ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာ အဓိက ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ မူဆယ်မြို့နှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ စက်သုံးဆီဆိုင်များ ဆီပြတ်လပ်သဖြင့် ရပ်ထားရသည်။
မူဆယ်မြို့နှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တို့တွင် စက်သုံးဆီ ပန့်ဆိုင် ၄၀ ကျော်ရှိနေသော်လည်း လက်ရှိအချိန်ထိ ၄ ဆိုင် ခန့်သာ တရုတ်မှ တင်သွင်းခွင့်ရရှိထားပြီး ကျန်ရှိသည့် ပန့်ဆီဆိုင်များမှာ ဆီပြတ်လပ်သည့်အတွက် ဆိုင်များပိတ်ထားရ ခြင်းဖြစ်သည်။
တရုတ်မှ စက်သုံးဆီတင်သွင်းခွင့်အား စစ်ကောင်စီက ခွင့်ပြုထားသော ၄ ဆိုင်မှာ မန္တလေးအခြေစိုက် New Star Light၊ Myanmar Shwe San၊ Kyaw Ni Aung နှင့် မူဆယ်အခြေစိုက် Paw Kywe Wa ကုမ္ပဏီတို့ဖြစ်ကြောင်း သိရသည်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး ဖွင့်လှစ်ထားသည့် ပန့်ဆီဆိုင်မှ ဝန်ထမ်းတဦးက “ဆိုင်တွေ ပိတ်ထားတာ ၁၀ ရက် လောက်ရှိပြီ။ ဆီကုန်နေလို့လေ။ အခုထိတော့ တရုတ်ဆီ သွင်းလို့ရအောင် ညှိနေတုန်းဘဲ။ ဘယ်အချိန်မှ ပြန်ရမလဲ မသိရသေးဘူး” ဟု ဧရာဝတီကို ပြောသည်။
လက်ရှိတွင် စက်သုံးဆီတင်သွင်းခွင့်ရရှိရန်အတွက် စစ်ကောင်စီနှင့် တင်သွင်းခွင့်ရ ကုမ္ပဏီ ၄ ခုအား ပန့်ဆီဆိုင်များက သွားရောက် ဆွေးနွေးနေဆဲဖြစ်ပြီး ဓာတ်ဆီကို လက်ရှိမြန်မာဘက်ပေါက်ဈေးအတိုင်း တလီတာလျှင် ကျပ် ၂၈၀၀ ဝန်း ကျင်နှင့်ရရှိရေး ညှိနှိုင်းနေကြကြောင်း သိရသည်။
မူဆယ်မြို့တွင် ပန့်ဆီဆိုင် ၃ ဆိုင်နှင့် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ရှိ ပန့်ဆီဆိုင် ၂ ဆိုင်သာ ဖွင့်လှစ်နိုင်သေးသည့်အတွက် တရုတ်နိုင်ငံသို့ တင်ပို့မည့် ကုန်တင်ယာဉ်များမှာ ဆီရရှိမှု အခက်အခဲကြောင့် ကုန်သွယ်ရေးဇုန်းထဲ၌ သောင်တင်နေကြကာ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်နေကြောင်း ကုန်တင်ယာဉ်မောင်းတဦးကလည်း ပြောသည်။
၎င်းက “၁၀၅ မိုင်ဘက် ဝင်လာတဲ့ ကုန်ကားကြီးတွေတောင် သိပ်မတွေ့ရတော့ဘူး။ ဓာတ်ဆီနဲ့ သိပ်ဆိုင်တာပေါ့။ ဒီထက်ကြာလာ ရင် အဆင်မပြေဘူး။ ၁၀၅ မိုင်က ဆိုင်အတော်များများလည်း ပိတ်ထားတယ် ဆီမရှိလို့” ဟုဆိုသည်။
လမ်းပိုင်းဆိုင်ရာ၊ လုံခြုံရေးအခြေအနေများကြောင့် မြန်မာ- ထိုင်းနယ်စပ် မြဝတီကုန်သွယ်ရေးလမ်းကြောင်း ရပ်ဆိုင်းထား ချိန်တွင် တရုတ်ပြည်ဘက် ဦးတည်နေသည့် ကုန်တင်ယာဉ်နှုန်းထားများ မြင့်တက်လျက်ရှိသော်လည်း မူဆယ်မြို့တွင် ဓာတ်ဆီပြတ်လပ်မှု အခက်အခဲကြောင့် ကုန်တင်ယာဉ်များ မထွက်နိုင်ကြကြောင်း သိရသည်။
အလားတူ တရုတ်မှ စက်သုံးဆီတင်သွင်းလာမည့်အပေါ် ဓာတ်ဆီအရည်အသွေးပိုင်းဆိုင်ရာကိုလည်း ဒေသခံများနှင့် ကုန်သွယ်မှုလုပ်ကိုင်သူများက စိုးရိမ်နေကြကြောင်း ဆိုကြသည်။
လက်ရှိ မူဆယ်မြို့သို့ တင်သွင်းလာသည့် ဓာတ်ဆီများမှာ အဖြူကြည်ရောင် ၉၃ အမျိုးအစားဖြစ်ပြီး ဈေးနှုန်းများအနေဖြင့် တဆိုင်နှင့်တဆိုင် ကွာခြားမှုရှိကြောင်းနှင့် ထိုဓာတ်ဆီများကို မူဆယ်၊ ကွတ်ခိုင်၊ လားရှိုးနှင့် တန့်ယန်းခရိုင်တို့တွင် ဖြန့်ဖြူး ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
စက်သုံးဆီတင်သွင်းခွင့်ရ New Starlight ကုမ္ပဏီပိုင်ရှင် ဦးကျော်ကျော်ဝင်းသည် စစ်ကောင်စီ၏ ရွေးကောက်ပွဲအစီအစဉ် အောင်မြင်ရေး ကျပ်သိန်းပေါင်း ၁၀၀၀ ကျော် တန်ဖိုးရှိ ကွန်ပျူတာများ လှူဒါန်းပေးခဲ့သလို၊ စစ်ခေါင်းဆောင် ဦးစီးတည် ထားသည့် နေပြည်တော်ရှိ မာရဝိဇယ ရုပ်ပွားတော်တည်ဆောက်ရေးအတွက်လည်း ငွေကျပ်သိန်း ၈၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။
You may also like these stories:
တိုက်ပွဲ ကြောင့် လမ်းများပိတ်သဖြင့် တမူး၌ ကုန်ဈေးနှုန်း အဆမတန်တက်
စစ်ကောင်စီကို လောင်စာထောက်ပံ့သည့် ခရိုနီလုပ်ငန်းခွဲအား စာရင်းရှင်းဖျက်သိမ်း
အဆမတန်တက်လာသည့် ဒေါ်လာဈေးကြောင့် ဆေးကုမ္ပဏီတချို့ အရောင်းရပ်