နိုင်ငံရဲ့ အချက်အချာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ရွေးကောက်ပွဲတွေဟာ နိုင်ငံရေးထိပ်တန်း ခေါင်းဆောင် တွေရဲ့ ပြိုင်ဆိုင်မှုနဲ့အတူ လှုပ်လှုပ်ခတ်ခတ် ရှိနေတတ်စမြဲဖြစ်ပါတယ်။ အခုဆိုရင်လည်း ရွေးကောက်ပွဲကျင်းပမယ့်ရက် နီးကပ်လာတာနဲ့အမျှ အငြင်းပွားမှုတွေဟာလည်း ပြင်းထန်လာပါတယ်။
မြို့နယ် ၄၅ မြို့နယ်ပါဝင်တဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အာဏာရ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ထောက်ခံတဲ့ မဲဆန္ဒရှင်တွေအများစုဖြစ်တာနဲ့အညီ ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲနဲ့ ကြားဖြတ်ရွေး ကောက်ပွဲ မှာလည်း မဲအပြတ်အသတ်နဲ့ NLD က အနိုင်ရခဲ့ပါတယ်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာလည်း လူဦးရေနည်းပါပြီး စစ်တပ်အခြေစိုက်စခန်းတွေရှိနေတဲ့ ကိုကိုးကျွန်း မြို့နယ် တခုမှာသာ NLD အမတ်လောင်းအနေနဲ့ ပြိုင်ဘက် ဗိုလ်ချုပ်ဟောင်းတွေကို ရှုံးနိမ့်ခဲ့တာပဲဖြစ်ပါတယ်။
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲဟာလည်း အာဏာရပါတီအနေနဲ့ ရန်ကုန်တိုင်းအတွင်း နေရာအများစု ထပ်မံအနိုင် ရ နိုင်ချေရှိနေပေမယ့် ပြိုင်ဘက်ပါတီတွေက ကိုယ်စားလှယ်လောင်းတွေနဲ့ သတိထားယှဉ်ပြိုင်ရဖို့တော့ ရှိနေပါတယ်။
၂၀၂၀ ရွေးကောက်ပွဲဟာ NLD အတွက် ယခင်ရွေးကောက်ပွဲတွေလို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး) တခုတည်းကိုသာ အဓိကထားယှဉ်ပြိုင်ရမှာမဟုတ်တော့ဘဲ ၈၈ မျိုးဆက်တွေပါဝင်နေတဲ့ ပြည်သူ့ပါတီ(PP)၊ ပါတီဝင်အမတ်ဟောင်တွေ တည်ထောင်ထားပြီး လုပ်ငန်းရှင်တွေပါဝင်လာတဲ့ ပြည့်သူ့ရှေ့ဆောင်ပါတီ(PPP)နဲ့ သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) တို့လို့ ပါတီသစ်တွေနဲ့လည်း ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဒါ့အပြင် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမတ်လောင်းတွေနဲ့ အခြေပြုဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ (UNDP) နဲ့ တက်ကြွတဲ့ လူငယ်တွေပါဝင်လာတဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီလို ပါတီတွေကလည်း ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ဒီမိုကရေစီအရေးအတွက် လက်တွဲလှုပ်ရှားခဲ့သူတွေ၊ ပါတီဝင်ဖြစ်ခဲ့ဖူးသူတွေ၊ ၈၈ မျိုးဆက် ကျောင်းသားအင် အားစုတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့် မြို့နယ်တွေအတွက်တော့ အာဏာရ NLD ပါတီအနေနဲ့ ယခင်လို မဲအပြတ်အသတ်ရပြီး အနိုင်ယူနိုင်ဦးမလား၊ ထောက်ခံဆန္ဒမဲတွေ ကွဲပြားသွားမလားဆိုတာက စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။
ထူးခြားချက်အနေနဲ့လည်း မကြာသေးမီကမှ ဖျက်သိမ်းခံလိုက်ရတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ရဲ့ ပါတီဝင်အချို့ ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီဘက် ပူးပေါင်းသွားတဲ့ ဖြစ်စဉ်တွေဟာ စဉ်းစားရမယ့် အချက်တချက်ပဲ ဖြစ်ပါတယ်။
ပြိုင်ဆိုင်မှုပြင်းထန်လာတာနဲ့အမျှ အငြင်းပွားမှုတွေ၊ ဝေဖန်ပုတ်ခတ်မှုတွေဟာ များပြားလာခဲ့ပြီး မသမာတဲ့ နည်းလမ်းနဲ့ မဲရရေး ဆောင်ရွက်ချက်အချို့ကြောင့်လည်း အမှုဖွင့်တရားစွဲရတဲ့ ဖြစ်စဉ်တွေ တွေ့ရလာပါတယ်။
ဒီအချက်တွေဟာ ရွေးကောက်ပွဲပြီးသွားတဲ့တိုင် အပြန်အလှန်ကန့်ကွက်မှုတွေ၊ တိုင်းကြားမှုတွေဟာ ယခင်ရွေး ကောက်ပွဲထက် များပြားလာနိုင်တဲ့ အခြေအနေလည်းဖြစ်နေပါတယ်။
လက်ရှိမှာတော့ ကြိုတင်မဲပေးပိုင်ခွင့်ရှိတဲ့ သူတွေဟာ ကူးစက်မှုမြှင့်မားတဲ့ Covid-19 ကပ်ရောဂါကို အံတုပြီး သက်ဆိုင်ရာ မဲဆန္ဒနယ်အသီးသီးမှာ တက်တက်ကြွကြွနဲ့ မဲတွေပေးနေကြပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ဦးရေ နည်းပါးပြီး NLD နဲ့ ကြံ့ခိုင်ရေးတို့အကြား မဲမပြတ်ဘဲ တိုင်းဒေသကြီး လွှတ်တော် တနေရာရှုံးနိမ့်ခဲ့တဲ့ ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်းခဲ့ပြီးတော့ လူဦးရေထူထပ်တဲ့ လှိုင်သာယာ မြို့နယ်ကို အရှေ့၊ အနောက်အဖြစ်နဲ့ မြို့နယ်ခွဲထုတ်ထားတာဖြစ်ပါတယ်။
နိုင်ငံရေးပါတီအသီးသီးရဲ့ အမတ်လောင်းတွေနဲ့ တသီပုဂ္ဂလ ယှဉ်ပြိုင်သူတွေကတော့ ရန်ကုန်တိုင်းအတွင်းမှာ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်သူ့လွှတ်တော် ၄၅ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် ၉၀ နေရာ၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ၁ နေရာနဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ၁ နေရာတို့အတွက် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
ဒီလိုယှဉ်ပြိုင်ကြမယ့်နေရာမှာ အာဏာရပါတီနဲ့ အစဉ်အလာရှိတဲ့ ပြိုင်ဘက်တွေ ထိပ်တိုက်တွေ့ဆုံ အားပြိုင်ကြမယ့် မဲဆန္ဒနယ်အချို့ကိုလည်း စိတ်ဝင်စားဖွယ် စောင့်ကြည့်ကြရမှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဝင်ပြိုင်မယ့် ကော့မှူးမြို့နယ်
ကော့မှူးမဲဆန္ဒနယ်ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ NLD မဲအပြတ်အသတ် အနိုင်ရခဲ့တဲ့နေရာပဲ ဖြစ်ပါတယ်။
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း အနိုင်ရနိုင်ခြေ မြင့်မားနေပေမယ့် အဓိက ပြိုင်ဘက်အနေနဲ့ ဖြစ်လာသူက တော့ NLD ပါတီဝင်ဟောင်းတဦးဖြစ်တဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်လောင်း ဦးဒေးဗစ်လှမြင့်နဲ့ ထိပ်တိုက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဦးဒေးဗစ်လှမြင့်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD ကိုယ်စားပြုအနေနဲ့ ငပုတောမြို့နယ်ကနေ အနိုင်ရခဲ့တာပါ။ သူ့အနေနဲ့ ယခုရွေးကောက်ပွဲမှာတော့ ၂၀၁၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) ကို ကိုယ်စားပြုပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ကြံ့ခိုင်ရေးပါတီအနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်ဖို့ရာမှာ ဦးမြင့်ဦးဆိုသူကို ရွေးချယ်ထားပြီး ယခင်ကိုယ်စားလှယ်လောင်း ဦးကျော်ဇင်ဟိန်းကိုတော့ တိုင်းလွှတ်တော်မှာ ပြန်လည်ရွေးချယ်ထားတာပဲ ဖြစ်ပါတယ်။
ဦးကျော်ဇင်ဟိန်းအနေနဲ့ ကော့မှူးမဲဆန္ဒနယ်မှာ ပြည်သူ့လွှတ်တော်နေရာအတွက် ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ NLD ပါတီကို ရှုံးနိမ့်ခဲ့တာပဲဖြစ်ပေမယ့် ယခုတကြိမ်မှာတော့ တိုင်းဒေသကြီး အမှတ် ၁ မဲဆန္ဒနယ်ကနေ ပြောင်းလဲယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
NLD ပါတီအားသာတဲ့ နယ်မြေဖြစ်တဲ့ ကော့မှူးမြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထပ်မံယှဉ်ပြိုင်မှာ ဖြစ်လို့ အနိုင်ရဖို့များနေပေမယ့် ယခုတကြိမ်မှာတော့ အစဉ်အလာရှိတဲ့ ပါတီဝင်အမတ်ဟောင်းတဦးနဲ့ ယှဉ်ပြိုင် ရမှာဖြစ်လို့ စိတ်ဝင်စားဖို့ ကောင်းနေတာပဲဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂ နေရာအတွက် UBP၊ NLD၊ UNDP၊ PPP၊ ဖလုံ–စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ကြံ့ခိုင်ရေးပါတီ၊ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း အပါအဝင် ကိုယ်စားလှယ်လောင်း ၁၅ ဦးတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
သမ္မတ ဦးဝင်းမြင့် ဝင်ပြိုင်မယ့် တာမွေမြို့နယ်
နိုင်ငံတော်သမ္မတ ဦးဝင်မြင့် ထပ်မံယှဉ်ပြိုင်မယ့် တာမွေမြို့နယ်မှာတော့ ကြံ့ခိုင်ရေးပါတီအနေနဲ့ ယခင် ကိုယ်စား လှယ်လောင်းဖြစ်တဲ့ ဦးမျိုးဝင်းကျော်ကိုပဲ ထပ်မံရွေးချယ်ထားတာတွေ့ရပါတယ်။
ဦးဝင်မြင့်အနေနဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အဓိက ပြိုင်ဘက်ဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီအမတ်လောင်း ဒေါ်လဲ့လဲ့ ဝင်းဆွေကို မဲအပြတ်အသတ် အနိုင်ရရှိခဲ့တာဖြစ်သလို ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း NLD အမတ် လောင်း ဦးတိုးဝင်းက ကြံ့ခိုင်ရေးအမတ်လောင်း ဦးမျိုးဝင်းကျော်ကို မဲအပြတ်အသတ်အသာရပြီး အနိုင်ရခဲ့တာ ပဲဖြစ်ပါတယ်။
ပြိုင်ဘက်သစ်အနေနဲ့ကတော့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ရဲ့ အမတ်လောင်းအဖြစ် တပ်မတော် အရာရှိဟောင်းတဦးဖြစ်တဲ့ ဦးမျိုးမင်းထွန်း ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ပုံမှန်အားဖြင့် အစဉ်အလာပြိုင်ဘက် အပြောင်းအလဲသိပ်မရှိပေမယ့် သမ္မတ ဝင်ရောက်ယှဉ်ပြိုင်မယ့် တာမွေမဲ ဆန္ဒနယ်ကတော့ စောင့်ကြည့်ရမယ့် နေရာတခုပဲ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂ နေရာအတွက် UBP၊ NLD၊ ကြံ့ခိုင်ရေးပါတီ၊ တ.စ.ည ပါတီ၊ အခြေခံလူတန်းစားဘဝ မြင့်မားရေးပါတီ၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီတို့မှ ကိုယ်စားလှယ်လောင်း ၁၉ ဦးတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
NLD ပွဲထုတ်လိုက်တဲ့ လူသစ်တွေနဲ့ ဒဂုံမြိုနယ်
ဒဂုံမြို့နယ်မှာ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ အမတ်များအား ပါတီမှထုတ်ပယ်ပြီးနောက် NLD ပါတီဟာ လူသစ်တွေနဲ့ ပွဲထွက်လာခဲ့တဲ့ မဲဆန္ဒနယ်ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်မှာ ဒေါက်တာသန်းအောင်စိုး၊ တိုင်းဒေသကြီး အမတ်(၁) မှာ ဦးရဲမင်းဦးနဲ့ တိုင်းဒေသကြီး အမတ်(၂) မှာ ဒေါ်နုနုထွေးတို့က NLD ကိုယ်စားပြုပြီး ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီကတော့ ယခင်လူဟောင်းတွေနဲ့ ပွဲထွက်လာခဲ့တာဖြစ်ပြီး ဦးနန္ဒကျော်စွာ၊ ဦးဉာဏ်ထွန်း ဦးနဲ့ ဒေါက်တာမေသန်းနွယ်တို့ကပဲ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
ဦးနန္ဒကျော်စွာဟာ ဦးသိန်းစိန်အစိုးရလက်ထက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။
၂၀၁၅ မှာ ဒဂုံမြို့နယ်ကနေ NLD ကိုယ်စားပြုအနိုင်ရခဲ့တဲ့ ဒေါက်တာသက်သက်ခိုင်နဲ့ ဦးကျော်ဇေယျတို့ကတော့ PPP ပါတီကိုယ်စားပြုကာ ဒဂုံမြို့နယ်ကနေ ကိုယ်တိုင်ယှဉ်ပြိုင်ခြင်းမရှိတော့ဘဲ ပြည်သူ့လွှတ်တော်မှာ ဒေါက်တာ မာလာအောင်၊ တိုင်းဒေသကြီး အမှတ်(၁)နဲ့ (၂)မှာ ဦးသီဟဇော်လတ်နဲ့ ဦးညွှန့်သိန်းတို့လို လူသစ်တွေနေနဲ့ ယှဉ် ပြိုင်ကြမှာပါ။
NLD အမတ်လောင်း ဦးရဲမင်းဦးကတော့ လက်ရှိမှာ နေပြည်တော်စည်ပင်ဘဏ် ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ စီမံ/ဘဏ္ဍာဝန်ကြီးတာဝန်တွေ ထမ်းဆောင်နေသူဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲအလွန် ရန်ကုန်တိုင်းဝန်ကြီးချုပ် အဖြစ် နာမည်ကြီး ရေပန်းစားနေသူလည်း ဖြစ်ပါတယ်။
အနိုင်ရ NLD အနေနဲ့ကတော့ ယခုနှစ်ရွေးကောက်ပွဲမှာ ယခင်လို ကြံ့ခိုင်ရေးပါတီတခုတည်းနဲ့ ဦးတည်ယှဉ်ပြိုင်ရ မှာမဟုတ်တော့ဘဲ ပြိုင်ဘက်အသစ်တွေနဲ့ ထိပ်တိုက်တွေ့ရမှာဖြစ်သလို လူသစ်တွေနဲ့ပွဲထွက်လာတဲ့ အခင် အကျင်းကလည်း အလုပ်ဖြစ်ဦးမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂ နေရာအတွက် ဒဂုံမြို့နယ်တွင် NLD၊ UBP၊ PPP နဲ့ ကြံ့ခိုင်ရေးပါတီတို့မှ ကိုယ်စားလှယ်လောင်း ၁၂ ဦးယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
ထိပ်တိုက် ယှဉ်ပြိုင်မှု ပြင်းထန်တဲ့ မရမ်းကုန်းမြို့နယ်
ရွေးကောက်ပွဲတိုင်း အနိုင်ရခဲ့တဲ့ NLD အမတ် ဒေါက်တာမေဝင်းမြင့်နဲ့ ပါတီဝင်ဟောင်း ဒေါက်တာ သက်သက်ခိုင် တို့ ထိပ်တိုက်ယှဉ်ပြိုင်ကြမယ့် မရမ်းကုန်မဲဆန္ဒနယ်ဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်း စိတ်ဝင်စားဖွယ် အ ကောင်းဆုံး မဲဆန္ဒနယ်တခုဖြစ်နေပါတယ်။
ဒေါက်တာသက်သက်ခိုင်ဟာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ NLD ကိုယ်စားပြုပြီး ဒဂုံမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သူဖြစ်ပေမယ့် ပါတီက ထုတ်ပယ်ခံရပြီးနောက် PPP ပါတီကို တည်ထောင်ကာ မဲ ဆန္ဒနယ်ရွေ့ပြောင်းပြီး မရမ်းကုန်းမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်တာပဲဖြစ်ပါတယ်။
ကြံ့ခိုင်ရေး ပါတီရဲ့ ကိုယ်စားလှယ်လောင်းဖြစ်တဲ့ ဦးမင်းသိန်းထွန်းကတော့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ မရမ်း ကုန်းမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်အမှတ် ၁ မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ကာ NLD ကိုယ်စားလှယ် လောင်းအား ရှုံးနိမ့်ခဲ့ပေမယ့် ၂၀၂၀ မှာတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
တိုင်းဒေသကြီးလွှတ်တော်အတွက် ယှဉ်ပြိုင်မှုအနေနဲ့လည်း အမှတ် ၂ မဲဆန္ဒနယ်မှာ ဒေါက်တာပွင့်ဆန်းနဲ့ ဒေါ်မိုး မိုးစုကြည်တို့ ထိပ်တိုက်တွေ့ဆုံနေတာဖြစ်ပါတယ်။
ဒေါက်တာပွင့်ဆန်းဟာ ၂၀၁၀ ရွေးကောက်ပွဲ ပြည်သူ့လွှတ်တော်တွင် အနိုင်ရကာ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်တာဝန်ယူခဲ့သူဖြစ်ပြီး ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ ဒေါက်တာမေဝင်းမြင့်ကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
ဒေါ်မိုးမိုးစုကြည်ကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးနောက် လက်ရှိရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မှာ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။
အစဉ်အလာပြိုင်ဘက်ဖြစ်တဲ့ NLD နဲ့ ကြံ့ခိုင်းရေးပါတီတို့ရဲ့ အတွေ့အကြုံရှိ အမတ်လောင်းတွေနဲ့ လူသစ်တွေ ဖြစ်တဲ့ UBP နဲ့ PPP အမတ်လောင်းတွေကြား အားပြိုင်မှုတွေအပေါ် စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂ နေရာအတွက် PPP၊ UBP၊ NLD ၊ မြန်မာ ပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီနဲ့ ကြံ့ခိုင်ရေး ပါတီတို့မှ ကိုယ်စားလှယ်လောင်း ၁၅ ဦးတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
လူငယ်နိုင်ငံရေးသမား ၂ ဦး ထိပ်တိုက်တွေ့နေတဲ့ ပန်းပဲတန်းမြို့နယ်
လူငယ်မျက်နှစ်သစ် နိုင်ငံရေးသမားတွေ အားပြိုင်ကြမယ့် ပန်းပဲတန်းမြို့နယ်ကတော့ စိတ်ဝင်တစား စောင့်ကြည့် ရမယ့် နေရာတခုဖြစ်ပါတယ်။
NLD ကိုယ်စားပြုယှဉ်ပြိုင်မယ့် ဦးစည်သူမောင်နဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အ မတ်လောင်း ဒေါ်အိသဉ္ဇာမောင်တို့ဟာ ကျောင်းသားနိုင်ငံရေးလှုပ်ရှားမှုတွေကနေ ထွက်ပေါ်လာတဲ့ မျိုးဆက်သစ် လူငယ်တွေ ဖြစ်ကြပါတယ်။
နှစ်ဦးစလုံးဟာ ဒီမိုကရေစီတက်ကြွလှုပ်ရှားတဲ့ အသိုင်းအဝိုင်းက လာခဲ့ကြသူတွေဖြစ်တဲ့အပြင် နိုင်ငံရေးအစဉ် အ လာရှိတဲ့ ၈၈ ကျောင်းသားမျိုးဆက်တွေကလည်း အသီးသီး ဝန်ရံနေကြတာ တွေ့ရပါတယ်။
NLD ပါတီရဲ့ အစဉ်အလာပြိုင်ဘက်ဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီကတော့ အပြောင်းအလဲမရှိဘဲ ၂၀၁၅ ခုနှစ်က ရှုံးနိမ့်ခဲ့တဲ့ ကိုယ်စားလောင်းဖြစ်သူ ဦးမြင့်ခိုင်ကိုပဲ ပြန်လည်ရွေးချယ်ထား တာဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂ နေရာအတွက် UBP၊ NLD ၊လူ့ဘောင်သစ် ဒီမို ကရက်တစ်ပါတီ၊ လူ့ဘောင်သစ်ပါတီ၊ ပြည်သူ့ပါတီ၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ၊ ကြံ့ခိုင် ရေးပါတီတို့မှ ကိုယ်စားလှယ်လောင်း ၁၄ ဦးတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
ဦးကိုကိုကြီး ဝင်ပြိုင်တဲ့ တောင်ဥက္ကလာပမြို့နယ်
၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ တကြိမ်စီအနိုင်ရထားတဲ့ NLD နဲ့ ကြံ့ခိုင်ရေးတို့အတွက် ယခုရွေးကောက်ပွဲမှာ အဓိက ပြိုင်ဘက်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာကတော့ ပြည့်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးပဲဖြစ်ပါတယ်။
ယခုရွေးကောက်ပွဲမှာ NLD အနေနဲ့ ၂၀၁၅ ခုနှစ်က အနိုင်ရခဲ့တဲ့ ဒေါက်တာစောနိုင်နေရာမှာ လူသစ်ဖြစ်တဲ့ ဦး သက်နိုင်စိုးကို ရွေးချယ်ထားသလို ကြံ့ခိုင်ရေးပါတီကလည်း ၂၀၁၀ တုန်းက အနိုင်ရခဲ့တဲ့ ဦးအောင်သိန်းလင်း နေရာမှာ ဒေါက်တာမျိုးအောင်ကို အစားထိုးရွေးချယ်ထားတာတွေ့ရပါတယ်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကိုကိုကြီးအတွက် ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်မယ့် ရွေး ကောက်ပွဲဖြစ်ပြီး ၂၀၁၅ ခုနှစ်တုန်းက ၎င်းအနေနဲ့ NLD ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ပါတီ ဘက်က ဒေါက်တာစောနိုင်ကိုပဲ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
တဦးချင်း နိုင်ငံရေးအစဉ်အလာရှိမှုနဲ့ လူထုအကြားကျော်ကြားမှုက ဦးကိုကိုကြီးအနေနဲ့ နှာတဖျားသာ နေတဲ့အတွက် တောင်ဥက္ကလာပမြို့နယ်ရဲ့ မဲရလဒ်ဟာ ယခင်နဲ့မတူဘဲ အပြောင်းအလဲဖြစ်လာနိုင်တဲ့အတွက် စောင့်ကြည့်ရမယ့် နေရာတခုလည်းဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂ နေရာအတွက် PPP၊ UBP၊ NLD ၊NDF ၊မွန် ညီညွတ်ရေးပါတီ၊ ပြည်သူ့ပါတီနဲ့ ကြံ့ခိုင်ရေးပါတီတို့မှ ကိုယ်စားလှယ်လောင်း ၁၇ ဦးတို့ ယှဉ်ပြိုင်ကြ မည်ဖြစ် သည်။
ဝင်ကြီးဟောင်း ဦးခင်ရီ ဝင်ပြိုင်တဲ့ ဆိတ်ကြီး-ခနောင်တို
၂၀၁၅ ခုနှစ်က အရှုံးကို ပြန်လည်ချေဖျက်ဖို့ ကြိုပမ်းမှုအနေနဲ့ ဆိတ်ကြီး–ခနောင်တိုမြို့နယ်မှာတော့ ကြံ့ခိုင်ရေး ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်ရီကိုယ်တိုင် လာရောက်ယှဉ်ပြိုင်တာတွေ့ရပါတယ်။
NLD ပါတီဘက်ကတော့ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ အမတ်လောင်းဖြစ်တဲ့ ဦးတင်ထွန်းနိုင်ကို ပြန်လည်ရွေးချယ် ထားတာဖြစ်ပါတယ်။
ဦးတင်ထွန်းနိုင်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အဓိက ပြိုင်ဘက်ဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီအမတ်လောင်း ဦးမင်း သိမ်းကို မဲ ၃၃၀၀ ကျော်အသာနဲ့ အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။
ယခုနှစ်အဓိက ပြိုင်ဘက်ဖြစ်လာတဲ့ ဦးခင်ရီကတော့ ယခင်အစိုးရလက်ထက်တွေမှာ ရဲချုပ်၊ လူဝင်မှုကြီးကြပ်ရေး ဝန် ကြီးစတဲ့ တာဝန်တွေယူခဲ့တဲ့ သူတဦးဖြစ်တဲ့အပြင် မြေပြင်မှာ မဲဆွယ်စည်းရုံးလုပ်ငန်းတွေကိုလည်း ထိထိ ရောက်ရောက် ဆောင်ရွက်နေတာ တွေ့ရပါတယ်။
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမတ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ UNDP ပါတီက အမျိုးသမီးအမတ်လောင်း ဒေါ်မိုးမိုးသီ ဆိုသူလည်း ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ဒီမိုကရေစီအင်အားစုတွေရဲ့ သီးခြားယှဉ်ပြိုင်မှုနဲ့အတူ ဝန်ကြီးဟောင် ဦးခင်ရီနဲ့ အနိုင်ရ အမတ်လောင်း ဦးတင် ထွန်းနိုင်တို့ရဲ့ ထိပ်တိုက်ယှဉ်ပြိုင်မှုတွေဟာ စိတ်ဝင်ဖို့ ကောင်းနေတာလည်းဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂ နေရာအတွက် NLD၊ UBP ၊UNDP ၊ပြည်သူ့ပါ တီ၊ တ.စ.ညပါတီ၊ ကြံ့ခိုင်ရေးပါတီနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း စုစုပေါင်း ၁၄ ဦးယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁၁)
ပါတီဝင် မိတ်ဆွေအဖြစ်ကနေ ယှဉ်ပြိုင်ဘက်ဖြစ်လာတဲ့ NLD ပါတီက ဦးဘမျိုးသိန်းနဲ့ PPP ပါတီ ဒုက္ကဋ္ဌ ဦးကျော် ဇေယျတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကလည်း စိတ်ဝင်တစား စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။
ဦးဘမျိုးသိန်းအနေနဲ့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၅ နေရာကနေ မဲ အ ပြတ်အသတ်နဲ့ အနိုင်ရခဲ့တာဖြစ်ပေမယ့် ယခုနှစ်မှာတော့ မဲဆန္ဒနယ်အမှတ် ၁၁ ကနေ ပြောင်းလဲ ယှဉ်ပြိုင် လာ တာဖြစ်ပါတယ်။
ဦးကျော်ဇေယျကတော့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ NLD ပါတီကိုယ်စားပြုပြီး ဒဂုံမြို့နယ်ကနေ တိုင်းဒေသကြီး အမတ်အဖြစ် အနိုင်ရခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ ပါတီကနေ ထုတ်ပယ်ခံရပြီး နောက်ပိုင်းမှာတော့ ဒေါက်တာ သက်သက်ခိုင် နဲ့အတူ PPP ပါတီကို တည်ထောင်ခဲ့ပြီး အမျိုးသားလွှတ်တော်ကို နေရာပြောင်းလဲ ယှဉ်ပြိုင်မှာပဲ ဖြစ်ပါတယ်။
အစဉ်အလာရှိတဲ့ နိုင်ငံရေးသမားတဦးဖြစ်သူ ဦးဘမျိုးသိန်းနဲ့ လွှတ်တော်တွင် ထောက်ပြမေးခွန်း ထုတ်မှုတွေ ကြောင့် နာမည်ကြီးရေပန်းစားတဲ့ ဦးကျော်ဇေယျတို့ရဲ့ ထိပ်တိုက်ယှဉ်ပြိုင်မှုဟာ မိတ်ဆွေဟောင်းတွေရဲ့ အား ပြိုင်မှုအဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။
မဲဆန္ဒရှင် ၄ သိန်းခွဲကျော်ရှိတဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁၁ နေရာမှာ ၂၀၁၅ ခုနှစ်က ယှဉ်ပြိုင်သူ ၁၄ ဦးအထိ ရှိခဲ့ပေမယ့် ယခုရွေးကောက်ပွဲမှာတော့ NLD၊ ကြံ့ခိုင်ရေးပါတီ၊ UBP နဲ့ PPP ပါတီတို့ရဲ့ အမတ်လောင်း ၄ ဦးသာ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် ၄၅ နေရာလုံးမှာ NLD ပါတီက ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲနဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ မဲအပြတ်အသတ် အနိုင်ရထားပါတယ်။ ရန်ကုန်တိုင်းမှာ မဲအပြောင်း အလဲတွေရှိလာမလားလို့ တွက်ဆနေမှုတွေ ရှိသလို NLD က အရင်ထက် အနိုင်ပိုပြတ်သားလိမ့်မယ်လို့ တွက်ဆမှုတွေလည်း တွေ့နေရပါတယ်။
You may also like these stories:
ဝ ထိန်းချုပ်နယ်မြေတွင်း မဲဆွယ်ခွင့်မရ၍ ပါတီအချို့ ရွေး/ကော်ကို ကန့်ကွက်စာတင်
လူထု လွတ်လပ်စွာမဲပေးခွင့်ကို ပြည်သူစစ်အဖွဲ့များ ခြိမ်းခြောက်နေဟုဆို
နိုင်ငံတော် သမ္မတရုံး ဝေဖန်ချက် တပ်မတော် တုံ့ပြန်