသည်မှာ ယခုတကြိမ်တွင် စစ်ကောင်စီကို ဆန့်ကျင်သူများသည် ထိုသို့သော ကတိကဝတ်များ ပြုခြင်းမရှိဘဲ စစ်အာဏာသိမ်းမှုကို အဆုံးသတ်ရန် လိုအပ်သည့် မည်သည့် သေနင်္ဂဗျူဟာနှင့် နည်းလမ်းမဆိုကို အသုံးပြုကြသည်။
ဆွဲဆောင်စည်းရုံးနိုင်သော ခေါင်းဆောင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် ၁၉၈၈ ခုနှစ်တွင် နိုင်ငံရေးလောကသို့ ဝင်ရောက်လာသောအခါ အကြမ်းမဖက် တိုက်ပွဲဝင်ရေးမူများကို ပြတ်ပြတ်သားသား ဆုပ်ကိုင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့တိုင် လေးစားနေဆဲဖြစ်သော်လည်း သူ့ကို ထောက်ခံသူများနှင့် ပင်မနိုင်ငံရေးလောက အတွင်းအပြင်မှ လူအများအပြားသည် လက်ရှိတိုက်ပွဲကို မတူညီသော အမြင်များဖြင့် ရှုမြင်ကြသည်။
တချိန်တခါက ပြည်သူလေးစားခံရသော မြန်မာစစ်တပ်သည် ယနေ့တွင် စစ်ရာဇတ်ကောင်များနှင့် လူရမ်းကားများသဖွယ် ပြုမူနေပြီး စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် ရက်စက်ကြမ်းကြုတ်စွာ ပြည်သူများကို နှိမ်နင်းကာ ကျေးရွာ ထောင်နှင့်ချီ၍ မီးရှို့သည်။ စစ်ကောင်စီသည် ကျေးရွာများနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ခုခံတော်လှန်ရေး အင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ပိုင်နက်များကို တိုက်ခိုက်ရန် တရုတ်နှင့် ရုရှားလုပ် ဂျက်တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များ ပုံမှန်စေလွှတ်နေသည်။ ယနေ့ စစ်ကောင်စီတပ်သည် ပြည်ပကျူးကျော်တပ်သဖွယ် ပြုမူနေသည်။
သို့သော် လက်နက်ကြီးများနှင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခြင်းကို အသုံးပြုခြင်းကြောင့် ပြည်သူများက စစ်ကောင်စီကို စက်ဆုပ်ရွံရှာမှု တိုးလာစေပြီး ခုခံတိုက်ခိုက်ရန် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာစေသည်။
ဒေသတွင်းတွင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ၏ စစ်ကောင်စီသည် သံတမန်ဆက်ဆံရေး၌ အထီးအကျန်ဆုံးအဖြစ် ထိုက်ထိုက်တန်တန် ဖြစ်နေသည်။
အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ၏ ရုပ်သေးနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအဝင် စစ်ကောင်စီ ထိပ်တန်းခေါင်းဆောင်များကို ပစ်ပယ်ထားသည်။
ကနဦးတွင် ကန့်ကွက်ဆန္ဒပြပွဲများ၊ နောင်တွင် လက်နက်ကိုင်ခုခံမှု၊ နိုင်ငံတကာ သပိတ်မှောက်မှုများနှင့် ရင်ဆိုင်ရသော မင်းအောင်လှိုင်သည် ရုရှားမှ ပူတင်အစိုးရနှင့် အလျင်အမြန် ချစ်ကြည်ရေး တည်ဆောက်ရပြီး တရုတ်နှင့် ပုံမှန်ချစ်ကြည်မှုကို ထိန်းသိမ်းထားရသည်။ မော်စကိုနှင့် နေပြည်တော်အကြား ကြီးထွားလာသော ဆက်ဆံရေးသည် မြန်မာ့အရေး လေ့လာသူများနှင့် အတိုက်အခံ အင်အားစုများအကြား ပူပန်မှုဖြစ်စေသည်။ သို့သော် အားလုံးက ပြောနိုင်ငံသောအချက်မှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ယူကရိန်းစစ်တွင် ရှုံးနိမ့်ပြီး ဒုက္ခရောက်နေသော သမ္မတ ပူတင်နှင့် အတူလုပ်ဆောင်နေသည် ဆိုသည့်အချက်ဖြစ်သည်။ ကံဆိုးမ သွားရာ မိုးလိုက်ရွာသော မင်းအောင်လှိုင်ဖြစ်သည်။
မြန်မာနိုင်ငံအခြေအနေကို ကောင်းမွန်ပြည့်စုံစွာ နားလည်သောတရုတ်သည် စစ်ကောင်စီကို အသက်ဆက်နိုင်အောင် လုပ်ထားပေးပြီး အကူအညီများပေးကာ ကုန်သွယ်ရေးနှင့် လက်နက် ဆက်လက် စီးဆင်းစေသည်။
မြန်မာတွင် တရုတ်ကို အမီလိုက်ရန် စိတ်အားထက်သန်နေပြီး မြန်မာနယ်စပ် အရှေ့မြောက်ဒေသမှ ပုန်ကန်မှုများကို စိုးရိမ်ကာ နယူးဒေလီသည် နိုင်ငံတကာ စိုးရိမ်ပူပန်မှုများကို လျစ်လျူရှု၍ စစ်ကောင်စီကို နွေးထွေးစွာဆက်ဆံပြီး မြန်မာပြည်သူများနှင့် အတိတ်က တည်ဆောက်ထားသည့် ချစ်ကြည်ရင်းနှီးမှု အရင်းအနှီးများကို အလျင်အမြန် သုံးဖြုန်းလိုက်သည်။
ယခုအခါ ထို သုံးနိုင်ငံလုံးကို မြန်မာပြည်သူများက ထိုက်တန်စွာ ပြစ်တင်ရှုတ်ချနေကြသည်။
ဝေဒနာခံစားရသောအခါ လူတိုင်းလူတိုင်း ကျယ်ကျယ်လောင်လောင် ခံစားကြသည် မဟုတ်ကြောင်း ထိုနိုင်ငံများ သိသင့်သည်။ မြန်မာပြည်သူများသည် နာကျင်နေပြီး အစုအဝေးလိုက် စိတ်ဒဏ်ရာနှင့် စိတ်ဖိစီးမှုများ ခံစားနေကြသည်။ မြန်မာပြည်သူများ၏ နာကျင်မှုသည် အသံမထွက်သည်ကို ရုရှား၊ တရုတ်နှင့် အိန္ဒိယ သိသင့်သည်။
မေးစရာရှိသည်မှာ ၎င်းတို့သည် စစ်ကောင်စီနှင့် အမှန်တကယ် ရပ်တည်ပါသလားဆိုသည့် မေးခွန်းဖြစ်သည်။ စစ်ကောင်စီ၏ သက်တမ်းသည် တိုတောင်းပြီး ထိုစစ်ကောင်စီနှင့် ပူးပေါင်းခြင်းသည် သစ္စာမဲ့ခြင်းဖြစ်သည်သည်ကို ကမ္ဘာတဝန်းရှိ အစိုးရတိုင်းမှ အရွယ်ရောက်ပြီးသူ အားလုံးသိသည်။ ဟစ်တလာကို အပေါင်းအသင်းလုပ်သည်နှင့် တူတော့သည်။
ယနေ့သတင်းကောင်းမှာ စစ်ကောင်စီသည် အမေရိကန် ပြည်ထောင်စုထံမှ ပိုမိုများပြားသည့် အရေးယူပိတ်ဆို့မှုများကို ရင်ဆိုင်နေရသည် ဆိုသည့်အချက်ဖြစ်သည်။ မြန်မာနိုင်ငံ ဒီမိုကရေစီအတွက် အမေရိကန် ပြည်ထောင်စုက ဆက်လက် ရပ်တည်နေသောကြောင့် အားတက်စရာကောင်းသည်။
ဒီဇင်ဘာ ၇ ရက်နေ့တွင် အမေရိကန် အောက်လွှတ်တော်သည် အမေရိကန်အမျိုးသား ကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) ကို အတည်ပြုလိုက်သည်။ ထိုဥပဒေက မြန်မာမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) နှင့် PDFs များသို့ စစ်ရေးမဟုတ်သော အကူအညီပေးပြီး ထိတွေ့ဆက်ဆံရန် ကတိပြုထားသည်။
မြန်မာနိုင်ငံ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုအတွက် ရုန်းကန်နေရချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒကို ထောက်ကူရန် ထိုအက်ဥပဒေက ရည်ရွယ်သည်။
ထိုအက်ဥပဒေက မြန်မာသို့ အရပ်သား အုပ်ချုပ်ရေး ပြန်လည်ထူထောင်ရန်၊ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ခံမှု ရှိစေရန်၊ EAOs နှင့် PDFs များအပါအဝင် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများကို ကူညီပံ့ပိုးရန် ကတိပြုသည်။
ထိုအက်ဥပဒေတွင် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ထိုအစိုးရ၏ လွှတ်တော် အဖွဲ့အစည်းဖြစ်သော ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့၏ အမည်များကို ဖော်ပြထားသည်။
ထိုဥပဒေတွင် လူမှုအခြေပြု အဖွဲ့အစည်းများ၊ စစ်တပ်မှ ဘက်ပြောင်းလာသူများ၊ နိုင်ငံရေးအကျဉ်းသားများကို ပံ့ပိုးရန် အခွင့်အာဏာပေးထားပြီး ဒီမိုကရေစီလှုပ်ရှားမှု၊ လူမှုအခြေပြု အဖွဲ့အစည်းများနှင့် နိုင်ငံရေးအဖွဲ့အစည်းများ၊ EAOs များနှင့် ပတ်သက်သော အသင်းအဖွဲ့များကို ၂၀၂၃ မှ ၂၀၂၇ ဘဏ္ဍာရေးနှစ်အထိ ငွေကြေး အထောက်အပံ့ပေးရန် ကတိပြုသည်။ ဖက်ဒရယ်စနစ် ခိုင်မာစေရေး၊ တိုင်းရင်းသား ပြန်လည်သင့်မြတ်ရေးကို ကူညီရေး၊ နိုင်ငံရေးအကျဉ်းသားများအား အကာအကွယ်ပေးရေး၊ စစ်တပ်မှ ဘက်ပြောင်းလာခြင်းကို အားပေးရေးနှင့် ရက်စက်ကြမ်းကြုတ်မှုများကို စုံစမ်းစစ်ဆေး မှတ်တမ်းတင်ရေး တို့အတွက်လည်း ရန်ပုံငွေများ သတ်မှတ်ထားပေးသည်။
ထို့ပြင် စစ်ကောင်စီကို ကုလသမဂ္ဂတွင် အမေရိကန်က ပိုမိုကြီးမားစွာ တွန်းအားပေးရေးကို ကတိပြုပြီး စစ်ကောင်စီကို ထောက်ခံသော ရုရှားနှင့် တရုတ်တို့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရေးကိုလည်း တောင်းဆိုသည်။
ထိုဥပဒေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မကြာမီလက်မှတ်ထိုးမည်ဟု မျှော်လင့်ရပြီး ဒီမိုကရေစီ ပြန်လည် ထိန်းသိမ်းရေးနှင့် နေပြည်တော်မှ လူရမ်းကား စစ်ကောင်စီကို ရင်ဆိုင်ရန် မြန်မာကို ကူညီရာတွင် အမေရိကန် ပြည်ထောင်စုသည် ယခင်ကအတိုင်း အဓိကအခန်းမှ ပါဝင်ရန် ခွင့်ပြုမည်ဖြစ်သည်။
သို့သော် ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီကို ဆက်လက် ခုခံတိုက်ခိုက်ရမည်မှာ အမေရိကန် ပြည်ထောင်စုမဟုတ်ဘဲ မြန်မာပြည်သူများသာ ဖြစ်သည်။ မည်သို့ဆိုစေကာမူ အမေရိကန် ပြည်ထောင်စု ကဲ့သို့သော မိတ်ဆွေတဦးသည် ကူညီနိုင်သည်။ ခုခံတော်လှန်ရေး အင်အားစုများသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဘက်က ရှိသည့် နိုင်ငံများကဲ့သို့ အင်အားကြီးမားသည့် မိတ်ဆွေလိုသည်။ ယခု ဖြစ်ပေါ်တိုးတက်မှုကို မြန်မာပြည်သူများက သတင်းကောင်းအဖြစ် မြင်မည်ကို သံသယရှိရန် မလိုပေ။
မြန်မာ့အရေးတွင် ပါဝင်ခဲ့ကြသော အမေရိကန်နှင့် အနောက်တိုင်း မိတ်ဆွေများသည် အဖိနှိပ်ခံ မြန်မာပြည်သူများကို မစွန့်လွှတ်သင့်ပေ။ သက်တမ်းရှည်ကြာပြီဖြစ်သည့် မိတ်ဆွေများအနေဖြင့် ထိုနိုင်ငံများက ရပ်တည် ကူညီသင့်သည်။
စစ်ကောင်စီ အောင်မြင်သည်ဆိုသည့် စိတ်ကူးသည် မတွေးရဲစရာ ဖြစ်သည်။ ထိုသို့ဖြစ်ပါက မြန်မာပြည်သူများသည် နိုင်ငံရေးအကျဉ်းသားဟောင်း မစ္စတာ ရှောင်တာနဲလ် ပြောသော အရူးသဖွယ်ပြုမူသည့် လူသတ်ဗိုလ်ချုပ်များ၏ ကျေးကျွန်များ ထာဝရ ဖြစ်နေမည် ဖြစ်သည်။ ဩစတြေးလျ စီးပွားရေးပညာရှင် မစ္စတာ ရှောင်တာနဲလ်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဖြုတ်ချခံအစိုးရအတွက် စီးပွားရေးအကြံပေး ဖြစ်သည်။
ယခုစစ်အာဏာသိမ်းမှုသည် မိုက်မဲသော စစ်အာဏာသိမ်းမှု ဖြစ်သည်ကို မြန်မာနှင့် အနီးကပ်ဆုံးအိမ်နီးချင်း နိုင်ငံအားလုံးမှ ဝါရင့်သံတမန်များပင် သဘောတူကြပြီး ထိုစစ်အာဏာသိမ်းမှုသည် အရှေ့တောင်အာရှတွင် မရေရာမှု၊ မတည်ငြိမ်မှုနှင့် သွေးကွဲမှု လှိုင်းတခုကို ဖန်တီးလိုက်ပြီး ဒေသတွင်းတွင် ကြီးမားသော ဆုတ်ယုတ်မှုဖြစ်သည်ဟု ASEAN နိုင်ငံ အများအပြားက မြင်သည်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ပြည်သူ့ထံမှအာဏာကို ခိုးယူသည်။ အမြောက်များ၊ ဂျက်တိုက်လေယာဉ်များဖြင့်ပင် သူ၏ စစ်ကောင်စီသည် ပြည်သူနှင့် နိုင်ငံကို ထိန်းချုပ်နိုင်ခြင်း မရှိပေ။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် မအောင်မြင်နိုင်သည်မှာ သေချာသည်။ သူသည် မိုက်မဲသော အာဏာသိမ်းမှု ပြုလုပ်ခဲ့သောကြောင့်ပင်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ It Was a Stupid Coup—That’s Why the Myanmar Junta Will Fail ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories :
မြန်မာကလေးများ ထပ်မံသတ်ဖြတ်မခံရရေး ကမ္ဘာက ချက်ခြင်းအရေးယူရမည်
စစ်အုပ်စု အဆက်ဆက် မြန်မာပြည်သူ သန်းပေါင်းများစွာကို မောင်းထုတ်ခဲ့သည်
ကလေးငယ်များကို သတ်ဖြတ်မှုအပေါ် နိုင်ငံတကာအဖွဲ့များ နှုတ်ဆိတ်နေဟု ဝေဖန်
စစ်ကောင်စီဆန့်ကျင်ရေးသမား လူငယ်များကို ဒေါ်အောင်ဆန်းစုကြည် ချီးကျူး