ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားပြီး “ခီမောင်နှံ” လို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ သရုပ်ဆောင် ဇဏ်ခီနဲ့ ဇနီးဖြစ်သူ ခရစ္စတီးနားခီတို့ကတော့ အခြားစုံတွဲတွေလိုပဲ အမြဲတမ်း ချစ်နေတာ မဟုတ်ဘဲ ရန်ဖြစ်တဲ့ အခါတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
“အရမ်း ဂရုစိုက်ပြီးချစ်တာ ကျနော် တာဝန်တခုလို့ သတ်မှတ်ထားတယ်။ သူလည်း ချစ်ပါတယ်။ ကျနော်တို့လည်း တခြားစုံတွဲတွေ၊ တခြား လင်မယားတွေလိုပါပဲ။ တချိန်လုံး ချစ်နေတာတော့ မဟုတ်ပါဘူး။ စကားများတဲ့အခေါက် စကားများတာပဲ။ အဆင်မပြေတဲ့အချိန်တွေမှာ ယုံကြည်မှုနဲ့ မေတ္တာတွေ မပျက်သွားဖို့က အရေးကြီးတယ်လေ။ အဲ့ဒါကြောင့် ကျနော် ၁၉ နှစ်သက်တမ်း တလျှောက်မှာ စာမေးပွဲတွေ ဖြေခဲ့ပြီးပြီပေါ့။ အခုလည်း ရန်ဖြစ်ရင် ဖြစ်တာပါပဲ။ အမြဲ Perfect လို့ မထင်ပါနဲ့။ ကြိုးစားနေဆဲပါ”လို့ ဇဏ်ခီက ပြောပါတယ်။
တချိန်က သီချင်းခွေ ထွက်ခဲ့ဖူးတဲ့ ဇဏ်ခီက လက်ရှိမှာလည်း ဒုတိယ သီချင်းခွေအတွက် ပြင်ဆင်နေပြီး အဲဒီအခွေမှာ ဇနီးဖြစ်သူ ခရစ္စတီးနားခီ အတွက် ရေးထားတဲ့ သီချင်းတပုဒ် ပါတယ်လို့ ဆိုပါတယ်။
“ကျနော် ဒုတိယခွေ လုပ်နေတယ်။ အခွေထဲမှာလည်း သူ့အတွက် ရေးထားတာ တပုဒ် ပါတယ်။ ကျနော်တို့ လျှောက်ခဲ့တဲ့ ခရီးလမ်းမှာ အတက်အကျတွေ အများကြီး ဖြတ်သန်းခဲ့ပြီးပြီ။ အဲ့ဒါကို ငါတို့ ဆက်သွားမယ်ဆိုတဲ့ သီချင်းပုံစံလေးပါ။ ပထမ အခွေတုန်းကလည်း သီချင်းတပုဒ် ရေးခဲ့ဖူးတယ်။ ဒါက သူ့အတွက် ဒုတိယမြောက် သီချင်း တပုဒ်ပါ”လို့ ဇဏ်ခီက ပြောပါတယ်။
ခင်ပွန်းရဲ့ အချစ်ကို ခံရတာကြောင့် မိန်းကလေး ပရိသတ်တွေရဲ့ အားကျခြင်း ခံရတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီကတော့ အချစ်ခံရတာဟာ မေတ္တာရောင်ပြန်ကြောင့်လို့ ဆိုပါတယ်။
“အချစ်ခံရတာက မေတ္တာဆိုတာ ရောင်ပြန် ရှိပါတယ်။ သူချစ်အောင် နေလို့ပေါ့နော်။ ကိုယ်က ပိုချစ်လို့ သူ့ဆီက အချစ် ပြန်လာတာပါ။ ကျမ ဘဝမှာ အရေးကြီးဆုံးက သူပဲဆိုတော့ သူအဆင်ပြေအောင် သူ စိတ်ချမ်းသာဖို့ ရှေးရှုတယ်ပေါ့။ သူက အိမ်မှာတော့ တတွတ်တွတ်တော့ မပြောတတ်ပါဘူး”
“သီချင်းရေးတာကတော့ ဘယ်ချိန်က ဘယ်လို လုပ်လိုက်မှန်း မသိဘူး။ ပြီးတော့မှ သီချင်း လာနားထောင်ဦးဆိုပြီး ခေါ်တယ်။ အဲ့လို ကိုယ့်အတွက် သီချင်းလုပ်ပေးတော့ ဝမ်းသာတာပေါ့။ နှစ်ယောက်စလုံးကို အားပေးဖို့ဆိုတာ မလွယ်တဲ့အတွက် နှစ်ယောက်စလုံးကို အားပေးနေတဲ့ ပရိသတ်ကို ကျေးဇူးတင်ပါတယ်။ ဆက်လည်း အားပေးကြပါဦး”လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ပြောပါတယ်။
သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ရဲ့ အိမ်ထောင်သက်တမ်းဟာ ၁၉ နှစ် ရှိနေပြီး သူတို့မှာ ချစ်စရာကောင်းတဲ့ သားလေးတဦးကို ပိုင်ဆိုင်ထားပါတယ်။ ခီမောင်နှံဟာ “ဥပါယ်တံမျဉ်”၊ “မုဒြာရဲ့ခေါ်သံ” စတဲ့ ရုပ်ရှင်ကားများနဲ့ အောင်မြင်တဲ့ အနုပညာရှင်စုံတွဲ ဖြစ်ပြီး လက်ရှိမှာလည်း သူတို့ရဲ့ တတိယမြောက် ရုပ်ရှင် “ထာဝရနှောင်ကြိုး” ဇာတ်ကားကို ပြင်ဆင်နေတယ်လို့ သိရပါတယ်။
You may also like these stories:
“ထာဝရနှောင်ကြိုး” ရုပ်ရှင် ကြာနေတဲ့ အကြောင်းရင်းကို ပြောပြတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ
ပွဲတွေ မတက်ဖြစ်တဲ့အကြောင်း ပြောပြတဲ့ ခီမောင်နှံ
သားလေးရဲ့ ဘာသာစကား မကွဲပြားတဲ့ ပြဿနာအကြောင်း ပြောပြတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ
ပရိသတ်တွေ သဘောကျနေတဲ့ “ခရစ္စတီးနားခီအတွက် ဇဏ်ခီရဲ့ မွေးနေ့ဆုတောင်း”