လက်ရှိ စမတ်ဖုန်း နယ်ပယ်မှာ တရုတ်ဖုန်း ကုမ္ပဏီတွေဟာ တီထွင်ဖန်တီးမှု အများဆုံး လုပ်နိုင်တဲ့ ကုမ္ပဏီတွေ ဖြစ်ပါတယ်။ ထူးခြားတဲ့ ဒီဇိုင်း၊ ဆန်းသစ်တဲ့ နည်းပညာ အမျိုးမျိုးကို သူ့ထက်ငါ ဦးအောင် အပြိုင်အဆိုင် ဖန်တီးလျက် ရှိပါတယ်။ ယနေ့မှာလည်း တရုတ်အခြေစိုက် Xiaomi က ထူးဆန်းတဲ့ ဖုန်းဒီဇိုင်း တမျိုးကို မူပိုင်ခွင့်တင်ထားတာ တွေ့လိုက်ရပါတယ်။
ဒီဇိုင်းပုံကြမ်းတွေအရ ဖုန်းကို အရှေ့က ကြည့်မယ်ဆိုရင်တော့ သာမန် မျက်နှာပြင်ပြည့် ဖုန်းတလုံး လိုပါပဲ။ ထူးခြားမှု မရှိပါဘူး။ ဒါပေမဲ့ ကျောဘက်ကို ကြည့်မယ်ဆိုရင်တော့ ဆိုလာပြား ထည့်သွင်းထားတာ တွေ့ရမှာပါ။
Xiaomi ရဲ့ ယခုမူပိုင်ခွင့်ကို LetsGoDigital မီဒီယာက စတင် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ယမန်နှစ်၊ ဇူလိုင်လကတည်းက ကမ္ဘာ့မူပိုင်ခွင့်ရုံး (WIPO) မှာ မူပိုင်ခွင့်တင်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
မူပိုင်ခွင့်မှာတော့ အသေးစိတ် အချက်အလက်တွေ မပြောထားပေမယ့် ကျောဘက် ဆိုလာပြားက ဖုန်းဘက်ထရီကို အားသွင်းဖို့ပဲ ဖြစ်မှာပါ။ နေအလင်းရောင်ရချိန်မှာ ဖုန်းကို မှောက်လျက် တင်ထားရုံနဲ့ ဘာကြိုးမှာ တပ်စရာ မလိုဘဲ ဖုန်းကို အားသွင်းနိုင်မယ့် ပုံစံပါ။ Xiaomi ရဲ့ ပုံကြမ်းတွေကို LetsGoDigital ကပဲ 3D ပုံအဖြစ် ပြန်လည် ရေးဆွဲပေးထားပါတယ်။
ပုံအရ ဖုန်းမှာ Notch ကော ရှေ့ကင်မရာကော မပါလာပါဘူး။ ဒါ့အပြင် Pop-up ကင်မရာဒီဇိုင်း သုံးထားပုံလည်း မပေါ်ပါဘူး။ Xiaomi အနေနဲ့ နည်းပညာသစ်ဖြစ်တဲ့ မျက်နှာပြင်အောက် ကင်မရာစနစ်ကို အသုံးပြုဖို့ စဉ်းစားထားပုံ ရပါတယ်။ ဒီနည်းပညာကိုလည်း ကုမ္ပဏီကိုယ်တိုင် စမ်းသပ်ပြထားပြီး ဖြစ်ပါတယ်။
နေရောင်ခြည်နဲ့ အားသွင်းနိုင်တဲ့ ဖုန်းမျိုး ထုတ်ဖို့ စိတ်ကူးရထားတာ Xiaomi ကုမ္ပဏီ တခုတည်း မဟုတ်ပါဘူး။ Samsung က အလားတူ ဒီဇိုင်းမျိုးနဲ့ Guru E1107 Crest Solar ဆိုတဲ့ ဖုန်းတလုံး အမှန်တကယ် ထုတ်ခဲ့ဖူးပါတယ်။
အလားတူ LG ကလည်း GD510 အတွက် ဆိုလာကာဗာတခုကို ၂၀၁၀ ခုနှစ်တုန်းက ထုတ်ခဲ့ပါသေးတယ်။ Xiaomi လည်း ယခုမူပိုင်ခွင့်ကို ထုတ်ကုန်အဖြစ် အမှန်တကယ် အသက်သွင်းဖို့ ရှိမလားဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရဦးမှာပါ။
Ref: Android Authority, Gizmochina
You may also like these stories:
ဖိအားသိ မျက်နှာပြင်နဲ့ Xiaomi Black Shark 2 ကို မိတ်ဆက်
Xiaomi က Mi CC ဖုန်းစီးရီးအသစ်ကို မိတ်ဆက်
Xiaomi ရဲ့ Mi Gaming Laptop 2019 မော်ဒယ်အသစ် ထွက်ရှိ