ကျနော့်မှာ သင်တို့အတွက် သတင်းရှိပါသည်။ သို့သော် အရင်ထိုင်လိုက်ပါ။ သင်တို့ကို ကျနော်က မမောပန်းစေချင်ပါ။ ကိုရိုနာဗိုင်းရပ် ၂ မျိုး ရှိပါသည်။ ၁ ခု မဟုတ်ဘဲ ၂ ခု ဖြစ်ပါသည်။ ဒုတိယတခုက အရွယ်ရောက်ပြီး သူများကို လူနုံလူအ များအဖြစ် ပြောင်းလဲပစ်လိုက်နိုင်ပါသည်။ “ကျပ်မပြည့်သော ရောဂါ” ဟု ခေါ်ကြပါစို့။
သို့သော်လည်း ပထမဆုံး အနေဖြင့် ကိုရိုနာဗိုင်းရပ် ဟုခေါ်သည့် တရုတ်နိုင်ငံ ဝူဟန်မြို့ မှ ထွက်ပေါ်လာသော တုပ်ကွေးကိုယ်တိုင်ကြောင့် ယခုစာကို ရေးသားနေသည့်အချိန်တွင် ကူးစက်ခံရသူ ၂ ရာခိုင်နှုန်း ကျော် သေဆုံးခဲ့ရပြီး ဖြစ်သည်။ ကျနော် နားလည်နိုင်သလောက်ဆိုလျှင် ၎င်း၏ ရောဂါလက္ခဏာ များက ပုံမှန်တုတ်ကွေးနှင့် တူပါသည်။ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူမဝခြင်း များဖြစ်တတ်သည်။ သို့သော်လည်း အဆိုးဆုံး အခြေအနေတွင် အဆုတ်ရောင်ရောဂါ (pneumonia) နှင့် ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများကို ဖြစ်ပေါ်စေနိုင်သည်။
အပြန်အလှန်အားဖြင့် ကျနော်က “ကျပ်မပြည့်သော ရောဂါ” ဟု ခေါ်သည့်အရာက ဆိုရှယ်မီဒီယာ၏ မောင်းနှင်မှုဖြင့် စိုးရိမ်ထိတ်လန့်မှုတခုကို တကမာ္ဘလုံး အတိုင်းအတာဖြင့် ဖန်တီးပေးခဲ့သည်။ အခြေခံအားဖြင့် ဆိုရလျှင် စမတ်ဖုန်းကိုင်ဆောင်ထားသည့် ဇွမ်ဘီ ၁ သန်း က နာနိုစက္ကန့် (တစက္ကန့်၏ သန်းတထောင်ပုံ တပုံ) တိုင်းတွင် ပို၍ ကူးစက်နေသကဲ့သို့ပင် ဖြစ်သည်။
ဤရောဂါက မူရင်းထက်များစွာ ပို၍ဆိုးကြောင်း သက်သေပြနေသည်။ အစိုးရများ အနေဖြင့်လည်း ကိုင်တွယ် ဖြေရှင်းရန် အတိုင်းအတာမသိ ပို၍ပင် ခက်ခဲလာသည်။
ရင့်ကျက်ပြီး ပညာတတ်သောသူများပင် Facebook၊ Twitter နှင့် WhatsApp မှ စာတိုများကို Like၊ Retweet နှင့် Forward ခလုတ်များ ချက်ချင်း နှိပ်ပေးလိုက်ရန်အတွက်သာ ကြည့်ကြပုံရသည်။ Line၊ WeChat၊ Telegram နှင့် TikTok တွင်လည်း အလားတူပင်ဖြစ်သည်။ ဝေးဝေးကြည့်ရန် မလိုပါ။ အဘယ်ကြောင့်ဆိုသော် သင်ကိုယ်တိုင်လည်း ယခုအချိန်တွင် ထိုသို့လုပ်ကောင်းလုပ်နေနိုင်ပါသည်။
၂၀၀၂-၂၀၀၃ ခုနှစ်တွင် အာရှမှ စတင်ခဲ့သည့် ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (SARS) ဖြစ်ပွားခဲ့ခြင်းသည် ဆိုရှယ် မီဒီယာခေတ် မတိုင်မီကဖြစ်သည်ကို သတိရသင့်ပါသည်။ SARS နှင့် ပတ်သက်၍ ကျနော်တို့ ရရှိသော သတင်းအချက်အလက်များက ပုံမှန်အားဖြင့် သမားရိုးကျ မီဒီယာများမှ တဆင့်ဖြစ်သည်။
အတိတ်ကာလတွင် နိုင်ငံများ အနေဖြင့် အကျပ်အတည်းများကို ကိုင်တွယ်ဖြေရှင်းပြီး နောက်တွင်မှ နိုင်ငံရေး၊ စီးပွား ရေးနှင့် ဂုဏ်သိက္ခာကျဆင်းမှုများကို စီမံခန့်ခွဲခဲ့ရသည်။
လက်ရှိအချိန်တွင် ကျပ်မပြည့်သော ရောဂါကို ဖြစ်ပွားစေသည့် ဒုတိယဗိုင်းရပ်စ် ကို ကိုင်တွယ် ဖြေရှင်းရန်လည်း လိုအပ်နေပါသည်။ သတင်းအတုအယောင်များဖြစ်ကြောင်း၊ သတင်းဟောင်းများကို အသစ်ပုံစံနှင့် ပြန်ထုတ်လာခြင်းဖြစ်ကြောင်း နှင့် ကမာ္ဘလုံး အတိုင်းအတာအရ သက်ရောက်မှု မလွဲမသွေ ရှိနိုင်သည့် ဗြောင်ကျကျ လှည့်စားမှုများကို ဖြေရှင်းခြင်းအားဖြင့် တန်ဖိုးရှိသည့် အချိန်နှင့် လုပ်အားများကို သုံးစွဲ နေကြရသည်။
ကျနော့်ကို ယုံပါ။ ကိုရိုနာဗိုင်းရပ်နှင့် စပ်လျဉ်းသည့် အကြောင်းများစွာ ရှိခဲ့ပြီး ဖြစ်သည်။ အာရှတိုက်သားများသည်လည်း ကျနော်တို့၏ အမေရိကန်နှင့် ဥရောပမှ မိတ်ဆွေများ ကဲ့သို့ပင် ဒုတိယဗိုင်းရပ်စ်ပိုး အတွက် ခံနိုင်ရည် အားနည်းကြောင်း သက်သေပြနေကြသည်။
ဆိုရှယ် မီဒီယာများတွင် ဗိုင်းရပ်စ်ပိုးကြောင့် ထွက်ပြေးလာသော တရုတ်လူမျိုးများက ထိုင်းနိုင်ငံတွင်းသို့ တိတ်တ ဆိတ်ဝင်လာနေသည်ဟု စွပ်စွဲခဲ့ကြသည်။ ဝေဒနာသည်များက ဇွမ်ဘီများကဲ့သို့ ပြုမူသည် ဆိုသည် မှာ မဟုတ်မှန် ကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာန က Twitter တွင် ထုတ်ပြန်ခဲ့ရသည်။

တရုတ် အမျိုးသမီးတယောက်က “(ဗိုင်းရပ်စ်ပျံ့နှံ့မှုအတွက် အပြစ်တင်ခံရသည့်) လင်းနို့ ဟင်းချို” သောက်နေသည် ဟု ယူဆရသည့် အွန်လိုင်းပေါ်တွင် ပျံ့နေသောဗီဒီယို တခုသည် လွန်ခဲ့သော ၂၀၁၆ ခုနှစ်တွင် တရုတ်နိုင်ငံပြင်ပ၌ ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဤကဲ့သို့သော မိုက်မဲ၍ တာဝန်မဲ့သော ပို့စ်များကို အကြိမ်ရေ ထောင်နှင့်ချီ၍ ဝေမျှခဲ့ကြသည်။
အချို့က မယုံနိုင်လောက်အောင်ပင် ပွင့်ပွင့်လင်းလင်း ကျယ်ကျယ်လောင် လောင်ဖြင့် (များသောအားဖြင့် တရုတ် ဆန့်ကျင်ရေး) လူမျိုးရေးခွဲခြား တတ်ကြသည်။
ထိုအရာများက အဘယ်ကြောင့် အလျင်အမြန် ပျံ့နှံ့နေရပါသနည်။ လူတွေက ဘာကြောင့် အလွယ်တကူ ၎င်းတို့ နောက်သို့ လိုက်ပါသွားကြရပါသနည်း။
၎င်းတို့က ကျနော်တို့၏ လူ့အဖွဲ့အစည်းအတွင်း ကြာမြင့်စွာတည်ရှိနေသော စိုးရိမ်ပူပန်မှုများကို မကြာခဏ မီးမောင်းထိုးပြ(ဆွပေးကြ) သောကြောင့်ဖြစ်ကောင်းဖြစ်နိုင်သည်။
ထိုင်း၊ ဖိလစ်ပိုင်နှင့် မလေးရှားတို့က တရုတ်နိုင်ငံနှင့် နီးကပ်သော်လည်း ရှုပ်ထွေးသော ဆက်ဆံရေးမျိုး ရှိသည်။ ထို့ပြင် ပြည်တွင်းမှ တရုတ်လူနည်းစုများသည်လည်း သူတို့၏ ကိုယ်ပိုင် စိန်ခေါ်မှုများကို ရင်ဆိုင်ကြရသေးသည်။ ကိုရိုနာဗိုင်းရပ်က ကွဲပြားသော လူမျိုးစု အသိုင်းအဝိုင်းကြား ဆက်ဆံရေးတွင် စိုးရိမ်မှုများကို ပြန်လည်ပေါ်ပေါက်စေသလို ထင်ယောင်ထင်မှားလည်း ဖြစ်စေသည်ဟု ဆိုနိုင်ပါသည်။
အစွန်း ၂ ဘက်ကို ရှောင်ရှားရေးက အရေးကြီးပါသည်။
WhatsApp ကဲ့သို့ ချက်ခြင်း သတင်းအချက်အလက် ပို့နိုင်သည့် အပလီကေးရှင်းများနှင့်အတူ ဓာတ်ပုံများ၊ အသံဖိုင်များနှင့် ဗီဒီယိုများကဲ့သို့ အာရုံစိုက်မှုရနိုင်သည့် အရာများ အပါအဝင် အားလုံးကို နေရာတိုင်း လူတိုင်းထံသို့ရောက် အောင် သင်က ဝေမျှလေးနိုင်သည်။
ဆိုရှယ်မီဒီယာတွင် မြင်သမျှအရာတို့၏ သက်သေအထောက်အထားကို စစ်ဆေးရန် ယခုအချိန်တွင် မည်သူက အချိန်နှင့် ယုတ္တိကျ/မကျ ဆင်ခြင်နိုင်မှု ရှိပါသနည်း။ ပင်မမီဒီယာနှင့် ပတ်သက်၍ မည်သို့ ရှိပါသနည်း။ ၎င်း ပါဝင်ရမည့် အခန်းကဏ္ဍ မရှိ၍ လော။
ယခင်က ဆိုလျှင် နိုင်ငံပိုင် သတင်းစာများ၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုများက ဇာတ်လမ်းများကို ထိန်းချုပ်နိုင်ခဲ့သည်။ မှန်ကန်စွာ သုတေသနပြုပြီး အချက်အလက် မှန်ကန်ကြောင်း စစ်ဆေးထားသည့် သတင်းများက ကုန်ကျစရိတ် ကြီးပါသည်။ သတင်းခန်းများတွင် စနစ်တကျ လေ့ကျင့်ထားသော စာနယ်ဇင်းသမားများနှင့် အယ်ဒီတာများဖြင့် ပြည့်နေရန် လိုအပ်ပါသည်။
စိတ်မကောင်းစရာမှာ ပင်မမီဒီယာသည် မရပ်တန့်နိုင်လောက်အောင် ဆိုရှယ်မီဒီယာ သုံးစွဲမှုနှုန်းက မြင့်တက်လာခြင်း ကြောင့် သေလုမျောပါး ထိခိုက်ခဲ့ရပြီး ဖြစ်နေသည်။ သတင်း မတင်ပြနိုင်ဘဲ ရက်သတ္တတပတ် ကုန်ဆုံးသွားရသည့် အဖြစ်များ ရှိလာကြသည်။ အခြားသော သတင်းဌာနများက လူဦးရေ လျှော့ချရသည် သို့မဟုတ် ပိတ်နေကြရသည်။

ထို့ကြောင့် ရယ်စရာကောင်းပြီး လှုံ့ဆော်ပေးတတ်သည့် အဓိပ္ပါယ်မဲ့ကိစ္စများက retweets နှင့် forward များကို အများဆုံး ထုတ်ပေးခြင်းကို ပေါ်ပေါက်လာစေခဲ့သည်။
တခါတရံတွင် လေးနက်ပြီး တာဝန်ယူမှုရှိသော သတင်းတင်ဆက်မှုများကလည်း ပျံ့နှံ့သွားနိုင်ပါသည်။ သို့သော်လည်း ၎င်းတို့က ဖေ့စ်ဘွတ်ခ်မှ ဓာတ်ပုံများနှင့် YouTube မှ ဗီဒီယိုများနှင့် နှိုင်းယှဉ်လျှင် ဆွဲဆောင်မှု အလွန်နည်းပါး နေတတ်ကြသည်။
ပုံမှန် အားဖြင့် ဆိုလျှင် မိသားစုဝင် တဦး သို့မဟုတ် သူငယ်ချင်း တယောက်က မျှဝေထားသော ပို့စ်တခုကို အတည်ပြုရန် ဖြစ်စေ သို့မဟုတ် မှားယွင်းကြောင်း ပြသရန် ဖြစ်စေ ကျနော်တို့က ပြန်လည်ဝေမျှတတ်ပါသည်။
၎င်းက ပင်မမီဒီယာ၏ (အမြဲတမ်း ခုခံကာကွယ်နေရမည့်) အနာဂတ်ဖြစ်ကောင်း ဖြစ်လာပါလိမ့်မည်။ သတင်းစာများက စစ်ပွဲများကို စတင်စေနိုင်ခဲ့သည့်၊ ပြည်သူလူထု၏ ထင်မြင်ချက်ကို ပုံဖော်နိုင်ခဲ့သည့် ကာလများနှင့်တော့ များစွာ ခြားနားသွားခဲ့ရပြီ ဖြစ်သည်။
စာနယ်ဇင်း၏ အစိတ်အပိုင်းများက လက်ရှိကြောက်ရွံ့မှုအခြေအနေကို ထင်ဟပ်စေခြင်းဖြင့် သူတို့ကိုယ်သူတို့ မျက်နှာသာ ရအောင် မလုပ်နိုင်ခဲ့ကြပါ။ နှိပ်ကြည့်ချင်စရာ သတင်းခေါင်းစဉ်များနှင့် ပုံစာများကို အရှုံးပေးလိုက်ရသည်။
လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုနီးပါး က SARS ရောဂါကို သတင်းလိုက်ခဲ့ကြ၊ ဖော်ပြခဲ့ကြခြင်းများနှင့် မတူသည်မှာ လက်ရှိအထိတ်တလန့်ဖြစ်မှု စတင်သည့် အချိန်တွင် ကိုရိုနာဗိုင်းရပ်ဆိုသည်မှာ မည်သို့ ဖြစ်သည်၊ ဘေးကင်းအောင် မည် သို့ နေရမည်ဆိုသည်နှင့် ပတ်သက်၍ (အများပြည်သူ သိရှိနိုင်ရန်) ပိုကောင်းသည့် သတင်း တင်ဆက်မှု အနည်းငယ်ကိုသာ မြင်တွေ့ခဲ့ရသည်။
အများဆုံး တွေ့ရှိခဲ့သည်မှာ ကျနော်တို့ မည်မျှ ကြောက်လန့်သင့်ကြောင်း နှိုးဆော်မှု အများအပြား ဖြစ်သည်။ အချို့က ဆိုရှယ်မီဒီယာများကို ပို၍နှစ်သက်ကြရသည့် အကြောင်းများ ရှိနေပါသလား။
ထို့ကြောင့် ရှေ့သို့ဆက်သွားရေး ကျနော်တို့ ဘာလုပ်ကြရမည်နည်း။
ဆင်ဆာလုပ်ခြင်းက အလုပ်ဖြစ်ခဲသည်။ အရာအားလုံးက ကောင်းပါသည်ဟု ဟန်ဆောင်ခြင်းက ဆိုး ရွားသော ဆန့် ကျင်ဘက်ရလဒ် ဖြစ်စေပါလိမ့်မည်။ အစကတည်းက အလိမ်ညာခံခဲ့ရသည်ဟု ခံစားနေကြသည့် ဝူဟန်တွင် နေထိုင်သူများ၏ ဒေါသကို စဉ်းစားကြည့်ပါ။
ပညာပေးခြင်းက ကူညီပေးနိုင်ပါသည်။ အသက်အရွယ်မရွေး ပြည်သူတိုင်းက သတင်းများနှင့် အချက်အလက်များကို ပိုမို ပိုင်းခြားသိမြင်ရန် လိုအပ်ပါသည်။ ၎င်းကို မည်ကဲ့သို့ ပုံဖော်ထားသည်၊ အသုံးချထားသည်၊ အလွဲသုံးစား ပြုထား သည် အစရှိသဖြင့် ဖြစ်သည်။ သို့သော် တခါတရံ ၎င်းက စွမ်းအင်နှင့် ဆိုင်သော မေးခွန်းဖြစ်သည်။

အမှန်တရားကို ဂရုစိုက်သူများက အွန်လိုင်းမှ ခြောက်လှန့်မှုများနှင့် ကောလာဟလ ဖြန့်ချိသူများ ရှိနေသည့် ယခုအချိန်တွင် တိကျမှန်ကန်သည့် သတင်းများ ဝေမျှရေးတွင် တက်ကြွစွာရှိရန် လိုအပ်ပါသည်။ ထိုကဲ့သို့သော အကြောင်းအရာများသည် အချိန်နှင့် တပြေးညီဖြစ်ရန် လိုပါသည်။ ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ ပျံ့နှံ့ သွားနိုင်သည့် အလားအလာ ရှိပါသည်။
အားအင် ကုန်ခန်းဖွယ်ရာ ဗျူဟာ ကစားပွဲတခုလည်း ဖြစ်ပါသည်။ သို့သော်လည်း ယနေ့အချိန်တွင် ကျနော်တို့ နေထိုင် နေရသည့် ပကတိအခြေအနေလည်း ဖြစ်သည်။
မူဝါဒချမှတ်သူများနှင့် အများပြည်သူ၏ သဘောထားကို ပုံသွင်းသူများအနေဖြင့် လက်ရှိအကျပ်အတည်းကို တမျိုး တပုံစံတည်းဖြင့် ဖြေရှင်း၍ မရကြောင်း သတိပြုမိရမည် ဖြစ်သည်။
ကျနော်တို့၏ ပိုင်နက်အတွက် ကျနော်တို့ တိုက်ပွဲဝင်ခဲ့ကြပါသည်။ ယခုအချိန်တွင် တိုက်ပွဲက အာရုံစူးစိုက်မှု အတိုင်းအတာတခု ရရန်အတွက် ဖြစ်သည်။
“ဆိုရှယ်မီဒီယာစစ်ပွဲ” က တိုက်ခိုက်ရန် လိုအပ်သည့် နောက်ထပ်ရှေ့တန်း စစ်မျက်နှာတခု ဖြစ်သည်။ ၎င်းက “မဖြစ်မနေ အနိုင်ရရမည်”ဟု အပြတ်သားဆုံး သဘောထားရမည့် စစ်ပွဲတခု ဖြစ်ပါလိမ့်မည်။ (ဖြစ်နေပြီးသားလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။)
ကိုရိုနာဗိုင်းရပ်အစစ်ကို မကြာမီ ထိန်းချုပ်မှု အောက်သို့ ယူဆောင်နိုင်လိမ့်မည်မှာ သေချာပါသည်။ သို့သော် “ကျပ်မပြည့်သော ရောဂါ” ကို ကုသခြင်းက ကံမကောင်းစွာဖြင့်ပင် အချိန်နှင့် အားထုတ်မှုများ များစွာ ပို၍ ယူရပါလိမ့်မည်။
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)
You may also like these stories:
မီးတောင်ကို ကျော်၍ ပြာပူများကို ဖြတ်သန်းခြင်း
တောင်တရုတ်ပင်လယ်တွင် ရှီကျင့်ဖျင် အနိုင်ကျင့်နေသည်