မြန်မာနိုင်ငံတွင် ငွေလွှဲလုပ်ငန်း စတင်လုပ်ကိုင်၍ ၈ လ ကြာမြင့်ခဲ့ပြီးချိန်၌ နိုင်ငံပေါင်း ၁၀၇ နိုင်ငံမှ လူများသည် ယခင်က စီးပွားရေး ပိတ်ဆို့ထားခြင်း ခံခဲ့ရသည့် မြန်မာနိုင်ငံသို့ ငွေလွှဲခဲ့ကြကြောင်း ကမ္ဘာကျော် ငွေလွှဲလုပ်ငန်းကြီး တခုဖြစ်သည့် Western Union က ပြောကြားလိုက်သည်။
Western Union သည် ပြည်တွင်းဘဏ် ၈ ခုနှင့် ချိတ်ဆက်ထားသည့်အတွက် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ကိုယ်စားလှယ်ပေါင်း ၂၈၀ ကျော်ရှိနေသည်။ သွားလာဆက်သွယ်ရန် ခက်ခဲသော ချင်းပြည်နယ်မှ လွဲ၍ ကျန် ပြည်နယ်နှင့် တိုင်းဒေသများ အားလုံးကို လွှမ်းခြုံထားနိုင်သည်။ အင်တာနက်မှ တဆင့်လည်း ငွေလွှဲနိုင်ပြီး ၎င်း၏ ဝက်ဘ်ဆိုက် အထက်နားတွင် သနပ်ခါးလိမ်းထားသည့် မြန်မာမိန်းကလေး တယောက်ပြုံးရယ်နေသော ပုံကိုတွေ့ရမည် ဖြစ်သည်။
တခြား ငွေလွှဲလုပ်ငန်းတခု ဖြစ်သည့် MoneyGram ကတော့ မကြာသေးခင်ကမှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊ မြန်မာနိုင်ငံသားများဘဏ် နှင့် ထွန်းဖောင်ဒေးရှင်းဘဏ် အစရှိသည့် ပြည်တွင်းဘဏ် ၃ ခု နှင့် ချိတ်ဆက်၍ ငွေလွှဲဝန်ဆောင်မှုများ ပေးသွားမည်ဖြစ်ကြောင်း သြဂုတ်လ နှောင်းပိုင်းတွင် ကျေညာခဲ့သည်။
Western Union နှင့် MoneyGram တို့က မကြာခင် ရောက်ရှိလာတော့မည့် ခရီးသွားရာသီတွင် မြန်မာ နိုင်ငံအတွင်းသို့ ပိုမိုများပြားစွာ စီးဝင်လာမည့် ကမ္ဘာလှည့် ခရီးသည်များကို ဝန်ဆောင်မှု ပေးခြင်းအားဖြင့် အကျိုးအမြတ် ရရှိနိုင်ရန် မျှော်လင့်ထားခြင်း ဖြစ်သော်လည်း လက်ရှိအချိန်တွင် သူတို့ အောင်မြင်နိုင်ရေးက သြစတေးလျ၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ အင်္ဂလန် နှင့် အမေရိကန် အစရှိသော နိုင်ငံများတွင် ပြောင်းရွှေ့နေထိုင်ကာ အလုပ်လုပ်နေကြသော သန်းနှင့် ချီသည့် မြန်မာနိုင်ငံသားများက မိသားစုထံ ငွေပြန်ပို့ကြခြင်းပေါ်တွင် မူတည်နေသည်။ နှစ်စဉ် ၎င်းတို့ ပြန်လွှဲသည့်ငွေသည် ကျပ်ငွေ သန်းပေါင်းများစွာ ရှိသည်။
မလေးရှားနိုင်ငံတွင် တသန်းခန့်၊ ထိုင်းနိုင်ငံတွင် ၃ သန်းခန့် ရှိသော မြန်မာအလုပ်သမားများက နယ်မြို့များနှင့် ကျေးလက်ဒေသများတွင် ခက်ခဲစွာ ရုန်းကန်နေရသည့် ဆွေမျိုးသားချင်းများထံသို့ ငွေလွှဲပို့ပေးနေရသည်။ ထိုနေရာများတွင် အလုပ်အကိုင် အခွင့်အလမ်းက ရှားပါးနေဆဲဖြစ်ပြီး လူအများစု၏ အသက်ရှင်ရပ်တည် နိုင်ရေးအတွက် စိုက်ပျိုးရေး လုပ်ငန်းကို သာလုပ်ကိုင်နေကြရသည်။
မြန်မာနိုင်ငံတွင် ငွေစက္ကူများကို ၉ နှင့်စားလျှင် ပြတ်သည့် ပမာဏများ နှင့် ရိုက်နှိပ်ထုတ်ဝေခဲ့ခြင်း ကဲ့သို့သော ယခင် စစ်အစိုးရတို့၏ အများနှင့်မတူ တမူထူးခြားသည့် ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာမူဝါဒ ချမှတ်မှုများ ရှိခဲ့သည့်အပြင် ၂၀၀၃ ခုနှစ်က ပုဂ္ဂလိကဘဏ်များ ပြိုလဲခဲ့ပြီးနောက် ဘဏ်စနစ်အပေါ် ပြည်သူတို့ ယုံကြည်အားထားမှုများ ပျောက်ဆုံးခဲ့ရသည်။ ငွေစက္ကူများကို ၄၅ ကျပ်တန်၊ ၉၀ တန် စသည်ဖြင့် ထုတ်ဝေခဲ့ခြင်းသည် ဗေဒင်ပညာကို ယုံကြည်သော အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီး နေဝင်း၏ စိတ်ကူး အစီအစဉ်တရပ် ဖြစ်သည်ဟုလည်း ဆိုကြသည်။
Western Union နှင့် MoneyGram တို့ မြန်မာနိုင်ငံ ဈေးကွက်သို့ ဝင်ရောက်လာနိုင်ခြင်းသည် လက်ရှိအစိုးရ၏ စီးပွားရေး ပြုပြင်ပြောင်းလဲပေးမှုများ ကြောင့်လည်း ဖြစ်သည်။ အစိုးရသစ်က မြန်မာကျပ်ငွေကို ဈေးကွက်ထဲမှ အမှန်တကယ် တန်ဖိုး နှင့် နီးစပ်သော ဈေးနှုန်းနှင့် ဖလှယ်ခွင့်ပြုလိုက်ပြီး ငွေတန်ဖိုးကို နှုန်းရှင်ဖြစ်စေခဲ့သည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာလမှ စတင်၍ ပုဂ္ဂလိက ဘဏ်များကို နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်နှင့် ငွေလဲလုပ်ငန်း လုပ်ကိုင်ခွင့် ပြုခဲ့ခြင်းတို့က Western Union နှင့် MoneyGram တို့ မြန်မာနိုင်ငံကို ဝင်ရောက်လာနိုင်ဖို့ လမ်းစတခု ဖြစ်ခဲ့သည်။ ၂၀၁၂ ခုနှစ် အလယ်ပိုင်း ရောက်ချိန်တွင် အမေရိကန် အစိုးရက ကာလရှည်ကြာစွာ ကိုင်စွဲထားခဲ့သည့် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုများကို ဖြေလျှော့ပေးလိုက်ပြီး အမေရိကန် စီးပွားရေး လုပ်ငန်းများကို မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခွင့ိ ပြုလိုက်သည့်အခါ ဘဏ္ဍာရေးဝန်ဆောင်မှု ကုမ္ပဏီများ တရားဝင် လာရောက်လုပ်ကိုင်ခွင့် ရရှိလာသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် ၎င်း၏ ဘဏ္ဍာရေးစနစ်ကို ခေတ်မီလာအောင် ကြိုးပမ်းနေပြီး ဘဏ်များလည်း တိုးတက်မှု ရှိလာသော်လည်း ဘဏ်အရေအတွက်က နည်းပါးနေသေးပြီး မြို့ကြီးများတွင်သာ ရှိနေသေးသည်။ ယခင်ကဆိုလျှင် မြို့ကြီးများတွင်ပင်လျှင် ဘဏ်များ လုပ်ငန်းဆောင်ရွက်ရန် ခက်ခဲမှုတွေရှိခဲ့သည်။ ယခုအခါ ဘဏ်ခွဲများ ပိုမိုဖွင့်လှစ်လာနိုင်ပြီး ပြည်သူများ ဘဏ်ဝန်ဆောင်မှုကို ပိုမိုသုံးစွဲ လာနိုင်သည့်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုသည် အနည်းဆုံး မြို့ပြဒေသများ အထိတော့ သက်ရောက်မှုရှိလာသည်ဟု ဆိုနိုင်ပါသည်။
ယခင်က နိုင်ငံပြင်ပတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများသည် မိသားစုထံ ငွေပြန်ပို့သည့် အခါတွင် “ဟွန်ဒီ” ဟု သိကြသည့် တရားမဝင် ငွေလွှဲစနစ် တမျိုးကို အသုံးပြုခဲ့ကြရသည်။ ထိုစနစ်တွင် နိုင်ငံခြားမှ ငွေပို့သူနှင့် မြန်မာနိုင်ငံမှ ငွေလက်ခံသူကြားတွင် ကိုယ်စားလှယ်များနှင့် ကြားခံလူများ ရှုပ်ထွေးပြီး နှုတ်ကတိစကားကိုသာ ယုံကြည်မှုထား၍ လွှဲပေးရခြင်း ဖြစ်သည်။
Western Union နှင့် ချိတ်ဆက်ထားသော ကမ္ဘောဇဘဏ်မှ ဒုတိယဥက္ကဌ ဦးသန်းလွင်က မြန်မာနိုင်ငံ အနှံအပြားတွင် ၎င်းတို့ ဘဏ်ခွဲပေါင်း ၁၂၀ ကျော်ရှိပြီး လာမည့်နှစ်အတွင်းတွင် နှစ်ဆတိုးနိုင်ဖို့ စီစဉ်နေကြောင်း ပြောသည်။ “ပြည်ပရောက် မြန်မာတွေ တရားဝင် ပုံမှန်လမ်းကြောင်းကို အသုံးပြုချင်လာအောင် စည်းရုံးနိုင်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်” ဟု သူက ဆိုသည်။
Western Union က ၎င်းတို့၏ ဝန်ဆောင်မှုသည် တရားမဝင် လမ်းကြောင်းများထက် ပိုမိုလျှင်မြန်ပြီး လုံခြုံမှုရှိသည်ဟု ဆိုသည်။ “ဟွန်ဒီလို တရားမဝင် စနစ်တွေက Western Union က လုပ်ပေးနေတဲ့ နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုမျိုး လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး” ဟု Western Union ၏ ပြောရေးဆိုခွင့်ရှိသူ Connie Yip က ဧရာဝတီသို့ပြောသည်။
MoneyGram ထံသို့လည်း ဧရာဝတီမှ အီးမေးလ်ဖြင့် မေးခွန်းများပေးပို့ထားရာ ယခုသတင်းရေးသည့် အချိန်အထိ အကြောင်း ပြန်ကြားခြင်း မရှိသေးပါ။
ပြည်ပရောက် မြန်မာနိုင်ငံသား အများစုက တရားဝင် ငွေလွှဲဝန်ဆောင်မှုကို ပြောင်းလဲ အသုံးပြုလာရန်ကတော့ အချိန်ယူရဦးမည် ဖြစ်သည်။
Western Union နှင့် ချိတ်ဆက်ထားသော ပထမပုဂ္ဂလိကဘဏ် ငွေလွှဲကောင်တာမှ တာဝန်ကျဝန်ထမ်းတဦး ဖြစ်သော မသီရိမြတ်က Western Union မှ ကောက်ခံသော ငွေလွှဲဝန်ဆောင်ခသည် ဟွန်ဒီ လုပ်ငန်းများနှင့် နှိုင်းယှဉ်လျှင် အနည်းငယ် များနေသေးသည်ဟု ပြောသည်။ Western Union ရော ဟွန်ဒီ လုပ်ငန်းများတွင်ပါ ငွေလွှဲခက ပေးပို့ငွေ ပမာဏ နှင့် ပေးပို့သူ၏ နေရာကိုလိုက်၍ ပြောင်းလဲကွဲပြားမှုရှိသည်။
“ကျမတို့ဆီမှာ တနိုင်ငံလုံးမှာ ရှိတဲ့ ဘဏ်ခွဲတွေ အပါ Western Union ကနေတဆင့် ငွေလွှဲတာ ၆၀ ကနေ ၇၀ လောက်အထိ ရှိပါတယ်” ဟု သူက ဧရာဝတီကို ပြောသည်။
မလေးရှား နိုင်ငံရောက် မြန်မာနိုင်ငံသားများသည်လည်း တရားဝင် ငွေလွှဲစနစ်ကို တဖြည်းဖြည်းနှင့် ပြောင်းလဲ အသုံးပြုလာကြသည်။ မလေးရှား နိုင်ငံတွင် နေထိုင်သော ချင်းအမျိုးသား တယောက်ဖြစ်သည့် Lairam Vapual က အချိန်ကြာလာသည် နှင့်အမျှ လုံခြံမှုရှိ၍ ဈေးနှုန်းသက်သာသော Western Union နှင့် MoneyGram တို့ကဲ့သို့သော ဝန်ဆောင်မှုမျိုးကို လူတွေ အသုံးပြုလာကြလိမ့်မည်ဟု သူယုံကြည်ကြောင်း ဧရာဝတီသို့ ပြောသည်။ မလေးရှား နိုင်ငံမှ မြန်မာနိုင်ငံသို့ ဟွန်ဒီ မှတဆင့်ငွေ ကျပ် ၁၀၀,၀၀၀ လွှဲလျှင် လွှဲခ မလေးငွေ ၁၀ ရင်းဂစ်ပေးရပြီး Western Union မှ တဆင့် မလေး ရင်းဂစ် ၄၀၀၀ (အမေရိကန် ဒေါ်လာ ၁၂၄၀) လွှဲပါက လွှဲခ ၁၄ ရင်းဂစ် ကျသင့်သည်ဟု သူက ဆိုသည်။
Western Union က ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ငွေလွှဲလျှင် ၁၆၀ ဘတ် ပုံသေသတ်မှတ်ထားပြီး လွှဲငွေ၏ ၅ ရာခိုင်နှုန်းကို ဝန်ဆောင်ခယူသည့် ဟွန်ဒီ ကိုယ်စားလှယ်များကို ယှဉ်ပြိုင်နေသည်။ MoneyGram က ဘတ် ၄၀၀၀ နှင့် ၎င်းထက်နည်းသော လွှဲငွေအတွက် ဝန်ဆောင်ခ ၄၈၀ ဘတ်ယူသည်။ Western Union နှင့် MoneyGram က ပြိုင်ဖက် ဟွန်ဒီ လုပ်ငန်းများထက် ပိုမိုချိုသာသည့် ဈေးနှုန်းဖြင့် ဝန်ဆောင်မှု ပေးနိုင်သော်လည်း ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား အများစုသည် အချိန်များစွာ ပေးရန်မလိုဘဲ သက်သေခံ အထောက်အထား ပြသရန်မလိုသော ဟွန်ဒီ စနစ်တွင် ဆက်လက်၍ တွယ်ကပ်နေကြမည့် အကြောင်းများလည်း ရှိနေသေးသည်။
မလေးရှားနိုင်ငံတွင် သိန်းနှင့်ချီသော၊ ထိုင်းနိုင်ငံတွင် သန်းနှင့် ချီသော မြန်မာများသည့် ပြောင်းရွှေ့အလုပ်သမားများ အဖြစ် တရားဝင် မှတ်ပုံတင်ထားခြင်း မရှိပေ။ ၎င်းတို့ ထဲမှ အချိူ့သည် တရားဝင် ငွေလွှဲ ဌာနများတွင် ပြသရန် နိုင်ငံကူးလက်မှတ် သို့မဟုတ် တရားဝင် အထောက်အထား လက်မှတ် ရှိမနေပါ။
Western Union နှင့် MoneyGram တို့ကဲ့သို့ လုပ်ငန်းများ မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာသော်လည်း သူ၏ လုပ်ငန်းသည် ယခုအချိန်အထိ သိသာစွာ ကျဆင်းသွားခြင်း မရှိဟု မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ဟွန်ဒီလုပ်ငန်း လုပ်ကိုင်နေသော ကိုသူရ (အမည်လွှဲထားသည်) က ဧရာဝတီသို့ ပြောသည်။
ကိုယ့်တနိုင်ငံထဲသားချင်း ဖြစ်နေသည့်အတွက် ဟွန်ဒီ ကိုယ်စားလှယ်တွေကို ပိုပြီး ဦးစားပေးရခြင်း ဖြစ်သည်ဟု ကိုသူရက ယုံကြည်နေသည်။ ဘာသာစကားကလည်း နောက်ထပ် အကြောင်းတခုဖြစ်သည်။ “မြန်မာနိုင်ငံသား အများစုက အင်္ဂလိပ်စကား မပြောတတ်ကြဘူး။ အရေးအဖတ်လည်း မရဘူး။ ဒါကြောင့် တရားဝင်ငွေလွှဲ လုပ်ငန်းတွေနဲ့ ဆက်ဆံတဲ့ အခါ သူတို့အတွက် အခက်အခဲရှိတယ်” ဟု သူက ဧရာဝတီကို ပြောပြသည်။
ထို့ပြင် တရားမဝင် ဟွန်ဒီလုပ်ငန်းများတွင် Western Union နှင့် MoneyGram တို့ထက် ပို၍ အားသာနေသည့် အချက်များလည်းရှိနေပြီး ၎င်းအချက်များကြောင့် ပြည်တွင်းမှ ငွေလက်ခံသူများနှင့် ပြည်ပမှ ငွေလွှဲသူများကို ဆက်လက် ဆွဲဆောင် နေနိုင်သေးသည်။ မြန်မာအစိုးရ၏ ဘဏ္ဍာရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တဦးက ဟွန်ဒီ ကွန်ရက်သည် တရားဝင်ဘဏ် ကွန်ရက်များထက် ပို၍ ကျယ်ပြန့်သည်ဟု ဆိုသည်။ ငွေလက်ခံသူ အများစုသည် ကျေးလက် ဒေသများတွင် နေထိုင်သူများ ဖြစ်ကြပြီး ဘဏ်ခွဲများနှင့်လည်း ဝေးသည်။ ထို့ကြောင့် ဟွန်ဒီကိုသာ ရွေးချယ်စရာ ရှိနေသည်။ “တရားဝင် လမ်းကြောင်းတွေက လက်ခံသူအများစုရဲ့ အိမ်ပေါက်ဝအထိ လိုက်မပို့နိုင်ဘူးလေ” ဟု အဆိုပါ ဘဏ္ဍာရေး အကြံပေး ပုဂ္ဂိုလ်က ဧရာဝတီသို့ ပြောသည်။
ယခုအချိန်တွင် တရားဝင် ငွေလွှဲလုပ်ငန်းများသည် တရားမဝင် ဟွန်ဒီလုပ်ငန်းများ၏ အင်အား ကောင်းကောင်းနှင့် ယှဉ်ပြိုင်မှု တွေကြုံတွေ့နေရဆဲ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကဘဏ်ဖြစ်သည့် ကမ္ဘောဇဘဏ်မှ ဦးသန်းလွင်က သူတို့ဘဏ်သည် ဟွန်ဒီစနစ်နှင့် လိုက်လျောညီထွေဖြစ်အောင် ကြိုးစားလုပ်ဆောင်နေသည် ဟုဆိုသည်။ “ကျနော်တို့ မလေးရှားနဲ့ ထိုင်းနိုင်ငံက ယုံကြည်စိတ်ချရတဲ့ ဟွန်ဒီ လုပ်ငန်းရှင် တချို့နဲ့ ဆက်သွယ် လုပ်ဆောင်နေပါတယ်” ဟု သူကပြောသည်။