ဥပဒေပညာကို သင်ယူပြီး ရှေ့နေလုပ်ဖို့ ပထမနှစ် စတက်တော့မယ့်အကြောင်းကို မော်ဒယ် Kim Kardashian က ပြောပါတယ်။ သူမဟာ ယခုနှစ်မှာ ဝင်ခွင့်စာမေးပွဲကို ဖြေမှာ ဖြစ်ပြီး အောင်မြင်ပါက သူမရဲ့ သုံးနှစ်တာ ဥပဒေပညာသင်ကြားတဲ့ ခရီ်း စတင်တော့မှာ ဖြစ်ပါတယ်။
သူမဟာ ဒီစာမေးပွဲကို ဖြေဖို့ ဆန်ဖရန်စ္စကို ကို တိတ်တခိုးသွားပြီး စာသင်နေတာ ၉လ ရှိပြီလို့ ဆိုပါတယ်။
သူမဟာ အမေရိကန်သမ္မတ Donald Trump ကို ၁၉၉၆ခုနှစ် ကတည်းက ထောင်ကျနေတဲ့ အကျဉ်းသား တဦးဖြစ်တဲ့ Alice Marie Johnson ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ တောင်းဆိုလိုက်တဲ့ အချိန်မှာ ရှေ့နေလုပ်ချင်စိတ် ဖြစ်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရုတ်တရက်ကြီး အသက်မွေးဝမ်းကြောင်း ပြောင်းမှာဟာ နည်းနည်းတော့ ထူးဆန်းသလို ဖြစ်နေနိုင်ပေမယ့် သူမကတော့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။
သူမဟာ Vogue မဂ္ဂဇင်း မှာ ပထမဆုံးအကြိမ် မျက်နှာဖုံးမှာ ဖော်ပြခြင်းခံရကြောင်း ကျေးဇူးတင်လွှာကို သူမရဲ့ အင်စတာဂရမ်စာမျက်နှာမှာ တင်တဲ့ အချိန်မှာ ဥပဒေပညာကို သင်ယူမယ့်အကြောင်းကို ပြောပြခဲ့တာလည်း ဖြစ်ပါတယ်။
“ငယ်ငယ်ကတည်းက ကျမ အမေဝယ်ဖတ်တဲ့ ဒီမဂ္ဂဇင်းကို ကြည့်ရင်း မျက်နှာဖုံးမှာ ပါချင်ခဲ့တာပါ။ အခုတော့ ကျမတယောက်တည်းရဲ့ ပုံနဲ့ ပါခွင့်ရခဲ့ပြီ။ မိန်းမငယ်လေးတယောက်ရဲ့ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာတာပါပဲ။ အခု ဥပဒေပညာကိုလည်း တစိုက်မတ်မတ် လေ့လာနေပါတယ်”
“တကယ်တော့ ကျမက လူတွေကို ကူညီချင်တာ။ ကျမ ဥပဒေကို နည်းနည်းပဲ သိရင် နည်းနည်းပဲ ကူညီနိုင်မယ်။ များများသိရင် များများကူညီနိုင်မယ်။ ဒါကြောင့် ဥပဒေကို လေ့လာဖို့ ဆုံးဖြတ်လိုက်တာပါ” လို့ ပြောပါတယ်။
သူမရဲ့ ခင်ပွန်းဖြစ်တဲ့ Kanye West ကတော့ သိပ်ပြီး အံ့သြပုံမပြပါဘူး။ “ဒါက သူမရဲ့ အတွင်းစိတ်မှာ ကိန်းအောင်း နေတဲ့ အရာတခုပဲ။ သူမလုပ်နိုင်မှာပါ ” လို့ ပြောပြီး အားပေးခဲ့ပါသေးတယ်။
Ref: dailymail