Entertainment

တရားရုံး ကြားနာမှုမှာ မုဒိမ်းမှုစွဲချက်များအပေါ် Jung Joon Young နဲ့ Choi Jong Hoon တို့ ငြင်းဆို

တောင်ကိုရီးယားအဆိုတော် နှစ်ဦးဖြစ်တဲ့ Jung Joon Young နဲ့ Choi Jong Hoon တို့ဟာ ဇွန်လ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သူတို့ရဲ့ ပထမဆုံး တရားရုံးကြားနာမှုမှာ မုဒိမ်းမှု စွဲချက်တွေကို ငြင်းဆိုသွားခဲ့တယ်လို့ သိရပါတယ်။

အဆိုတော်နဲ့ အစီအစဉ် တင်ဆက်သူ Jung နဲ့ FT Island အဖွဲ့ဝင်ဟောင်း Choi တို့ဟာ ၂၀၁၆ ခုနှစ်တုန်းက ပါတီတခုလုပ်နေတုန်း အခန်းတခန်း အတွင်းမှာ အမျိုးသမီးတဦးကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှု ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ တရားရင်ဆိုင်ခဲ့ရတာ ဖြစ်ပြီး လက်ရှိမှာတော့ သူတို့နှစ်ဦးလုံးဟာ ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။

အသက် ၃၀ အရွယ်၊ အဆိုတော် Jung ကတော့ မိုဘိုင်း Chatroom တခုအတွင်း သူနဲ့ အမျိုးသမီးတဦးတို့ လိင်ဆက်ဆံနေပုံ ဗီဒီယိုကို လျှို့ဝှက် ရိုက်ကူးပြီး သူငယ်ချင်းတွေဆီ မျှဝေပေးခ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ ပြီးခဲ့တဲ့ မတ်လမှာပဲ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

သူဟာ ၂၀၁၆ ခုနှစ်တုန်းက ပါတီတခုမှာ အဆိုတော် Choi ၊ အခြားလူတွေနဲ့အတူ မုဒိမ်းမှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ ထပ်ဆောင်းစွဲချက်နဲ့လည်း ရင်ဆိုင်နေရသူ ဖြစ်ပါတယ်။

ဆိုးလ်ဗဟိုခရိုင် တရားရုံးမှာ ပြုလုပ်ခဲ့တဲ့ ပူးတွဲအမှုကြားနာမှုမှာ အဆိုတော် Jung ရဲ့ ရှေ့နေက သူ့ရဲ့ အမှုသည်ဟာ လျှို့ဝှက်ဗီဒီယို ရိုက်ကူးမှုနဲ့ ညစ်ညမ်းဗီဒီယို မျှဝေမှုစွဲချက်တွေကို ဝန်ခံခဲ့ပေမယ့် မုဒိမ်းမှု စွဲချက်တွေကိုတော့ ငြင်းဆိုခဲ့ပါတယ်။

ရှေ့နေက “Jung ဟာ ၂၀၁၆ ခုနှစ်တုန်းက ပါတီတခုမှာ အမျိုးသမီးတဦးနဲ့ လိင်ဆက်ဆံခဲ့တယ်လို့ ဝန်ခံထားပါတယ်။ ဒါပေမဲ့ အဲ့ဒီလိင်ဆက်ဆံမှုက နှစ်ဦးသဘောတူ ပြုလုပ်ခဲ့တာပါ။ စီစဉ်ထားတာ မဟုတ်သလို အဲ့ဒီအချိန်တုန်းက စွပ်စွဲသူဟာ အသိစိတ်လွတ်နေတဲ့ အခြေအနေလည်း မဟုတ်ပါဘူး”လို့ ဆိုပါတယ်။

အလားတူ ကြားနာမှုမှာပဲ အဆိုတော် Choi ကလည်း ၂၀၁၆ ခုနှစ်တုန်းက အဲ့ဒီအမျိုးသမီးနဲ့ လိင်ဆက်ဆံခဲ့ဖူးတာ မရှိခဲ့တဲ့အကြောင်း ရှေ့နေကနေတဆင့် ပြောခဲ့ပြီးတဲ့နောက် သူ့အပေါ် စွဲဆိုထားတဲ့ စွဲချက်တွေအားလုံးကို ငြင်းဆိုခဲ့ပါတယ်။ ပြီးတော့ အဲ့ဒီပါတီမှာ နောက်ထပ် အမျိုးသမီးတဦးကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခဲ့တယ်ဆိုတဲ့ စွဲချက်တွေကိုလည်း ငြင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ မတ်လမှာ Jung၊ Choi နဲ့ အခြား ၃ ဦးတို့ဟာ အရက်သောက်သုံးခဲ့ပြီးနောက် မူးဝေနေစဉ် သူ့ကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခဲ့တယ်လို့ စွပ်စွဲသူ အမျိုးသမီးက ရဲတပ်ဖွဲ့ရဲ့ ကနဦးမေးမြန်းမှုမှာ ထွက်ဆိုထားပါတယ်။ Jung နဲ့ Choi တို့နှစ်ယောက်လုံးက သူတို့ရဲ့ ပထမဆုံးအမှု ကြားနာမှုဆီ တက်ရောက်လာခဲ့ပေမယ့် တယောက်ယောက်နဲ့ အကြည့်ဆုံတာမျိုးကို ရှောင်ရှားခဲ့ပါတယ်။

Ref. Yonhap

You may also like these stories:

iKON အဖွဲ့မှ B.I နုတ်ထွက်ခြင်း မပြုရန် အသနားခံ တောင်းဆိုသူ ၅ သိန်းခွဲအထိ ရှိလာ

တရားရုံးမှာ ပထမဆုံးကြားနာမှုကို တက်ရောက်လာတဲ့ အဆိုတော် Jung Joon Young

အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုမှာ ပါဝင်ခဲ့တယ်လို့ အဆိုတော် Jung Joon Young နဲ့ Choi Jong Hoon တို့ စွပ်စွဲခံရ

လျှို့ဝှက်ရိုက်ကူးထားသည့် ဓာတ်ပုံများဖြန့်ဝေမှုဖြင့် ထပ်တိုးတရားစွဲခံရတဲ့ အဆိုတော် Seungri

Loading