လက်ရှိတကမ္ဘာလုံး ခံစားနေရတဲ့ ကမ္ဘာကပ်ဆိုးရောဂါကြီးဖြစ်တဲ့ COVID -19 နဲ့ ပတ်သက်ပြီး အနုပညာဖြင့် တထောင့်တနေရာမှ ပါဝင်တဲ့အနေနဲ့ “Save the world” သီချင်းကို ယုန်လေးက ရေးသားကာ အနုပညာရှင်များစွာနဲ့ အတူ ပူးပေါင်း သီဆိုခဲ့ပါတယ်။
“သီချင်းကတော့ ကျနော်က လူအများကြီးနဲ့ အင်တိုက်အားတိုက် ဆိုရတာမျိုးလည်း ကြိုက်တယ်။ ကျနော် ငယ်ငယ်ကတည်းက အဖေ အမေ၊ ညီအစ်ကို မောင်နှမ မရှိတော့ အပေါင်းအသင်း အရမ်းမက်တဲ့အခါကျတော့ လူအများကြီးနဲ့ ဆိုပျော်တယ်။ အကုန်လုံးကိုလည်း ညီအစ်ကို မောင်နှမလို ချစ်တယ်။ ကျနော့်ကိုလည်း ချစ်ကြပါတယ်” လို့ ယုန်လေးက ဧရာဝတီကို ပြောပါတယ်။
ဒီသီချင်းကိုတော့ အဆိုတော် ယုန်လေးက ရေးသားပြီး အနုပညာရှင်ပေါင်း ၅၇ ယောက်ခန့် ပါဝင်သီဆိုထားပါတယ်။
“အရှေ့မှာလည်း “ငြိမ်းချမ်းပါစေ မြန်မာပြည်” ဆိုပြီးတော့ လုပ်ဖူးတယ်။ ဒီလို အုပ်စုလိုက်ကြီးပဲ။ ဒီတခါက ပိုများတယ်။ Positive မဖြစ်ခင်မှာ ရေးပြီးသွားပြီ။ Rap လေးပဲ ကျန်တာ။ Positive ဖြစ်ပြီးတဲ့အချိန်မှာ ကျနော်ကိုယ်တိုင် လုပ်ရမလား၊ မလုပ်ရဘူးလား တွေဝေသွားပြီး အိမ်ထဲမှာပဲ နေနေတာ။ ကိုရွှေမန်းက လုပ်မှာလား၊ မလုပ်ဘူးလားဆိုပြီး မေးမှ လုပ်မယ်ဆိုပြီး လုပ်ဖြစ်တာ။ အကုန်လုံးက ဝိုင်းပြီးကူညီကြပါတယ်” လို့ ယုန်လေးက ပြောပါတယ်။
“Save The World” သီချင်းအတွက် တချို့အနုပညာရှင်များမှာ အကြောင်းအမျိုးမျိုးကြောင့် မပါဝင်နိုင်ပေမယ့် သူတို့အတွက် နားလည်ပေးပြီး သီချင်းအသံသွင်းတာကိုတော့ ၅ ရက်၊ ၆ ရက်လောက် လုပ်ခဲ့ရတယ်လို့ သိရပါတယ်။
“Story လေးနဲ့ လုပ်ချင်တာ အဲဒါဆိုပိုပြီး ရောက်တာပေါ့။ ဒါပေမဲ့ ဒီအချိန်မှာ အဲ့လိုမျိုးလည်း မဖြစ်နိုင်ဘူး။ ဒါတောင်မှ တော်တော်ခက်ခဲပါတယ်။ ၉ ရက်၊ ၁၀ ရက်လောက် လုပ်ရတယ်။ လာဆိုတဲ့ လူတွေက ၅ ရက်၊ ၆ ရက်လောက် ဆိုရတယ်။ တင်လိုက်တော့ တော်တော်များများက အားပေးကြတယ်။ မျက်ရည်ဝဲရတယ်ဆိုတော့ ချီးကျူးတဲ့အတွက် ပီတိဖြစ်ရပါတယ်” လို့ ယုန်လေးက ပြောပါတယ်။
အခုလို ကပ်ဆိုးကြီး ဖြစ်ပွားနေတဲ့အချိန်မှာတော့ အဓိကပြဿနာတခုအနေနဲ့ အခြေခံလူတန်းစားများအတွက် စားဝတ်နေရေးကို ပူပန်ရပြီး သူတို့အတွက်လည်း ထည့်သွင်း သီဆိုထားပါတယ်။
“အဓိကက အခြေခံလူတန်းစာအတွက် ပြဿနာ အကြီးအကျယ် ရှိတယ်။ ကျနော်တို့ကို အဓိကအားပေးနေတာလည်း အခြေခံလူတန်းစားပဲ။ အဲ့အတွက်ကြောင့် ကျေးဇူးလည်း မမေ့ပါဘူး။ သူတို့အတွက် ခံစားတတ်တဲ့စိတ်က အမြဲတမ်းရှိတယ်။ စာနာတတ်တဲ့စိတ်က ငယ်ငယ်ကတည်းက အဖေ မရှိတော့တဲ့စိတ်ကြောင့် ကိုယ်ချင်းပိုစာတတ်တယ်” လို့ ယုန်လေးက ပြောပါတယ်။
ဆက်လက်ပြီး ယုန်လေးက “ကျနော်တို့ ဒီအချိန်မှာ ဘုရားတရားပဲ ခေါင်းထဲ ရှိတော့တယ်ဗျာ။ တချို့တွေက ရယ်လိမ့်မယ်။ မင်းဘုရား ဆုတောင်းပါလားဆိုပြီး။ ကျနော် ယုံကြည်တာပဲလေ။ တသက်လုံးယုံကြည်တာ ဗုဒ္ဓဘာသာ။ ဒါပေမဲ့ တခြား ဘာသာတွေလည်း ထည့်တယ်။ လေ့လာတယ်။ ဘုရားမှာဆုတောင်းရင်လည်း ဘာသာတိုင်းကို ကောင်းကျိုးပြုနိုင်တဲ့ လူတယောက် ဖြစ်ရပါစေလို၏ဆိုပြီး ဆုတောင်းတာ” လို့ ပြောပါတယ်။
သီချင်းအပြင် ကိုယ်တိုင်လှူဒါန်းဖို့အတွက် ယုန်လေးက ဦးဆောင် မတည်ပြီး အနုပညာရှင်များစွာမှ လှူဒါန်းထားတဲ့ အလှူငွေ သိန်း ၁၂၀ ကျော် ရရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီအလှူငွေများကို အဓိကလိုအပ်မယ့် နေရာများမှာ လှူဒါန်းနိုင်ဖို့ တိုင်ပင်နေတယ်လို့ သိရပါတယ်။
You may also like these stories:
ကိုဗစ်ကာလမှာ “အိမ်ထဲမှာနေ” သီချင်းရေးခဲ့တဲ့ တေးရေး ဝေကြီး
အပြင်ထွက် အလုပ်လုပ်နေရသူတွေအတွက် စိတ်မကောင်းဘူးလို့ ဂျူဝယ်လ် ပြော
COVID -19 ကူးစက်ခံခဲ့ရပေမယ့် အကြောက်မလွန်ဖို့ ပြောတဲ့ အောင်ရင်