ချင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့ (CDF) အဓိကထ်ိန်းချုပ် နယ်မြေများဖြစ်သည့် မင်းတပ်၊ မတူပီ၊ ကန်ပက်လက် စသည့် မြို့နယ်များတွင် စစ်ရေးပဋိပက္ခများကြောင့် အတန်ကြာ ရပ်နားထားခဲ့ရသည့် ဝ ဥမှာ ဈေးကွက်တွင် အရောင်းအဝယ် ပြန်ပြုလုပ်လာပြီဖြစ်ကြောင်း စိုက်ပျိုးသူ ချင်းဒေသခံများထံက သိရသည်။
ကိုဗစ်ကာလနှင့် အာဏာသိမ်းပိုင်းနောက်ပိုင်း ချင်းပြည်နယ်အတွင်း ဝ ဥ စိုက် တောင်သူများ အနေဖြင့် တိုက်ပွဲများ ကြောင့် ထွက်ပြေးနေရသည့်အပြင် ဝယ်ယူသူ မရှိခြင်းတို့ကြောင့် ဈေးကွက်ပျောက်ခဲ့ရကြောင်း၊ ယခုနှစ်တွင် ဝ ဥ စိုက်ပျိုးသူများမှာ ကုန်စည်ဒိုင်များနှင့် ချိတ်ဆက်မှု ရရှိလာကာ ထိုသို့ ဈေးကွက် ပြန်လည် အသက် ဝင်လာခြင်း ဖြစ်ကြောင်း ချင်းဒေသခံများက ပြောသည်။
ကန်ပက်လက်မြို့နယ်အတွင်းက တောင်သူ ဦးနေထွန်းက “အခုအခြေအနေက တိုက်ပွဲလည်း ငြိမ်နေတယ်ဆိုတော့ တောင်သူတွေကလည်း ဝ ဥ စိုက်ခင်းတွေကို သွားပြီးတော့ တူးဖော်လို့ရတာပေါ့။ ဈေးကလည်း ဒီနှစ် ၁ ပိဿာ ၇၅၀၀ လောက်ဖြစ်တယ်။ ဒီလို ဝင်ငွေ လုံးဝ မရှိတဲ့အချိန်မှာ ဝ ဥဈေးကွက် ပြန်ပေါ်လာတဲ့အတွက် လူတွေတော်တော်များ များ စိုက်ခင်းထဲက ဝ ဥတွေကို ဖော်ပြီးတော့ ရောင်းနေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သော ကိုဗစ်ကာလနှင့် အာဏာသိမ်းကာလတို့တွင် အဆိုပါ မင်းတပ်၊ ကန်ပက်လက်၊ မတူပီမြို့နယ်များ၌ ဝ ဥ ၁ ပိဿာလျှင် ကျပ် ၄၀၀၀ / ၅၀၀၀ လောက်နှုန်းဖြင့်သာ ဈေးပေါ်ခဲ့သည့်အတွက် တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ် နှင့် လုပ်အားစရိတ်တို့ မကာမိသည့်အပြင် နယ်မြေအခြေအနေမှာ မအေးချမ်းသည့်အတွက် ဝ ဥ စိုက်ခင်းများကို ပစ် ထားခဲ့ရကြောင်းလည်း ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း ဝ ဥ စိုက် တောင်သူအမျိုးသမီးတဦးက ပြောသည်။
၎င်းက “ကိုဗစ်နဲ့ အာဏာသိမ်းတဲ့နောက်ပိုင်းကာလတွေမှာ ဝ ဥ ဈေးကွက်က လုံးဝ မရှိတော့တဲ့ အခြေအနေ ဖြစ်ခဲ့ တယ်။ ဈေးပေါ်ရင်လည်း တပိဿာကို ၄၀၀၀ လောက်ပဲဆိုတော့ လုပ်အားခနဲ့ တွက်ခြေမကိုက်ဘူး။ နောက်ပြီးတော့ စစ်ကောင်စီက စစ်ကြောင်းထိုးတာရယ်။ လက်နက်ကြီး ပစ်တာတွေကြောင့် လူတွေက ဟိုပြေးဒီပြေးဆိုတော့ ဝ ဥ စိုက်ခင်းတွေ လှည့်တောင်မကြည့်နိုင်ကြဘူး။ ဒီနှစ်မှာတော့ ဝင်ငွေရလမ်းလည်း တခြားမရှိတော့ ဝဥ တူးပြီးတော့ ရောင်းကြတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ဝ ဥကို မင်းတပ်၊ ကန်ပက်လက်၊ မတူပီ စသည့် မြို့နယ်များတွင် အဓိကစိုက်ပျိုးပြီး ဂျပန်၊ တရုတ်၊ ကိုရီးယား နိုင်ငံများ မှ နှစ်စဉ် ဝယ်ယူကြသည့်အပြင်၂၀၁၉ ခုနှစ်တွင် တရုတ်ကုမ္ပဏီတခုက ချင်းတောင်ရတနာကုမ္ပဏီထံ အမေရိကန် ဒေါ်လာ ၅ သန်း တန်ဖိုးရှိ ဝ ဥတန်ချိန် ၅၀၀၀ ခန့် ဝယ်ယူရေး စာချုပ် ချုပ်ဆို၍ တင်ပို့မှုများရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ယခင်က ဝဥ (ခေါ် ) ဖျံဥသည် တောတောင်များတွင် သဘာဝအလျှောက်ပေါက်သည့် အပင်အမျိုးအစား ဖြစ်ပြီး နောက်ပိုင်းတွင် တရုတ်၊ ဂျပန်၊ ကိုးရီးယားနိုင်ငံများမှ ဈေးကောင်းပေးပြီး ဝယ်ယူလာသည့်အတွက် ချင်းပြည်နယ်၌ စပါး၊ လက်ဖက်၊ ကော်ဖီတို့အပြင် ဝ ဥ ကိုလည်း စီးပွားဖြစ် စိုက်ပျိုးလာကြခြင်း ဖြစ်သည်။
ချင်းပြည်နယ်ထွက် ဝဥသည် တခြားဒေသထွက် ဝဥများထက် အရည်အသွေးပိုမိုကောင်းမွန်ပြီး စနစ်တကျ မြေပြုပြင် စိုက်ပျိုးပါက တဧကလျှင် အပင်ပေါင်း ၅ ထောင်မှ ၉ ထောင်အထိ ရှိကာ တပင်လျှင် တပိဿာ ထွက်ရှိနိုင်သော ကြောင့် ဥပိဿာချိန် ၅ ထောင်မှ ၁ သောင်းအထိ ထွက်နိုင်ကြောင်း၊ အရောင်းအဝယ်သွက်သည့် ဝ ဥအဝါနှင့် ဝဥ အနီကို အများဆုံး စိုက်ပျိုးပြီး မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ရေဇွာမြို့နှင့် တီးတိန်မြို့များတွင် ဝ ဥကုန်ချော ထုတ် လုပ်သည့် အခြောက်ခံ စက်များ တည်ဆောက်ထားကြောင်းလည်း သိရသည်။
အာဏာမသိမ်းမီးကာလက တောင်သူများအနေဖြင့် ဝ ဥ တဧက စိုက်ပျိုးလျှင် ကျပ်သိန်း ၂၀ ဝန်းကျင်အထိ ကုန်ကျ ပြီး တူးဖော်ပြီး ပြန်လည် ရောင်းချလျှင် ကျပ် သိန်း ၅၀ အထိ အမြန်အစွန်း ပြန်လည် ရရှိသည့်အတွက် ချင်းပြည်နယ် အတွင်း မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ပလက်ဝ စသည့်မြို့နယ်များတွင် ဝ ဥ လုပ်ငန်းအသင်းများဖွဲ့ကာ စီးပွားဖြစ် စိုက်ပျိုးကြကြောင်းလည်း သိရသည်။
ဝ ဥကို မိုးရာသီတွင် စိုက်ပျိုးကြကာ နွေရာသီရောက်လျှင် တူးဖော်ကြပြီး ရရှိလာသည့် ဝ ဥ များအား ရွံ့များ မကျန် အောင် ဆေးကြောခြင်း၊ နေလှမ်းရန်အတွက် ဓားဖြင့် ပါးပါးလှီးခြင်း စသည့်ဖြင့် အဆင့်ဆင့်ပြုလုပ်ပြီး ရရှိသည့် ဝ ဥ ခြောက်များအား မန္တလေး၊ မုံရွာ စသည့် ကုန်စည်ဒိုင်များသို့ ပို့ဆောင်ကာ ထိုမှ တဆင့် တရုတ်၊ ဂျပန်၊ ကိုရီးယား နိုင်ငံများသို့ ပို့ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် မြန်မာပြည်မှ တင်ပို့သည့် ဝ ဥ ခြောက်များအား စားသောက်ကုန်များအဖြစ် ပြုလုပ်ကာ အဓိက စားသုံးကြသလို ဆေးဖက်ဝင်သည့် စားသောက်စရာများအဖြစ်လည်း ဈေးကောင်းပေး၍ ဝယ်ယူ စားသုံးကြကြောင်း သိရ သည်။
You may also like these stories:
တိုက်ပွဲများကြောင့် ချင်းပြည်နယ် ဝဥ စိုက်ပျိုးထုတ်လုပ်မှု ဒေါ်လာသန်းချီ ဆုံးရှုံးနိုင်
အာဏာသိမ်းကာလ၂ နှစ်အတွင်း လယ်ယာကဏ္ဍ ပိုကျဆင်းလာ