မိန်းကလေးချင်း ချစ်ကြိုက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့ အဆိုတော် ပိုပိုက ဒီသတင်းတွေက တကယ် မဟုတ်ဘဲ အိမ်ထောင်ရေးကို အသက် ၃၀ ကျော်ရင် ယူဖို့ စဉ်းစားထားကြောင်း ပြောပါတယ်။
“ပိုပို မိန်းကလေးချင်း ကြိုက်နေတာ မဟုတ်ပါဘူး။ ပိုပိုနဲ့ တွဲခဲ့တဲ့ ယောကျာ်းလေးတွေတိုင်း ပိုပို မိန်းကလေးလား၊ ယောက်ျားလား သိပါတယ်။ ချယ်ရီသင်းကိုလည်း ချစ်တယ်။ သူကလည်း ချစ်တယ်။ ခင်လည်း ခင်ကြတာ။ ပိုပိုကလည်း ယောက်ျားပုံစံ ဖြစ်နေတော့ လျှောက်စရင်းနဲ့ ပရိသတ်တွေက တကယ်ထင်သွားတာ”
“ပိုပိုက မိန်းကလေးချင်း မကြိုက်ပါဘူး။ ယောကျာ်းပဲ ကြိုက်ပါတယ်။ အားကိုးဖို့ ယောက်ျား ယူမယ်လို့တော့ စဉ်းစားတယ်။ ၃၀ ကျော်ရင်တော့ ယူဖို့ စဉ်းစားထားပါတယ်။ ဘယ်လို ယောက်ျားမျိုးပဲ ယူယူ ပိုပို့ကို ချစ်ရမယ်၊ ဂရုစိုက်ရမယ်။ ပိုပိုမှ ပိုပို ဖြစ်နေရမယ်။ ပိုပို့ကို အရိပ်တကြည့်ကြည့် ဖြစ်နေတဲ့ ယောက်ျားမျိုးကို နှလုံးသားနဲ့ပဲ ရွေးချယ်မယ်”လို့ ပိုပိုက ပြောပါတယ်။
“တိမ်တွေပေါ်ကပန်း” ဇာတ်ကားမှာ အဆိုပြိုင်ပွဲ ဒိုင်တယောက်အနေနဲ့ ပါဝင်ထားတယ်ဆိုတဲ့ အဆိုတော် ပိုပိုက ဇာတ်ကားထဲကလို အပြင်မှာတော့ အကဲဖြတ်ဒိုင်လုပ်ဖို့ မရှိပါဘူးလို့ ဆိုပါတယ်။
“ပိုပို တိမ်တွေပေါ်က ပန်းဇာတ်ကားထဲမှာတော့ အကဲဖြတ် ဒိုင်တယောက်အနေနဲ့ ပါဝင်ထားပါတယ်။ ဇာတ်ဝင်ခန်း ၄ ခန်း ပါပါတယ်။ ၄ ခန်းလုံးက ဒိုင်ပဲ လုပ်ရတာပေါ့။ မကစ်က အမေသီချင်းနဲ့ ပြိုင်တယ်။ မကစ်ဆိုချိန်မှာ အမေသီချင်းလေးဆိုတာ ကောင်းတယ်ဆိုပြီး ကြည်နူးပြီး မျက်ရည်ကျရမယ့် အခန်း၊ ကိုယ်ရဲ့ ခံစားချက်ကကျတော့ ပြောင်းပြန် ဒီသီချင်းထဲကလိုမျိုး အမေက မရှိတာလဲပေါ့”
“အမေ့ မေတ္တာ ကြီးမားတယ်၊ နှိုင်းတု မရဘူး ဆိုတာကို အဲ့လိုပြောလေ ပိုပိုက ငိုချင်လေပဲ။ ကိုယ့်ရဲ့ ခံစားချက်အစစ်နဲ့ မျက်ရည်အစစ်နဲ့ ငိုခဲ့တာပေါ့။ ပြဿနာက ပိုပိုက အမေသီချင်းတွေကို နားလည်း နားမထောင်ခဲ့ဘူး။ နားမထောင်ချင်ပဲ နားထောင်ခဲ့ရတဲ့ ရိုက်ကွင်းလို့လည်း ပြောရမယ်” လို့ ပိုပိုက ဆိုပါတယ်။
ဆက်လက်ပြီး ပိုပိုက “ဘာလို့လဲဆို ခံစားရလို့ပါ။ ရိုက်ကူးချိန်မှာ အခက်အခဲတော့ မရှိဘူး။ ဇာတ်ကားလည်း ရိုက်ဖူးတော့ သိပ်အခက်အခဲ မရှိပါဘူး။ မင်းသန့်မောင်မောင်ရဲ့ ပထမဆုံး ကားလေးဖြစ်တယ်။ ဇာတ်အိမ်လေးလည်း အရမ်းကောင်းတဲ့ ဇာတ်ကားတကားပါ”
“ဇာတ်ကားထဲကလို အပြင်မှာ ဒိုင်လုပ်ဖို့မရှိပါဘူး။ ကမ်းလှမ်းလာခဲ့ရင်လည်းမလုပ်ပါဘူး။ ပိုပိုက ဒိုင်လုပ်ဖို့ အရည်အချင်း အပြည့်အဝ ရှိရမယ်လေ။ ပိုပိုနဲ့လည်း ဒိုင်လုပ်လို့ ဖြစ်မယ် မထင်ဘူး။ သီချင်းဆို ပြိုင်ပွဲတွေလည်း မကြည့်ဖြစ်ဘူး”လို့ ပိုပိုက ပြောပါတယ်။
ပိုပိုက တကိုယ်တော်အခွေများဖြစ်တဲ့ “ချစ်ဖူးခဲ့သမျှ” ၊ “အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယို” ၊ “Master Pieces” အခွေများ ထွက်ရှိထားပြီး ပရိသတ်ကြိုက်နှစ်သက် အားပေးခြင်း ခံထားရတဲ့ အဆိုတော်တယောက် ဖြစ်ပါတယ်။ သီချင်းတွေကို ချစ်တဲ့ ပိုပိုကတော့ ကိုယ်တိုင်လည်း ကိုယ်ပိုင် စတူဒီယို တခု ဖွင့်ထားကာ သီချင်းများစွာကို ဖန်တီးနေသူ တယောက်လည်း ဖြစ်ပါတယ်။