မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်လာတာကြောင့် မလေးရှားဘုရင် ဆူလ်တန် အဗ္ဗဒူလာ အာမက်ရှားက နိုင်ငံအရေးပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။ အဆိုပါ အမိန့်ဟာ ဇန်နဝါရီ ၁၂ ရက်ကစလို့ သြဂုတ်လ ၁ ရက်နေ့အထိ နိုင်ငံတဝန်း အသက်ဝင်သွားမှာပါ။
COVID-19 ကူးစက်မှုတွေဟာ ဒီဇင်ဘာလကစလို့ ထောင်ဂဏန်းထိ မြင့်တက်လာတာကို လျော့ကျသွားအောင် ထိန်းချုပ်နိုင်ဖို့အတွက် ဝန်ကြီးချုပ် မူယစ်ဒင် ယက်ဆင် အစိုးရက နိုင်ငံတဝန်း အရေးပေါ်အခြေအနေ ထုတ်ပြန်ဖို့ ပန်ကြားချက်ကို ဘုရင် ဆူလ်တန်က လက်ခံပေးလိုက်တာ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံဟာ ယခင်အပတ်ကစလို့ နေ့စဉ်ကူးစက်နှုန်း ၂,၀၀၀ ကျော်မှာရှိပြီး လက်ရှိမှာ ကူးစက်ခံ အတည်ပြုလူနာပေါင်း ၁၄၁,၅၃၃ ဦး ရှိကာ သေဆုံးသူကတော့ ၅၅၉ ဦး ရှိပါတယ်။ အရေးပေါ်အခြေအနေပါ အချက်အလက်တွေအရ သြဂုတ်လ ၁ ရက်နေ့ထိ ထုတ်ပြန်ထားချက်ဟာ ကူးစက်မှုအခြေအနေပေါ် မူတည်ပြီး လျှော့ချနိုင်ပါတယ်။
အရေးပေါ် အခြေအနေ ကာလအတွင်း ညမထွက်ရအမိန့် မပါရှိပေမယ့် မလေးရှားနိုင်ငံရဲ့ ပါလီမန်လွှတ်တော်နဲ့ နိုင်ငံရေးလှုပ်ရှားချက်၊ ရွေးကောက်ပွဲတွေ ကျင်းပခွင့် မရှိပါဘူး။ ကျန်းမာရေးဌာန လမ်းညွှန်ချက်တွေနဲ့အညီ စီးပွားရေးလုပ်ငန်းတွေကိုတော့ ဖွင့်ခွင့်ပြုထားပါတယ်။
မလေးရှားဘုရင်ဟာ နှစ် ၅၀ အတွင်း ပထမဆုံးအကြိမ် အရေးပေါ်အခြေအနေကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ကူးစက်မှုတွေ မြင့်တက်လာတာကြောင့် မလေးရှားနိုင်ငံ ကျန်းမာရေးစနစ် ယိမ်းယိုင်လာသလို၊ ဆေးရုံတွေမှာလည်း ကူးစက်လူနာတွေနဲ့ ပြည့်နှက်လာတာကြောင့် အဆိုပါ အရေးပေါ်အမိန့် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံရဲ့ အခြေခံဥပဒေအရ နိုင်ငံအတွင်း လုံခြုံရေး၊ စီးပွားရေး ခြိမ်းခြောက်မှုတွေ ကြုံတွေ့နေတယ်လို့ ဝန်ကြီးချုပ်က တင်ပြလာခဲ့ရင် အခြေအနေကို သုံးသပ်ပြီး ဘုရင်က လက်ခံအတည်ပြုကြေညာပေးပါတယ်။ အောက်တိုဘာလတုန်းကလည်း ဝန်ကြီးချုပ်က အရေးပေါ် အခြေအနေ ကြေညာဖို့ တင်ပြခဲ့ပေမယ့် ဘုရင်က အဆိုပြုချက် ပယ်ချခဲ့ဖူးပါတယ်။
မလေးရှားနိုင်ငံဟာ ၂၀၂၀ ခုနှစ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် Lockdown ချ ကန့်သတ်မှုတွေ လုပ်ခဲ့ပေမယ့် တင်းကျပ်မှုတွေ ပြန်ဖြေလျော့ချိန်မှာ ကူးစက်မှုနှုန်း ပြန်မြင့်တက်လာခဲ့ပါတယ်။ ဇန်နဝါရီ ၁၁ ရက်မှာပဲ ဝန်ကြီးချုပ် မူယစ်ဒင် အစိုးရက မြို့တော် ကွာလာလမ်ပူနဲ့ ပြည်နယ် ၅ ခုကို ၂ ပတ်ကြာ တင်းကျပ်တဲ့ ကန့်သတ်ချက်တွေ ချမှတ်လိုက်ပါတယ်။
ထုတ်ပြန်ထားတဲ့ အမိန့်ကန့်သတ်ချက်တွေကို ချိုးဖောက်မယ်ဆိုရင် ၁၉၈၈ ခုနှစ် ကူးစက်ရောဂါ ထိန်းချုပ်ရေး အက်ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
Ref: edition.cnn
You may also like these stories:
COVID-19 ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီးသွားတဲ့ ဂျိုးဘိုင်ဒန်
ပြည်ပနိုင်ငံမှ ပြန်ရောက်လာသူများကို ကိုဗစ် ဗီဇပြောင်းပိုး ရှိ/ မရှိ စစ်ဆေး
အိန္ဒိယမှာ COVID-19 ကာကွယ်ဆေး ထိုးနှံရေး ဇန်နဝါရီ ၁၆ ရက် စတင်မည်