K-Pop အဖွဲ့တဖွဲ့ ဖြစ်တဲ့ BTS ဟာ မကြာခင် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲတပွဲကို ရုပ်ရှင်ရုံတွေမှာ တိုက်ရိုက် ထုတ်လွှင့်ပြသမယ်လို့ သိရပါတယ်။
လာမယ့် အောက်တိုဘာလ ၂၇ ရက်နေ့၊ ဆိုးလ်မြို့မှာရှိတဲ့ အိုလံပစ် အားကစားရုံကြီးမှာ ပြုလုပ်မယ့် “Love Yourself: Speak Yourself [The Final]” ဖျော်ဖြေပွဲကို ရိုက်ကူးပြသမှာ ဖြစ်ပါတယ်။ အောက်တိုဘာလ ၂၆ ရက်နဲ့ ၂၉ ရက်တို့မှာလည်း “Love Yourself: Speak Yourself” ထပ်တိုးဖျော်ဖြေပွဲ ၂ ပွဲကိုလည်း ပြုလုပ်သွားဦးမှာ ဖြစ်ပါတယ်။
အဲ့ဒီဖျော်ဖြေပွဲကို ပြုလုပ်နေတဲ့ တချိန်တည်းမှာပဲ ရိုက်ကူးမှာဖြစ်ပြီး စင်ကာပူ၊ ထိုင်း၊ ထိုင်ဝမ်၊ ဟောင်ကောင်နဲ့ ဂျပန်တို့ အပါအဝင် အာရှနိုင်ငံ တော်တော်များများမှာရှိတဲ့ ရုပ်ရှင်ရုံတွေကနေ ပြသသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီ ဖျော်ဖြေမှုကို အမေရိကန်နိုင်ငံ တဝန်းလုံးကို ထုတ်လွှင့်ဖို့ရှိပေမယ့် အချိန်ကွာခြားချက်ကြောင့် နောက်ကျပြီးမှပဲ ပြသမှာ ဖြစ်ပါတယ်။
မူပိုင်ဖြန့်ချိသူ Fathom Events ကုမ္ပဏီက “ဒီလိုမျိုး တန်ဖိုးရှိတဲ့ အချိန် အခိုက်အတန့်ဟာ အဖွဲ့ရဲ့ လူအများသဘောကျရတဲ့ နာမည်ကျော်သီချင်းတွေနဲ့ ထင်မှတ်မထားတဲ့ နိုင်ငံတကာ နာမည်ကျော်ကြားမှုတွေကို ဂုဏ်ပြုပြီး ကမ္ဘာတဝန်းက ပရိသတ်တွေက ပေါင်းစည်းကြမှာ ဖြစ်ပါတယ်”လု့ိ ကြေညာချက် တခုမှာ ပြောဆိုထားပါတယ်။
BTS နဲ့ Fathom Events တို့ ဖျော်ဖြေပွဲကို ရိုက်ကူးရေးလုပ်ဖို့ ပူးပေါင်းလုပ်ဆောင်တာ ဒါပထမဆုံးအကြိမ် မဟုတ်ပါဘူူး။ အခုနှစ် အစောပိုင်းတုန်းကလည်း K-pop အရိပ်အငွေ့တွေပါဝင်တဲ့ “Love Yourself in Seoul” ရုပ်ရှင် ကမ္ဘာတဝန်းလုံးမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ပြသခဲ့ပြီး ကြည့်ရှုသူ ၁ သန်းကျော် ရှိခဲ့ပါတယ်။
Big Hit အင်တာတိန်းမန့်ရဲ့ အဆိုအရ အဲ့ဒီရုပ်ရှင်ဟာ ဝင်ငွေဒေါ်လာ ၁၁ သန်းကျော် ရရှိခဲ့ပါတယ်။”Love Yourself: Speak Yourself [The Final]” ကတော့ BTS အဖွဲ့ရဲ့ စတုတ္ထမြောက် ဖျော်ဖြေပွဲ ရုပ်ရှင် ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက “Burn the Stage: The Movie” ၊ ၂၀၁၉ ခုနှစ်တုန်းက “Love Yourself in Seoul” နဲ့ “Bring the Soul: The Movie” တို့ကို ရုပ်ရှင်အဖြစ် ရိုက်ကူးပြသတာတွေ ရှိခဲ့ပါတယ်။
အဖွဲ့ဝင် ၇ ဦးပါဝင်တဲ့ BTS အဖွဲ့ဟာ အခုလအစောပိုင်းတုန်းကလည်း ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ Riyadh မြို့မှာရှိတဲ့ King Fahd International Stadium မှာ ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအားကစားကွင်းထဲမှာ ပထမဆုံး ဖျော်ဖြေခွင့်ရတဲ့ အာရပ် မဟုတ်တဲ့ အနုပညာရှင်တွေအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဆော်ဒီမှာ ဖျော်ဖြေပွဲမပြုလုပ်ဖို့ ပရိသတ်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ တိုက်တွန်းတောင်းဆိုမှုတွေ ရှိခဲ့ပေမယ့် သူတို့ကို မြင်တွေ့လို့တဲ့ လူတွေရှိတဲ့နေရာကို သူတို့သွားမှာပဲဆိုပြီး ဆုံးဖြတ်ချက်ကို BTS အဖွဲ့က ပြန်လည်ခုခံ ပြောဆိုခဲ့ပါတယ်။
Ref. AFP
You may also like these stories:
နှစ်နိုင်ငံ ဆက်ဆံရေး အခြေအနေ ဆိုးရွားနေပေမယ့် BTS အဖွဲ့ရဲ့ ဂျပန်ဖျော်ဖြေပွဲ အောင်မြင်ခဲ့
ပေါ်သွားမယ့် နာဆာ ခရီးစဉ်အတွက် သီချင်းစာရင်းမှာ BTS အဖွဲ့ သီချင်း ၃ ပုဒ် ပါဝင်
ကုလသမဂ္ဂ ဝက်ဘ်ဆိုက် ပင်မစာမျက်နှာမှာ ဖော်ပြခံရတဲ့ BTS အဖွဲ့
Billboard ဂီတဆုပေးပွဲမှာ BTS အဖွဲ့ ဆု ၂ ဆု ရရှိ