ပြီးခဲ့သည့် ရက်ပေါင်း ၃၀ ကျော်အတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၇၀၀၀ ကျော်အထိရှိလာကာ အဆိုပါ အရေအတွက်သည် ပထမလှိုင်းနှင့် ဒုတိယလှိုင်းဖြစ်ပေါ်သည့် ကာလတလျှောက်လုံးတွင် သေဆုံးခဲ့သူ အရေအတွက်ထက် ၂ ဆ ကျော်မြင့်တက်နေသည်။
ပထမလှိုင်းနှင့် ဒုတိယလှိုင်းဖြစ်ပေါ်သည့် ကာလတွင် သေဆုံးသူ ၃၂၁၆ ဦး ရှိခဲ့သော်လည်း ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ ရက်ပေါင်း ၃၄ ရက်အတွင်း ၇၀၃၉ ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
ကူးစက်ဖြစ်ပွားမှု အနေဖြင့်လည်း ဇူလိုင်လ တလျှောက်လုံးတွင် ပိုးတွေ့ရှိသူ အနည်းဆုံး ၃၀၀၀ ကျော်မှ အများဆုံး ၇၀၀၀ ကျော်အထိ တွေ့ရှိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
သို့သော် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ ကိုဗစ်တတိယလှိုင်းကို အတိုင်းအတာ တခုအထိ ထိန်းထားနိုင်ပြီဖြစ်ကြောင်း သြဂုတ်လ ၂ ရက်နေ့က ပြုလုပ်ခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အစည်းအဝေးတွင် ပြောလိုက်သည်။
သြဂုတ်လ ၃ တရက်တည်းတွင်ပင် ပိုးတွေ့ရှိသူ ၄၇၁၃ ဦး ရှိပြီး သေဆုံးသူ ၃၁၂ ရှိခဲ့သည်။
တကယ့် မြေပြင်အခြေအနေတွင်မူ ကိုဗစ်ကူးစက်မှုနှုန်း၊ သေဆုံးနှုန်းမှာ အဆိုပါ အချက်အလက်များထက် များစွာပိုနေကြောင်း ကူညီဆောင်ရွက်ပေးနေသည့် ပရဟိတအဖွဲ့များက ပြောဆိုသည်။
ရန်ကုန်မြို့တွင် ဇူလိုင်လတွင်း ကိုဗစ်ကြောင့် သေဆုံးသူ များပြားခဲ့ရာ ၁ ရက်လျှင် ရုပ်အလောင်း ၁၀၀၀ ကျော်အထိ မီးသဂြိုဟ်ခဲ့ရသည့် ရက်များရှိခဲ့ပြီး ဇူလိုင်လ ၂၉ ရက်နေ့ နောက်ပိုင်းတွင် သေဆုံးသူ လျော့နည်းလာကြောင်း ပရဟိတအဖွဲ့များထံမှ သိရသည်။
ရန်ကုန်မြို့ အခြေစိုက် ပရဟိတအဖွဲ့ဝင် တဦးက “အခုရက်ပိုင်းတော့ သေဆုံးနှုန်း နည်းနည်းလျော့သွားတယ်။ ဒီရက်ထဲတော့ သေဆုံးမှုက မနက်ပိုင်း ၈ နာရီလောက်ဆို ၅ လောင်းလောက်က ဘိုကင်တက်နေပြီ ညပိုင်းမှာ သေထားတဲ့ အလောင်းတွေပေါ့။ သေဆုံးမှုတွေက ရှိနေတုန်းပဲ။ နောက်လည်းရှိနေဦးမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုဗစ်က မပြီးသေးတဲ့ အတွက်ကြောင့် အသက်အရွယ်ကြီးတာရယ်၊ နောက် ကိုယ်ခံအားနည်းတာရယ်၊ ရောဂါခံရှိတဲ့လူတွေက ကိုဗစ်ဒဏ်ကို မခံနိုင်ဘူးဗျ” ဟု ပြောသည်။
“ကိုဗစ်ဖြစ်ပွားမှုက လျော့ကျလာတယ်လို့ ပြောလို့မရဘူး။ ကိုဗစ်ရဲ့ ကူးစက်နှုန်းက မလျော့ဘူး။ ခံနိုင်ရည်ပမာဏရှိလို့ အသက်ရှင်နေတာ။ ဒီရောဂါဖြစ်တယ် ကူးစက်ခံရတယ်ဆို အနံ့ပျောက်ပြီး အသက်ရှုကြပ်မယ်။ အောက်ဆီဂျင်ကျပေမယ့် ပြန်ကောင်းတဲ့ လူနာတွေလည်း ရှိတယ်။ ကူးစက်မှုတွေ လျော့သွားတာ မဟုတ်ဘူး။ သေတဲ့လူနာပေါင်းလည်း မနည်းတော့ဘူး။ ကူးစက်မခံရအောင် နေဖို့အရေးကြီးတာပေါ့။ ဒီရောဂါက မလျော့သေးပါဘူး” ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။
သေဆုံးသူအများစုသည် အသက်ရှုကျပ်ခြင်း၊ အောက်ဆီဂျင် ကျဆင်းခြင်း စသည့် ကိုဗစ်ရောဂါ လက္ခဏာများဖြင့် သေဆုံးသူများဖြစ်ပြီး ဆေးရုံနှင့် ကိုဗစ်ကုသရေး စင်တာများက လက်မခံခြင်းကြောင့် အိမ်တွင် ကုသရခြင်း၏ နောက်ဆက်တွဲ ဖြစ်ရပ်များဖြစ်ကြောင်း ကျန်းမာပညာရှင်များနှင့် ပရဟိတအသင်းအဖွဲ့များက သုံးသပ်ပြောဆိုသည်။
အရပ်သားအစိုးရလက်ထက် ကိုဗစ်ကုသရေးတွင် ပါဝင်ခဲ့သည့် ဆရာဝန် တဦးက “အောက်ဆီဂျင်တောင်မှ လွယ်လွယ်ကူကူ မရနိုင်တဲ့ အခြေအနေဆိုတော့ လူတွေက ကြုံရာနဲ့ပဲ ကုကြရတယ်။ ဂွေးတောက်ရွက်ရှုတာတို့ ရေနွေငွေ့ရှုတာတို့ ကြာဖူးနားဝရှိတာတွေ ရပ်ကွက်က အကြံပေးတာတွေနဲ့ပဲ ကိုယ့်ကိုယ်ကို ကုသနေရတဲ့ အနေအထားမျိုးဖြစ်လာတယ်။ အဲဒါကြောင့် လိုအပ်တာထက် ပိုပြီးတော့ သေဆုံးမှုတွေ ပိုများလာတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် မေလ ၂၇ ရက်နေ့မှ စတင်ကာ ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပေါ်နေပြီး ဗီဇပြောင်းပိုးဖြစ်သည့် Alpha, Beta, Delta နှင့် Kappa စသည့် ဗီဇပြောင်းပိုး ၄ မျိုးအထိ တွေ့ရှိထားပြီး ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားချက်အရ ကိုဗစ်တတိယလှိုင်းတွင် သြဂုတ်လ ၃ ရက်နေ့ထိ ပိုးကူးစက်သူ ၁၆၀,၀၀၀ ကျော် ရှိနေပြီး သေဆုံးသူ ၇၁၅၇ ဦး အထိ ရှိပြီ ဖြစ်သည်။
You may also like these stories:
စက်တင်ဘာလ အလယ်လောက်အထိ သတိနဲ့ နေရမယ်
တရုတ် ကာကွယ်ဆေးသာ မြန်မာစစ်ကောင်စီ မျှော်လင့်အားကိုးစရာ ဖြစ်နေ
ကိုဗစ်တတိယလှိုင်းကို ဆန်၍ (သို့မဟုတ်) သတင်းထောက်တဦး၏ ကိုယ်ပိုင် ကိုဗစ်အတွေ့အကြုံ