မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြန်လည်နာလန်ထူ လာသည့်လက္ခဏာတရပ်အနေဖြင့် တရုတ်နှင့် စင်ကာပူတို့မှ ရင်းနှီးမြှုပ်နှံရေးစီးဆင်းမှု ၂ ဆကျော် တက်လာခဲ့ကြောင်း ဂျပန်စီးပွားရေး သတင်းဌာန Nikkei Asian Review က ရေးထားသည်။
ဇွန်လအကုန် ၆ လပတ်အထိ ခွင့်ပြုချက်ရရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ၇၉ ရာခိုင်နှုန်းအထိ တက်လာခဲ့ပြီး တန်ဖိုးမှာ ဒေါ်လာ ၂ ဒသမ ၃၅ ဘီလီယံဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနကို ကိုးကားသည်။
တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်တို့မှ ငွေစာရင်းများ ၆ လတာကာလအတွင်း အသစ်ခွင့်ပြုမှုပေါင်း ၁၃၄ ခုအနက် ၈၄ ခုဖြစ်သဖြင့် တိုးတက်မှုနှုန်း ၁၄၀ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ တရုတ်နှင့်ဟောင်ကောင်ရင်းနှီးမြှုပ်နှံမှုမှာ ၁၅၀ ရာခိုင်နှုန်းတိုးလာပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၅၉၀ သန်းဖြစ်သည်။
ယင်းသို့ ပြန်တက်လာမှုသည် ၂၀၁၉ ခုနှစ် တလျှောက်လုံး နောက်ဆုံးတက်လာမှု ဖြစ်နိုင်ခြေရှိပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရလက်ထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တက်လာခြင်းလည်း ဖြစ်သည်။ ၎င်းအစိုးရအနေဖြင့် ရခိုင်မြောက်ပိုင်းနေ မွတ်ဆလင်များအရေး အနောက်နိုင်ငံများ၏ ဝေဖန်ဖိအားပေးနေမှုများကြား ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ရန် မနည်းရုန်းကန်ခဲ့ရသည်။
မကြာသေးမီမှာပင် အမေရိကန်က မြန်မာ့တပ်မတော် ကာကွယ်ရေးစီးချုပ်နှင့် အခြားထိပ်တန်းစစ်ခေါင်းဆောင်များကို ပိတ်ဆို့မှု ချမှတ်ခဲ့သည်။
ဂျပန်နှင့် အနောက်နိုင်ငံမှ ကုမ္ပဏီများက ဒေသတွင်း ရုံးခွဲအဖြစ် လုပ်ကိုင်နေသည့် စင်ကာပူနိုင်ငံမှလည်း ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်အတွင်း ၃ ဆနီးပါးတက်လာခဲ့ပြီး တန်ဖိုးမှာ ဒေါ်လာ ၁ ဒသမ၃ ဘီလီယံဖြစ်သည်။ ဥရောပသမဂ္ဂနိုင်ငံများဆီမှ ရင်းနှီးမြှုပ်နှံမှု စီးဆင်းခြင်းမှာ စုစုပေါင်း ဒေါ်လာ ၃၁ သန်းရှိနေသည်။
တရုတ်အရင်းအနှီး အများအပြား သိသိသာသာ စီးဆင်းမှုမှာ မြန်မာ့အထည်ချုပ်လုပ်ငန်းများဆီသို့ ဖြစ်ပြီး ယင်းလုပ်ငန်းများသည် တင်သွင်းလာသည့် ကုန်ကြမ်းများကို သုံး၍ နောက်ဆုံးထုတ်လုပ်မှု လုပ်ကိုင်ပေးလျက်ရှိရာ အဓိကအားဖြင့် တရုတ်တင်သွင်းကုန်များ သုံးရသည်။
အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲသည် မြန်မာနိုင်ငံသို့ အထည်ချုပ်လုပ်ငန်းများအဖြစ် ထုတ်လုပ်ရေးအရွေ့တခုအနေနှင့် တရှိန်ထိုး လိမ့်ဝင်လာနေသည်။ ယင်းအရွေ့တိမ်းညွှတ်မှုကို တရုတ်လုပ်သား စရိတ်တက်လာခြင်းကလည်း မောင်းနှင်သည်။ မြန်မာနိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ကုန်ထုတ်လုပ်ရေးကဏ္ဍသည် ၆၀ ရာခိုင်နှုန်းဝန်းကျင်သို့ တက်လာပြီး တန်ဖိုးအားဖြင့် ဒေါ်လာသန်း ၇၀၀ ရှိသည်။
သယ်ယူပို့ဆောင်ရေးနှင့် တယ်လီဖုန်း ဆက်သွယ်ရေးကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှုမှာ အစိုးရလက်ခံသည့် အခြေခံအဆောက်အဦ စီမံကိန်းအရေအတွက်အပေါ် မူတည်၍ ဒေါ်လာ ၁ ဘီလီယံအထိ ၄ ဆကျော် ခုန်တက်ခဲ့သည်။ ယင်းစီမံကိန်းများအနက် စီးပွားရေးမြို့တော် ရန်ကုန်တွင် အိန္ဒိယမှ Adani Group လုပ်ငန်းစုက လုပ်ကိုင်နေသော ကုန်သေတ္တာ ဆိပ်ကမ်း စီမံချက်လည်း ပါဝင်သည်။
ဒေါ်အောင်ဆန်းစုကြည် အာဏာရလာသော ၂၀၁၆ ခုနှစ်ကတည်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တနှစ်ချင်း ကျဆင်းလာခဲ့သဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရသည် မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံသူများအား ပိုမိုဆွဲဆောင်၍ ဖိတ်ခေါ်ခဲ့ရသည်။
လက်လီနှင့် လက်ကားလုပ်ငန်းများအတွက် နိုင်ငံခြားမှ တလုံးတခဲတည်း ပိုင်ဆိုင်မှုကို ခွင့်ပြုခဲ့ပြီး မြန်မာနိုင်ငံ၏ မြေစမ်းခရမ်းပျိုးခါစ အာမခံလုပ်ငန်းဈေးကွက်ကို ဖြေလျော့ပေးခဲ့သည်။
တိုယိုတာမော်တော်ယာဉ်ကုမ္ပဏီအနေဖြင့်လည်း မြန်မာနိုင်ငံ၌ ၎င်း၏ ပထမဆုံး ယာဉ်အစိတ်အပိုင်း စုစည်းတပ်ဆင်သည့်စက်ရုံ တည်ဆောက်မည့် စီမံချက်ကို Nikkei က မေလတွင် သတင်းဖော်ပြခဲ့သည်။
သို့သော် လက်ရှိအရှိန်အဟုန်မှာ ယခင် ဦးသိန်းစိန် အစိုးရလက်ထက် ၅ နှစ်ပျမ်းမျှနှုန်း ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံကို ကျော်ဖြတ်နိုင်ရေး မလွယ်ကူလှပေ။ ဒေါ်အောင်ဆန်းစုကြည်အစိုးရ လျာထားသည့် ဒေါ်လာ ၆ ဘီလီယံအထိ ရရှိရေးမှာ ၂၀၁၉ ခုနှစ်အတွက် လက်လှမ်းမမီနိုင်တော့ချေ။
ဆက်စပ်ဖတ်ရှုရန်
အမေရိကန် ဒေါ်လာ ၃၅ သန်းတန် နွားမွေးမြူရေး လုပ်ငန်း တရုတ် ရင်းနှီးမြှုပ်နှံရန် စီစဉ်
မြန်မာ့ကော်ဖီ ပြည်ပတင်ပို့မှု အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်အထိ ရှိလာဟုဆို
ကားမူဝါဒ အပြောင်းအလဲကြောင့် သွင်းကုန်တင်သွင်းမှု လျော့ကျလာ ဟုဆို