ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်ဒေသရှိ ပိုင်ရှင်ရှိ စပါးခင်းများကို လာမည့် နိုဝင်ဘာမှ စ၍ ပြည်နယ် အစိုးရနှင့် ညှိနှိုင်းကာ ရိတ်သိမ်းရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။
ယင်းကဲ့သို့ လုပ်ဆောင်ရခြင်းမှာ မိုးစပါးများမှာ ရင့်မှည့်နေ၍ ရိတ်သိမ်းချိန် ရောက်ရှိနေရာ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် ရခိုင်ဒေသတွင်း အချို့နေရာများတွင် ရိတ်သိမ်းမည့် ပိုင်ရှင်များမရှိခြင်း၊ ပိုင်ရှင်ရှိသော်လည်း ရိတ်သိမ်းမည့် လယ်ယာလုပ်သားမရှိခြင်း တို့ကြောင့် လေလွင့်ဆုံးရူံးမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် ရိတ်သိမ်း ခြွေလှေ့စက်များ အမြန်ဆုံး သွားရောက်ကူညီရန် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ လုပ်ဆောင်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က “ ရခိုင်ပြည်နယ်ရဲ့ မိုးစပါးစိုက်ခင်းတွေက စပါးတွေ မှည့်နေပြီ။ ပိုင်ရှင်မဲ့ စပါးခင်းတွေကို ပြည်နယ်အစိုးရက လုပ်မှာ၊ ကျနော်တို့ကတော့ ပိုင်ရှင်ရှိတဲ့ စပါးခင်းတွေကိုပဲ လုပ်သွားမယ်။ ပြည်နယ်အစိုးရအဖွဲ့နဲ့ ညိုနိူင်းပြီး လာမယ့် နိုဝင်ဘာလထဲမှာ အမြန်ဆုံး လုပ်သွားမှာဖြစ်တယ်’’ဟု ပြောသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ လက်ရှိ ကွင်းဆင်း စာရင်းပြုစုထားမှုအရ မောင်တောဒေသတွင် စပါးစိုက်ပျိုး ထားသော လယ်ဧက စုစုပေါင်း ၇၁၅၀၀ ဧက ကျော်ရှိပြီး ယင်းအထဲတွင် တိုင်းရင်းသားများ ထွန်ယက် စိုက်ပျိုး လုပ်ကိုင်ခဲ့သော လယ်ဧကမှာ ၇၅၀၀ ကျော်ရှိသည်။
အဆိုပါ စပါးခင်းများထဲမှ ပိုင်ရှင်ရှိ၊ ပိုင်ရှင်မဲ့ ခွဲခြားရန် သေချာစွာ မသိရှိရသေးသောကြောင့် ဒေသခံအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်မည် ဖြစ်ကြောင်း၊ အစီအစဉ်၏ အသေးစိတ်၊ လုပ်ဆောင်သွားမည့် နေရာ၊ ရိတ်သိမ်းပေးမည့် လယ် ဧက အတိအကျကို လာမည့် ၂ ပတ်အတွင်း ထုတ်ပြန်ရန်ရှိကြောင်း ဆန်စပါးအသင်းချုပ်ထံက သိရသည်။
ဆက်လက်၍ ဦးရဲမင်းအောင် က “အသေအချာမသိသေးတဲ့အတွက် ကျနော်တို့အဖွဲ့ကို ရခိုင်ကိုအမြန်ဆုံးလွတ်မယ်။ ဒေသအဖွဲ့အစည်းနဲ့ ပေါင်းပြီး ပုံစံရွေးရမယ်။ ကျနော်တို့က ပုဂ္ဂလိကဖြစ်တဲ့အတွက် ပိုင်ရှင်မဲ့တဲ့လယ်ကို ဝင်ရိတ်ဖို့က ခက်တယ်။ ဥပဒေကြောင်းအရ ခွင့်ပြုချက် လိုအပ်တယ်။ ဒါကြောင့် လတ်တလောမှာ ပိုင်ရှင်ရှိတဲ့ လယ်မြေတွေကို ဝန်ဆောင်မှုပေးဖို့က ဦးစားပေးဖြစ်တယ်”ဟု ရှင်းပြသည်။
ယင်းကဲ့သို့ စပါးများကို ရိတ်သိမ်းရာတွင် စပါးရိတ်သိမ်းခ၊ လုပ်သားငှားရမ်းခြင်း၊ လယ်ပိုင်ရှင်များအတွက် ယာယီအကြွေး စနစ်ဖြင့် လုပ်ဆောင်ခြင်းနှင့် ကုန်ကျစရိတ် အခမဲ့ ဝန်ဆောင်မှု ပေးခြင်း စသည့် ကိစ္စများအပေါ် ရခိုင်ပြည်နယ် အစိုးရနှင့် ညှိနှိုင်းလုပ်ဆောင်မည် ဖြစ်ကာ စတင်လုပ်ဆောင်ဖြစ်ပါက ဘူးသီးတောင် မြို့နယ်ကို အခြေစိုက် ဆောင်ရွက်မည်ဟု သိရသည်။
ပြည်နယ်၏ လယ်ယာ၊ သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်ပြည်နယ် အခြေပြုလယ်ယာစီးပွားအများပိုင်ကုမ္ပဏီ (Rakhine Agribusiness Public Co,.Ltd – RAPC) ကိုတည်ထောင်ပြီး လာမည့် ၂၀၁၈ ခုနှစ်မှ စ၍ ၃ နှစ်တာ ကာလ အတွင်း ပြည်နယ်အတွင်းရှိ ဆန်စပါး အခြောက်ခံစက်များ တပ်ဆင်ခြင်း၊ ခေတ်မီဆန်စက် ယူနစ်စနစ်များ ပြောင်းလဲ တပ်ဆင်နိုင်ရန် ကူညီခြင်းနှင့် အဆင့်မြင့်ပေါင်းဆန်စက်များကို တည်ထောင်ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အမှုဆောင်အရာရှိချုပ် ဦးအောင်ဆန်းက ပြောသည်။
“ဒီအများပိုင်ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံဖို့က လောလောဆယ် ကျပ် ၅၀ ဘီလီယံခန့် အသုံးပြုမယ်လို့ လျာထားတယ်။ လုပ်ငန်းစဉ် ၆ ရပ်ကို ၃ နှစ်အတွင်း ကျနော်တို့ဆောင်ရွက်ဖို့ ရှိပါတယ်။ ဒီလုပ်ငန်းစဉ် ၆ ရပ်ကတော့ ဆန်စပါးကဏ္ဍ၊ လယ်ယာကဏ္ဍနှင့် ဆက်စပ်ပါတယ်” ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်သည် ဆန်စပါးအများဆုံး ထွက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးများကဲ့သို့ပင် ဆန်စပါးစိုက်ဧက ၁ သန်းကျော်စိုက်ပျိုး ထုတ်လုပ်နိုင်သည့် တိုင်းဒေသကြီးဖြစ်ခြင်း၊ လတ်တလောကြုံတွေ့နေရသည့် အခြေအနေများအရ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသော အခန်းကဏ္ဍ ဖြစ်သောကြောင့် ပုဂ္ဂလိကကဏ္ဍမှ ပါဝင်သူများပေါင်းစပ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်းဖြစ်သည်။
ထို့ပြင် ရင်းနှီးမြှုပ်နှံမှုမှ တဆင့် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လုပ်ဆောင်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်စေရန်၊ အားနည်းနေသော စီးပွားရေးစနစ်ကို ပြန်လည် ထူထောင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သိရသည်။
ဆက်စပ်ဖတ်ရှုရန်- မောင်တောဒေသပိုင်ရှင်မဲ့ စပါးခင်းများ ဒေသန္တရ အမိန့်ထုတ်ပြန် ရိတ်သိမ်းမည်