လူသားများတွင် စတင်စမ်းသပ်သည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးသစ်သည် စမ်းသပ်ခံစေတနာ့ ဝန်ထမ်းများကို အသားနာကျင်စေသည့် ထိုးဆေးမဟုတ်ဘဲ နှာခေါင်းအတွင်းသို့ ဖျန်းသော ဆေးဖြစ်သည်။
ထိုနှာခေါင်းအတွင်း ဖျန်းသည့် ကာကွယ်ဆေးကို လူသားများတွင် ပထမအဆင့် စမ်းသပ်ခြင်းကို တရုတ်နိုင်ငံက ဗုဒ္ဓဟူးနေ့က အတည်ပြုခဲ့ပြီး ထိုဆေးကို Xiamen University ၊ Hong Kong University နှင့် ကာကွယ်ဆေးထုတ်ုလုပ်ငန်း Beijing Wantai Biological Pharmacy Enterprise Co တို့ ပူးပေါင်းဖေါ်ထုတ်ထားသည်။
ထိုကဲ့သို့ နှာခေါင်းတွင်းဖျန်းသည့် ဆေးကို တုတ်ကွေးကာကွယ်ဆေးအဖြစ် ယခင်ကလည်း ဖေါ်ထုတ်ခဲ့ဖူးပြီး အသုံးများသော ဆေးထိုးခြင်းကို ရှောင်ရှားလိုသည့် ကလေးများနှင့် လူကြီးများအတွက် အသုံးပြုရန် ခွင့်ပြုထားပြီးဖြစ်သည်။ ထိုနည်းသည် အသုံးနည်းသော ဆေးကုသနည်းဖြစ်သော်လည်း သုတေသီများသည် ကြွက်သားအတွင်းသို့ ထိုးသွင်းနေရသည့် ကာကွယ်ဆေးမဟုတ်သည့် အခြားနည်းလမ်းအဖြစ် ထိုသို့ဖျန်းပက်ရသည့် ဆေးများကို ဖေါ်ထုတ်ရန် လုပ်ဆောင်နေကြသည်။
ထိုနှာခေါင်းအတွင်း ဖျန်းပက်ရသောဆေးသည် တရုတ်နိုင်ငံတွင် အရေးပါသည့် လူသားဖြင့် စမ်းသပ်သည့် အဆင့်သို့ ရောက်လာသည့် ကာကွယ်ဆေး အလောင်းအလျာများတွင် ၁၀ ခုမြောက်ဆေးဖြစ်သည်။ အနောက်တိုင်းမှ ရှေ့တန်းအရောက်ဆုံး ဆေးဝါးလုပ်ငန်း ဖြစ်သည့် AstraZeneca PLC မှာ ၎င်း၏ ကာကွယ်ဆေးဖြင့် အစမ်းသပ်ခံရသူတဦး ကျောရိုးနဗ်ကြောများ ထိခိုက်သွားသောကြောင့် သုတေသန ရပ်ဆိုင်းထားစဉ် တရုတ်နိုင်ငံသည် ကာကွယ်ဆေးဖေါ်ထုတ်မှုတွင် ဦးဆောင်လာသည်။
နှာခေါင်းအတွင်း ဖျန်းပက်ရသော ကာကွယ်ဆေးသည် အတွင်းပိုင်းရှိ အသက်ရှူလမ်းကြောင်းမှ ဗိုင်းရပ်စ်ကူးစက်ခြင်းကို ရပ်တန့်စေရန် ပိုမိုအလားအလာကောင်းမည်ဟု အချို့ သိပ္ပံပညာရှင်များက မျှော်လင့်နေကြသည်။
ထိုနှာခေါင်းအတွင်း ဖျန်းပက်ရသည့် ကာကွယ်ဆေးတွင် ကိုရိုနာဗိုင်းရပ်စ်၏ ဆူးချွန်ပုံ ပရိုတိန်း မျိုးဗီဇ အစိတ်အပိုင်းကို သယ်ဆောင်ထားသည့် အင်အားချိနဲ့အောင်ပြုလုပ်ထားသည့် တုပ်ကွေးဗိုင်းရပ်စ်ပါဝင်သည်။ အသက်ရှူလမ်းကြောင်းမှ ဆေးကို ဝင်ရောက်စေသောကြောင့် ကိုဗစ်-၁၉ ဖြစ်ပွားစေသည့် ပိုးအပေါ် ကိုယ်ခံအားစနစ်ကို လှုံ့ဆော်ပေးရန် အသက်ရှူလမ်းကြောင်းမှ ဝင်ရောက်သည့် ဗိုင်းရပ်စ်၏ သဘာ၀ ကူးစက်မှုကို ပုံစံတူပြုလုပ်ထားခြင်းဖြစ်ကြောင်း တရုတ် နိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ၏ သတင်းစာဖြစ်သော သိပ္ပံနှင့် နည်းပညာနေ့စဉ်က ဖေါ်ပြသည်။
နှာခေါင်းအတွင်း ဖျန်းပက်ရသော ကာကွယ်ဆေးသည် အတွင်းပိုင်းရှိ အသက်ရှူလမ်းကြောင်းမှ ဗိုင်းရပ်စ်ကူးစက်ခြင်းကို ရပ်တန့်စေရန် ပိုမိုအလားအလာကောင်းမည်ဟု အချို့ သိပ္ပံပညာရှင်များက မျှော်လင့်နေကြသည်။ အပ်ဖြင့်ထိုးသွင်းခြင်းသည် ပြင်းထန်သော ရောဂါများကို တားဆီးရန် စနစ်ကျသော ကိုယ်ခံစွမ်းအား တုံ့ပြန်ပြန်မှုကိုဖြစ်စေနိုင်သော်လည်း ကူးစက်မှုကို တားဆီးရန် လုံလောက်စွာ ပြင်းထန်ခြင်း မရှိနိုင်ပေ။
လူသားဖြင့်စမ်းသပ်ခြင်းမတိုင်မီ အဆင့်တွင် ထိုနှာခေါင်းမှ ဖျန်းရသည့် ကာကွယ်ဆေးသည် ကြွက်များနှင့် ပူးများတွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ရင်ဆိုင်ရသောအခါ အဆုပ်ပျက်စီးမှုကို လျှော့ချပေးနိုင်ကြောင်း ပြသသည်ဟု သိပ္ပံနှင့် နည်းပညာနေ့စဉ်က ဆိုသည်။
ကူးစက်မှု မြင့်မားနေသော ကိုရိုနာဗိုင်းရပ်စ်အပေါ် ထိရောက်သည့် ကာကွယ်ဆေးကို ကမ္ဘာတဝန်း အပြိုင်အဆိုင် ရှာဖွေနေချိန်တွင် ထိုနှာခေါင်းမှ ဖျန်းသည့်ဆေးသည် ကမ္ဘာတဝန်းရှိ လူသားများကို စမ်းသပ်သည့် အဆင့်ရောက်နေသည့် ကာကွယ်ဆေးအလောင်းအလျာ ၅ ခုခန့်တွင် ပါဝင်လာသည်။ AstraZeneca ၏ မအောင်မြင်မှု အပြီးတွင် CanSino Biologics Inc. နှင့် နိုင်ငံပိုင် China National Biotec Group Co အပါအဝင် တရုတ်နိုင်ငံမှ ရှေ့တန်းအရောက်ဆုံး ကာကွယ်ဆေးထုတ်လုပ်ငန်းများက ၎င်းတို့၏ ကာကွယ်ဆေးများ၏ ဘေးအန္တရာယ် ကင်းရှင်းမှုကို ပိုမို အသားပေးလာကြသည်။
၎င်းတို့စမ်းသပ်နေသည့် ဆေးနှစ်မျိုးသည် ကူးစက်မှုကို တားဆီးရာတွင် ထိရောက်ကြောင်း CNBG ကပြောသည်။ ဗိုင်းရပ်စ်ပိုးအကြီးအကျယ်ဖြစ်နေသော နိုင်ငံများသို့ သွားရောက်ကြသည့် သံတမန်များနှင့် အလုပ်သမားများသည် ကာကွယ်ဆေးထိုးပြီးနောက် လအတန်ကြာသည်အထိ ရောဂါကူးစက်ခံရခြင်းမရှိကြောင်း CNBG မှ အတိုင်ပင်ခံ Zhou Song က သိပ္ပံနှင့် နည်းပညာနေ့စဉ် ဆောင်းပါးတပုဒ်တွင် ရေးသားသည်။ AstraZeneca နှင့် အလားတူနည်းလမ်းဖြင့် ကာကွယ်ဆေးဖေါ်စပ်သည့် CanSino ကလည်း စစ်တပ်ကျောထောက်နောက်ခံပြုသည့် ၎င်းတို့၏ ကာကွယ်ဆေးသည် အန္တရာယ်ကင်းပြီး စမ်းသပ်ရာတွင် မည်သည့်ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးမျှ မဖြစ်စေကြောင်းပြောသည်။
CanSino ကို ပူးပေါင်းတည်ထောင်သူနှင့် သိပ္ပံရှင် Zhu Tao က ၎င်းတို့၏ ကာကွယ်ဆေးသည် ပြိုင်ဖက်လုပ်ငန်းများဖြစ်သည့် AstraZeneca နှင့် Moderna Inc တို့ထုတ်လုပ်သည့် ကာကွယ်ဆေးများနှင့်နှိုင်းယှဉ်ပါက ပိုမိုနည်းပါးသည့် ကိုယ်ခံအားကိုသာ ထုတ်ပေးကြောင်း ဝေဖန်မှုများကို ခုခံကာကွယ်သည်။ ထိုသို့ ကိုယ်ခံအား ကွာခြားရခြင်းမှာ တိုင်းတာသည့် စနစ်ကွာသောကြောင့်ဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံသူများကို ပြီးခဲ့သည့်အပတ်အတွင်း သူပြောသည်။
ကိုးကား။ ။ Bloomberg
You may also like these stories:
အမေရိကန်မှာ ကလေး ၅ သိန်းကျော် COVID-19 ကူးစက်ခံထားရ
အစ္စလာမ်ဘာသာဝင်များ ကိုဗစ်ကြောင့် သေဆုံးပါက မီး မသဂြိုဟ်ရန် ဘာသာရေးအဖွဲ့ချုပ်ပြော
အာဆီယံနိုင်ငံများအတွင်း ကိုဗစ် ကူးစက်မှု အခြေအနေ