ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေပေမယ့် ဒီနေ့ချိန်ထိ ကူးစက်မှု မရှိသေးတဲ့ နိုင်ငံတွေလည်း ကျန်ရှိနေပါတယ်။ ဒီထဲကမှ တောင်ပစိဖိတ်ကျွန်းနိုင်ငံလေးဖြစ်တဲ့ Vanuatu မှာ ပထမဆုံး COVID-19 ကူးစက်လူနာကို တွေ့ရှိခဲ့ပါတယ်။
ကျွန်းပေါင်း ၈၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ ကျွန်းနိုင်ငံငယ်လေးမှာ နိုဝင်ဘာ ၁၁ ရက်က အသက် ၂၃ နှစ်အရွယ် အမေရိကန်နိုင်ငံက ပြန်လာသူ အမျိုးသားတယောက်မှာ COVID-19 စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ သူ့ကို အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုနေစဉ်Quarantine ကာလအတွင်း ကူးစက်ခံနေရကြောင်း တွေ့ရှိခဲ့တာပါ။
“လေယာဉ်ပေါ်မှာရော၊ လေဆိပ်မှာရော ပြီးတော့ Quarantine စင်တာသွားရာ လမ်းတလျှောက်နဲ့ နေထိုင်စဉ် အချိန်မှာပါ တကိုယ်ရည် ကာကွယ်ရေးနည်းလမ်းတွေ၊ တယောက်နဲ့ တယောက် ခပ်ခွာခွာနေခိုင်းတာမျိုးတွေကို လုပ်ဆောင်ထားခဲ့ပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ ကူးစက်လူနာ အမျိုးသားကို တဦးတည်း သီးသန့်ခွဲထားပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေတယ်လို့ ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၂၁၇ နိုင်ငံမှာ ကူးစက်လူနာပေါင်း ၅၁ သန်းကျော် ကူးစက်ခံနေရပါတယ်။ ဒီဇင်ဘာလကုန်ပိုင်းက တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကို စတင် တွေ့ရှိချိန်ကစလို့ အခုထိ သေဆုံးသူ ၁ ဒသမ ၃ သန်းကျော် ရှိနေပါပြီ။
Vanuatu ကျွန်းနိုင်ငံငယ်လေးမှာ လူဦးရေ ၃၀၀,၀၀၀ ကျော်သာ ရှိပြီး COVID-19 ကမ္ဘာ့ကပ်ရောဂါ စတင်ဖြစ်ပွားချိန်ကတည်းက ကူးစက်မှု မရှိခဲ့ဘဲ အခုမှ ပထမဆုံးအကြိမ် ကူးစက်လူနာကို တွေ့ရှိခဲ့တာပါ။ သြစတြေးလျနိုင်ငံနဲ့ မိုင်ပေါင်း ၁,၀၀၀ ကျော် ကွာဝေးပြီး ဘယ်နိုင်ငံနဲ့မှ နယ်နိမိတ်ချင်း ထိစပ်မှု မရှိတဲ့ ကျွန်းနိုင်ငံငယ်လေး ဖြစ်ပါတယ်။
ပြည်ပက ပြန်လာသူမှာပဲ ကူးစက်မှု ၁ ခုပဲ တွေ့ရသေးတာကြောင့် နိုင်ငံတွင်းက ကျောင်းတွေနဲ့ အလုပ်တွေကို ပိတ်သိမ်းသွားဖို့ မရှိသလို၊ လူစုလူဝေး စုရုံးခွင့်တွေကိုလည်း ကန့်သတ်လိုက်တာမျိုး မရှိသေးပါဘူး။ ကျန်းမာရေးဌာနက ပြည်သူတွေကို တကိုယ်ရည် သန့်ရှင်းရေး ဂရုစိုက်ကြဖို့နဲ့ နိုင်ငံတဝှမ်းမှာ လက်ဆေးဖို့ နေရာတွေကိုလည်း ဆက်လက် ထားရှိပေးသွားမယ်လို့ ဆိုပါတယ်။
အကယ်၍ နောက်ထပ် ကူးစက်မှုတွေ ထပ်တွေ့လာမယ်ဆိုရင်တော့ ခရီးသွားလာခွင့်တွေကို ကန့်သတ်ထိန်းချုပ်သွားမှာဖြစ်ပြီး၊ နှာခေါင်းစည်း Mask တွေကိုလည်း အသုံးပြုလာအောင် လုပ်ဆောင်သွားဖို့ ရှိပါတယ်။
Ref: edition.cnn
You may also like these stories:
ကိုဗစ်ရောဂါ ကုသနိုင်မည့် ပုဂ္ဂလိက ဆေးရုံများ လျှောက်လွှာ စတင်ခေါ်ယူ
Pfizer အမေရိကန် ကိုဗစ်ကာကွယ်ဆေးအကြောင်း သိကောင်းစရာ
အမေရိကန်မှာ COVID-19 ကူးစက်ခံရသူ ၁၀ သန်းကျော်ပြီ