မန္တလေး ကွန်ဗင်းရှင်းစင်တာ (MCC) တွင် ပါဝင်မည့် ခန်းမ အကျယ်အဝန်းကို မြို့တော်ဝန်က ပြင်ဆင်တိုးချဲ့ ခိုင်းသည့်အတွက် သတ်မှတ် ကာလထက် ၆ လနောက်ကျပြီးမှ ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း မန္တလေး မြို့တော်စည်ပင် သာယာ ရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောသည်။
နိုင်ငံတော်အဆင့် အခမ်းအနားများနှင့် ပုဂ္ဂလိက ပွဲလမ်းသဘင်များ ကျင်းပနိုင်ရန်အတွက် ရည်ရွယ်ကာ မန္တလေးမြို့တွင် Convention Center အဆောက်အအုံအား ၂၀၁၄ ခုနှစ် သြဂုတ်လမှ စတင်ဆောက်လုပ်ခဲ့ရာ ယခုနှစ် ဒီဇင်ဘာလတွင် ပြီးမည်ဟု သတ်မှတ်ထားသော်လည်း ပြန်လည် ပြင်ဆင်မှုများရှိသောကြောင့် ၂၀၁၆ ဇွန်လကုန်မှသာ ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
“သူနဂို Format နဲ့ အများကြီး ပြောင်းလဲရတဲ့အတွက် အချိန်နည်းနည်း နောက်ဆုတ်ရတာပါ။ အဲဒီအတွက် ကုမ္ပဏီဘက်က လိုအပ်တဲ့ တွက်ချက်မှုတွေ ပြုလုပ်ပြီး ကော်မတီကို တင်ပြပြီး ခွင့်ပြုတာ ဖြစ်ပါတယ်” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ ဌာနမှူး ဦးဇော်ဝင်းက ပြောသည်။
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် သိပ္ပံလမ်းနှင့် ၇၃ လမ်းရှိ အကျယ်မြေ ၂ ဧကခွဲပေါ်တွင် တည်ဆောက် လျက်ရှိသည့် မန္တလေး ကွန်ဗင်းရှင်းစင်တာကို ၂၀၁၃ နှစ်လယ်ပိုင်းမှ စတင်ကာ မန်းစည်ပင်က တင်ဒါခေါ်ယူခဲ့ရာ မန္တလေးမြို့ရှိ နယူးစတားလိုက်ခ် ဆောက်လုပ် ရေးကုမ္ပဏီနှင့် CAD ဆောက်လုပ်ရေးတို့က တင်ဒါ အောင်မြင်ခဲ့ပြီး ဆောက်လုပ်ခွင့်ရရှိခဲ့သည်။
CAD ဆောက်လုပ်ရေးမှ မန်နေဂျင်းဒါရိုက်တာ ဦးဇင်မင်းဆွေက “ဆောက်လုပ်မှုအပိုင်းမှာ ကျနော်တို့ အကြမ်းထည် အပိုင်းက ပြီးသွားပြီ၊ အခုတော့ Decoration ပိုင်းပြင်ဆင်မှုတွေကို နိုင်ငံခြားအဖွဲ့တဖွဲ့အပ်ပြီး အကုန်လုပ်နေပါပြီ” ဟု ပြောသည်။
ကွန်ဗင်းရှင်းစင်တာသည် ၃ ထပ်အဆောက် အဦးဖြစ်ပြီး ရင်းနှီးမြှပ်နှံသည့်ကုမ္ပဏီမှာ Mandalay Investment Development Group မှ ဖြစ်ကာ အမေရိကန် ဒေါ်လာ ၂၅ သန်းခန့် ကုန်ကျမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
မန္တလေး ကွန်ဗင်းရှင်းစင်တာ တည်ဆောက်ရေးအတွက် တင်ဒါစည်းကမ်းများအရ လူ ၁၅၀၀ ဆံ့ နိုင်ငံတကာ အဆင့်မီ Function Hall ၊ လူ ၁၀၀၀ ဆံ့ ဧည့်ခံကျွေးမွေးနိုင်မည့် ခန်းမဆောင်၊ အစည်းအဝေးခန်းမ ၆ ခု၊ ဘာသာရပ်ဆိုင်ရာ နည်းပညာနှင့် ထုတ်ကုန်အသစ်များ ခင်းကျင်းပြသနိုင်မည့် နေရာလွတ်၊ အမှတ်တရပစ္စည်းများ ရောင်းချနိုင်မည့် နေရာများ၊ အခမ်းအနား ပြုလုပ်ရာတွင် ထိန်းချုပ်ကွပ်ကဲမည့် Admin Room ၊ အသံပိုင်းဆိုင်ရာစနစ်များ၊ ယာဉ်အစီးရေ ၂၀၀ ခန့် ရပ်နားနိုင်မည့် ကားပါကင်၊ မီးဘေးကြိုတင် ကာကွယ်ရေး အချက်ပြစနစ်များနှင့် အပန်းဖြေနားနေ နိုင်မည့် စိမ်းလန်းဧရိယာများ ပါဝင်ရမည်ဟု သိရသည်။
ကွန်ဗင်းရှင်းစင်တာ ပြီးစီးသွားပါက မန်းစည်ပင်ကော်မတီအား အဆောက်အဦး အပ်ရမည်ဖြစ်ပြီး စင်တာ၏ ထိန်းသိမ်းကွပ်ကဲရေးအပိုင်းကို စည်ပင်က တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စည်ပင်တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောသည်။
ယင်းစီမံကိန်းအား တင်ဒါအောင်မြင်ပြီး ချက်ချင်း အကောင်အထည် မပေါ်ဘဲ ပြည်ထောင်စု အစိုးရအဖွဲ့က တိုက်ရိုက် စီမံဆောင်ရွက်မည်ဟု ဆိုသောကြောင့် ယာယီဆိုင်းငံ့ ထားခဲ့ကြောင်း၊ ထို့နောက် မန္တလေးကွန်ဗင်းရှင်းစင်တာ တည်ဆောက်ရေး စီမံကိန်းကို ၂၀၁၄ သြဂုတ်လက မန္တလေး တိုင်းဒေသကြီး လွှတ်တော်၏ ရသုံးဘတ်ဂျတ်မှ ခွဲဝေပြီး တိုင်းအစိုးရအဖွဲ့ အစီအစဉ်ဖြင့် စတင်ဆောက်လုပ်ခဲ့ကြောင်း၊ မူလ တင်ဒါအောင် ကုမ္ပဏီ ၂ ခုအား BOT စနစ်ဖြင့် တည်ဆောက် ခွင့်ပြုခဲ့ကြောင်း သိရသည်။