ရခိုင်ပြည်နယ် သံတွဲမြို့တွင် ပဋိပက္ခအချို့ ထပ်မံဖြစ်ပွားရာ နေအိမ်နှစ်လုံး မီးရှို့ခံရပြီး အကြမ်းမှုဖက်မှုများ ဆက်လက် ဖြစ်ပွားခြင်း မရှိစေရန် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီခန့်တွင် သံတွဲမြို့ မြို့တော်ခန်းမ အနီးရှိ ဦးကျော်ဇံလှ ပိုင်ဆိုင်သော ငပလီ အထွေထွေ အရောင်းဆိုင်ရှေ့တွင် ကိုရဲသီဟ၏ သာသနာ့ အလံပါ သုံးဘီးဆိုင်ကယ် ပိတ်ရပ်ရာမှ အပြန်အလှန် စကားများ ရန်ဖြစ်ခဲ့ပြီးနောက် ကိုရဲသီဟက တရားလိုပြုလုပ်၍ သံတွဲမြို့မ ရဲစခန်း၌ သွားရောက်တိုင်ကြားခဲ့သည်။
တိုင်ကြားမှုကို သံတွဲမြို့မ ရဲစခန်းက လက်ခံ၍ ဦးကျော်ဇံလှအား ဆဲဆိုမှုဖြင့် အမှုဖွင့်ပေးခဲ့သော်လည်း သာသနာကို အကြည်ညိုပျက်စေမှု မပါသောကြောင့် သံတွဲဒေသခံများက လက်မခံခဲ့ကြောင်း၊ ထို့ကြောင့် ရဲစခန်းက သာသနာကို အကြည်ညိုပျက်စေမှု အပါအအဝင် ဆဲဆိုမှုတ့ိုဖြင့် သံတွဲ/(ပ)၇၈/၂၀၁၃၊ ပြစ်မှုပုဒ်မ-၂၉၄/၅၀၆ အရ အမှုဖွင့်ပေးခဲ့ရကြောင်း၊ အမှုဖွင့်ထားသော ပုဒ်မများမှာ အာမခံ ပေးနိုင်သောကြောင့် ဦးကျော်ဇံလှကို အာမခံ ပေးလိုက်သော်လည်း အာမခံပေးသည်ဟု ဆိုကာ မြို့ခံ ဗုဒ္ဓဘာသာများက ထပ်မံ ပြဿနာရှာခဲ့ကြောင်း သံတွဲမြို့မ ရဲစခန်းမှ ရဲတပ်ကြပ်ကြီးတဦးက ဧရာဝတီသို့ ရှင်းပြသည်။
အစ္စလာမ် ဘာသာဝင် ဦးကျော်ဇံလှကို အာမခံ ပေးသည့်အတွက် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ရဲစခန်းသို့ လူစုလာသောကြောင့် သံတွဲမြို့မိမြို့ဖများနှင့် ဒေသခံ တာဝန်ရှိသူများ ဆွေးနွေးတိုင်ပင်ပြီး ပဋိပက္ခ ပိုမို မကြီးထွားစေရန် ဦးကျော်ဇံလှကို ပြန်ဖမ်းရေး သဘောတူညီခဲ့သော်လည်း ညနေပိုင်းတွင် အကြမ်းဖက်မီးရှို့မှုများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အာမခံပေးတာကို မြို့ခံဗုဒ္ဓဘာသာ ဘုန်းကြီးတွေနဲ့ လူတွေက မကျေနပ်ဘဲ ဦးကျော်ဇံလှကို ပြန်ဖမ်းပေးဖို့ ရဲစခန်းမှာ လာတောင်းဆိုကြတယ်။ ဦးကျော်ဇံလှကို နောက်ဆုံး တည်ဆဲ ဥပဒေအရ ဆယ်သိန်းနဲ့ အာမခံပေးထားတာ။ မကျေနပ်တော့ မနေ့က နေ့လည်ပိုင်းမှာ မြို့နယ် ဥပဒေအရာရှိ ရပ်မိရပ်ဖတွေ ခယက ဥက္ကဌ၊ မယက ဥက္ကဌတွေ အစည်းအဝေး လုပ်ကြတယ်။ နောက်ဆုံး သဘောတူလိုက်တာက တရားခံ ဦးကျော်ဇံလှကို ကျနော်တို့က ပြန်ဖမ်းပေးရမယ်။ အစည်းအဝေးလုပ်ပြီးရုံပဲ ရှိသေးတယ်၊ ဟိုဘက်မှာ ကျော်ဇံလှအိမ်ကို ခဲနဲ့ ဝိုင်းပေါက်ကြတော့တာပဲ” ဟု အထက်ပါ ရဲတပ်ကြပ်ကြီးက ဆိုသည်။
ဦးကျော်ဇံလှအိမ်ကို ခဲပေါက်မှုနှင့် ပတ်သက်ပြီး ရခိုင်တိုင်းရင်းသား ကိုညီညီလွင်နှင့် ကိုဇော်မင်းထိုက်တို့ နှစ်ဦးကို သံတွဲ/ပ/၇၉/၂၀၁၃၊ ပုဒ်မ ၃၃၆/၄၂၇ နေအိမ်ကို ခဲပေါက်မှုဖြင့် မြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ထိုဖြစ်စဉ်ကြောင့် စက်တင်ဘာလ ၂၉ ရက်နေ့တွင် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး ယူပေးခဲ့ရကြောင်း၊ လုံခြုံရေး ယူထားသော်လည်း ညနေ ၆ နာရီခန့်မှ စတင်ကာ မီးရှို့မှုများ စတင်ခဲ့ပြီး အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တဦး၏ အိမ် အပါအဝင် အိမ်နှစ်လုံး မီးလောင်ခဲ့ရပြီး ဓာတ်ဆီဆိုင်ကိုမူ အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။
ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ သံတွဲမြို့ခံ အစ္စလာမ် ဘာသာဝင် ကိုကျော်လင်းက “ကျနော်တို့ ဘာသာဝင်တွေရဲ့ အိမ်တွေ မီးရှို့ခံရတယ်။ လုံခြုံရေးကလည်း အားနည်းတယ်။ နောက်ပိုင်းမှ လုံခြုံရေးက ရောက်လာတာ။ ဒီနေ့ ဦးကျော်ဇံလှကို ရုံးထုတ်မယ်။ ဒီနေ့က ပိုစိုးရိမ်ရတယ်” ဟု ပြောသည်။
လူတဦးကို ဖမ်းဆီးရန်၊ ထောင်ချရန် လူအုပ်စုဖြင့် ရဲစခန်းကို ဝိုင်းရဲသောသူများစွာ ရှိနေခြင်းသည် ယနေ့ တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်ခြင်းဖြစ်ပြီး တိုင်းပြည်အတွက် စိုးရိမ်စရာကောင်းသော အခြေအနေဖြစ်ကြောင်း သူက ဆိုသည်။
သံတွဲလူမှုကွန်ရက် အဖွဲ့ဝင်တဦးကမူ တိုင်ကြားခံရသူကို ရဲစခန်းက လွှတ်ပေးထားသောကြောင့် မြို့ခံများက မကျေမနပ်ဖြစ်၍ ပဋိပက္ခမှာ ပိုမိုကြီးထွားသွားခဲ့ကြောင်း ပြောသည်။
သံတွဲမြို့တွင် ယခင် ပဋိပက္ခဖြစ်ပွားခဲ့စဉ်က ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခဲ့သော်လည်း လက်ရှိ အခြေအနေများအရ ညမထွက်ရအမိန့်ကို ဆက်လက် အတည်ဖြစ်စေရန် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက မြို့တွင်းတွင် အသံချဲ့စက်ဖြင့် လှည်ပတ်ကြေညာခဲ့ရာ ခဲဖြင့် အပေါက်ခံရသဖြင့် ပြန်လှည့်ခဲ့ရကြောင်း သံတွဲမြို့မှ ရဲစခန်းမှ သိရသည်။