ဥရောပသမဂ္ဂ၉(EU)မှ ဗြိတိန်နိုင်ငံ နုတ်ထွက်ရန် ဗြိတိန်ပြည်သူအများစုက ဆန္ဒမဲပေးဆုံးဖြတ်ခဲ့ကြပြီး နောက် ကမ္ဘာ့စီးပွားရေးဈေးကွက်တွင် ရွှေဈေးနှုန်းများမြင့်တက်ခဲ့ရာ မြန်မာ့ဈေးကွက်တွင်လည်း အခေါက်ရွှေ တကျပ် သား လျှင် ငွေကျပ် ၈၂၀၀၀၀ ကျော် ဈေးနှုန်းမြင့်တက်သွားကြောင်း သတင်းရရှိသည်။
EU မှ ဗြိတိန်ခွဲထွက်ရန် မဲရလဒ်ထွက်ပေါ်လာပြီးနောက် ကမ္ဘာ့ဈေးကွက် စတော့ရှယ်ယာဈေးနှုန်းများ ကျဆင်း ခြင်း၊ ဗြိတိန်သ ျှပေါင်စတာလင် တန်ဖိုး ကျဆင်းခြင်းအပါအဝင် ကမ္ဘာ့စီးပွားရေး အကျပိုင်းသို့ ရောက်ရှိလာပြီး ရွှေဝယ်ယူမှု မြင့်တက်လာကြောင်း၊ ရွှေဝယ်ယူမှု မြင့်တက်မှုနှင့်အတူ ရွှေဈေးနှုန်းများမှာ တရိပ်ရိပ် မြင့်တက် လာကြောင်း သိရှိရသည်။
“အခုရွှေဈေးတက်လာတဲ့အကြောင်းအရင်းမှာတော့ အီးယူကနေ ခွဲထွက်လိုက်တာကြောင့် ဖြစ်တာပါ။ မခွဲထွက် ခင် အချိန် မှာတောင် ရွှေဈေးက ပြည်တွင်းမှာ ကျပ် ၈ သိန်းတသောင်းလောက်ဖြစ်ခဲ့တယ်။ အခုက ခွဲထွက်လိုက် တဲ့နေ့ တရက်တည်း မှာ ကမ္ဘာရွှေက တအောင်စကို ဒေါ်လာ ၁၀၀ လောက်တက်သွားတော့ ပြည်တွင်းရွှေ ကလည်း ၈၂၀၀၀၀ လောက် ဖြစ်သွား တာပေါ့”ဟု တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ပြောသည်။
ကမ္ဘာ့စီးပွားရေး သတင်းအချက်အလက်များအရ ရွှေဈေးနှုန်းသည် ဆက်လက်မြင့်တက်ရန် ရှိနေရာ မြန်မာ့ ရွှေဈေး သည် အခေါက်ရွှေ တကျပ်သားလျှင် ငွေကျပ် ၉ သိန်း အထိ ရောက်ရှိနိုင်သည်ဟု ပြည်တွင်း ရွှေ လုပ်ငန်း ရှင်တချို့က ခန့်မှန်းသည်။
အောင်သမာဓိရွှေဆိုင်မှ ဦးအောင်ဆန်းဝင်းက “ကမ္ဘာရွှေဈေးတက်ရင်တော့ လိုက်တက်ရတာပေါ့။ အခေါက်ရွှေ ၁ ကျပ်သားကို ၉ သိန်း ဖြစ်လာနိုင်တယ်။ဘာမှ ပြောလို့တော့ မရဘူး”ဟု ပြောသည်။
ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေး လိုက်လံမြင့် တက်နေ သော်လည်း ဈေးကွက်အတွင်း အရောင်း အဝယ်အခြေအနေမှာ မိုးတွင်းကာလ ရောက်နေသည့် အတွက်ကြောင့် လည်းကောင်း ၊ ပြည်တွင်း ရွှေဈေးမြင့်ခြင်းကြောင့်လည်းကောင်း အရောင်းအဝယ် နည်းပါးကြောင်း သိရှိရသည်။
“ကမ္ဘာစီးပွားရေးက မရေမရာအနေအထား။ ရှေ့ကို ခန့်မှန်းရက ခက်တယ်။ ကမ္ဘာရွှေဈေးက တက်ဦး မယ်။ စတော့ ရှယ်ယာဈေး တွေကလည်း ကျတယ်။ ပိုက်ဆံတွေကို ရေနံမှာလည်း မထားဘူး ရွှေမှာလာစုတော့ ခိုင်လာ တဲ့ အနေ အထား ရောက်လာတာပေါ့”ဟု မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးလည်းဖြစ်၊ ဦးထုံ ရွှေဆိုင် ပိုင်ရှင် လည်းဖြစ်သူ ဦးကျော်ဝင်းက ပြောသည်။
ကမ္ဘာ့ရွှေဈေးကွက်တွင် ရွှေတအောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၁၉ ရှိနေပြီး ပြည်တွင်းဈေးကွက်တွင် မြန်မာ ငွေ နှင့် အမေရိကန် ဒေါ်လာ ငွေလဲလှယ်နှုန်းထားမှာ တဒေါ်လာလျှင် မြန်မာငွေ ၁၁၈၂ ကျပ် ဝန်းကျင် ပေါက်ဈေး ရှိကြောင်း သိရှိရသည်။