Entertainment

“ဆုံးရှုံးသွားတာထက် ပေးနိုင်သလောက်ပေးရင် ဘာမှ မဖြစ်ပါဘူး”လို့ ဒေါ်စန်းစန်းမြင့် ပြော

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင် မေသန်းနုအား ငွေကြေးလိမ်လည်မှုဖြင့် တရားစွဲဆိုထားတဲ့ တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်က မေသန်းနုဘက်မှ သူဆုံးရှုံးသွားတဲ့ငွေထက် ပေးနိုင်သလောက်ကို ပေးသွားလည်း ဘာမှ မဖြစ်ဘူးလို့ ပြောပါတယ်။

“ကျမ ဆုံးရှုံးသွားတဲ့ဟာလေးကို ဒါဆိုရင်လည်း ဒီလောက်တော့ ဆုံးရှုံးသွားတာထက် သူတို့ပေးနိုင်တာလေးကို ရော့အင့်ဆိုပြီး ပေးသွားလည်း ဘာမှမဖြစ်ပါဘူး။ ကျမဗုဒ္ဓဘာသာ မြန်မာလူမျိုးပါ။ ကျမအရမ်းစိတ်ဆင်းရဲတယ်။ ကျမမှာ မိသားစုရှိပါတယ်။ ကျမကို ဒီလိုလုပ်တာတွေက မလုပ်ကောင်းဘူး။ သူတို့ခေါ်လို့သွားခဲ့တာ၊ ပေးမယ်ဆိုလို့ သွားခဲ့တာ၊ ဘာရည်ရွယ်ချက်မှ မရှိဘူး”

“မရတာကို မရတဲ့အကြောင်းပဲပြောတာ၊ သူတို့နစ်နာစေတဲ့အကြောင်းလည်း မပါဘူး။ ကျမကို သူတို့ပြောတဲ့ဟာတွေက ဘုရား သိတယ်။ ကျမကို ၆ နှစ်လုံးလုံး လည်းလုပ်ပြီးပြီ။ အခုလည်း ကျမကိုဝိုင်းပြီးပြောတာတွေက ဘုရား သိတယ်။ ကျမကို မတရားလုပ်ရင် မတရား ခံစားရမှာပါ”လို့ တရားလို ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။

တဖက်မှလည်း ဒေါ်စန်းစန်းမြင့် ညှိနှိုင်းကာ ငွေကြေးများပေးခဲ့တယ်လို့ ဖြေကြားခဲ့တာတွေ ရှိခဲ့ပြီး အဲဒါနဲ့ ပတ်သက်လို့ ဒေါ်စန်းစန်းမြင့်က အခုလို ပြောပါတယ်။

“ပိုက်ဆံပေးတယ်ဆိုတာ မဟုတ်ပါဘူး။ ပေးရင် ကျမ ယူမယ်ဆိုတာ ကျမ ရိုးရိုးသားသားပြောမိတာ။ သူတို့ကို တခြားစိတ်နဲ့လည်း လုံးဝ မပါဘူး။ သူတို့တွေ့ချင်လို့ ပေးချင်တယ်ဆိုပြီး တွေ့လို့ သွားတွေ့တာပဲ ရှိပါတယ်။ ကျမ ပိုက်ဆံလည်း မမြင်ရဘူး။ တွေ့လည်း မတွေ့ရဘူး။ အဲဒါကြောင့် ပြန်လာခဲ့တာ”

“သူတို့ပေးမယ့်ဟာတွေကို သူတို့ပဲ ပိုသိတယ်။ ကျမ ရှင်းနေရင် ဘာဖြစ်တယ်၊ ညာဖြစ်တယ် ပြောမယ်။ သူတို့ပေးမယ် ပြောတဲ့ဟာက ကျမကို မပေးခဲ့ဘူး။ ပိုက်ဆံလည်း မမြင်ခဲ့ဘူး။ မင်းသန့် တွေ့ချင်တယ်။ ဆုံးရှုံးသွားတာတွေပေးမယ်ဆိုလို့ ကျမ သွားခဲ့တာပါ။ ကျန်တာဘာမှ မရှိပါဘူး” လို့ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။

ဒေါ်စန်းစန်းမြင့်ကို မေသန်းနုတို့ဘက်မှ သားဖြစ်သူ မင်းသန့်မောင်မောင်က တွေ့ချင်ပြီး နစ်နာဆုံးရှုံးသွားတဲ့ပိုက်ဆံများပေးမယ်ဆို၍ သွားရောက်တွေ့ဆုံခဲ့ကာ ပြောတာနဲ့ မကိုက်ညီခဲ့ဘူးလို့ ဆိုပါတယ်။

“ကျမတို့က အဲ့လိုမဟုတ်ဘူး။ သူကကျမကို သူ့ဆီလာခဲ့ပါဆိုပြီး သူ့ဆီ ခေါ်တယ်။ ရုံးခန်းကိုလည်းခေါ်တယ်။ Summit Park View လည်း ခေါ်တယ်။ Sedona လည်း နောက်ဆုံးတခေါက် ခေါ်တယ်။ ဘယ်သူမှ မသိပါစေနဲ့ပြောလို့ ကျမလည်း ဘာမှမပြောဘဲ နေခဲ့တယ်။ သူကခေါ်ပြီးတော့ ကျမကို ပိုက်ဆံပေးမယ်ဆိုရင် ကျမ ယူမှာပေါ့”

“ခေါ်ပြီးတော့ နင့်ကို ငါ့သားလေးအရမ်းတွေ့ချင်လို့ နစ်နာဆုံးရှုံးတဲ့ ပိုက်ဆံတွေ ပေးမယ်ဆိုလို့ ကျမသွားခဲ့တာပါ။ သွားတော့ သူပြောတာနဲ့ မကိုက်ညီတဲ့အတွက် ဘာမှမပြောတော့ဘဲနဲ့ နေလာတယ်။ ကျမဆုံးရှုံးသွားတဲ့ငွေတွေ ပြန်လိုချင်တယ်” လို့ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။

ဆက်လက်ပြီး “ကျမ မင်းသန့် ကန်တော့တာတောင် ကျမ မသိပါဘူး။ ကျမဂုတ်မှာ ကျီးပေါင်းကြီးနဲ့ အင်္ကျီချုပ်စားနေရတာပါ။ ကျမ ငယ်ငယ်ကတည်း အင်္ကျီချုပ်စားတယ်။ ထုတ်လုပ်သူလည်း လုပ်ဖူးတယ်။ ကိုဇော်(အရုဏ်ဦး) နဲ့ ချစ်သုဝေ ၊ အောင်ရဲလင်းတို့နဲ့အတူ ရိုက်ခဲ့ဖူးပါတယ်”လို့ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။

ဆုံးရှုံးသွားတဲ့ ငွေကြေးအားလုံးပေါင်း ငွေကျပ်သိန်း ၁၂၅၀ ပေးပါက အမှုကိုကျေအေးပေးမှာဖြစ်တဲ့အတွက် အဆိုပါငွေကို တောင်းရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

“ကျမ ဘဏ်စာရွက်၊ ကားတစီး  ၊ နောက်ပြီး သိန်း ၄၀၀ အတွက် ၁၂၅၀ တောင်းတာပါ။ ကျန်တာမဟုတ်ပါဘူး။ အဲဒီတောင်းတာကို သူပေးရင် ကျမ ယူမယ်။ မပေးဖြစ်ဘဲနဲ့ ဘယ်လိုပေးမယ်၊ ညာလို ပေးမယ်။ အဲ့လိုမျိုးတွေသူပြောတာ ကျမလည်း နားမလည်ဘူးလေ။ ကျမ နစ်နာ ဆုံးရှုံးတာလေးပေးမယ်ဆိုလို့ ကျမ သွားခဲ့တာပါ” လို့ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မေသန်းနုဘက်မှ ခင်ပွန်းဟောင်းဖြစ်သူ ဒါရိုက်တာ စင်ရော်မောင်မောင်ကနေ မီဒီယာများကို ခေါ်ယူကာ အဆိုပါ မေသန်းနုကိစ္စနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပြီး ဧရာဝတီ သတင်းဌာန ရောက်ရှိသွားစဉ် သတင်းယူခွင့် မပေးခဲ့ပါ။

သရုပ်ဆောင် မေသန်းနုကိုတော့ ဇန်နဝါရီလ ၂၀ ရက်နေ့က ရန်ကင်းမြို့နယ် တရားရုံးမှာ ပုဒ်မ ၄၂၀ ဖြင့် ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့ပြီး အဆိုပါ အမှုကတော့ ၂၀၁၆ ခုနှစ်ကစတင်ကာ တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်ထံမှ တိုက်ခန်း စရံငွေ သိန်း ၄၀၀ လိမ်လည် ရယူသွားသည်ဟုဆိုကာ တိုင်တန်းခဲ့ရာမှ ပေါ်ပေါက်ခဲ့တဲ့အမှု ဖြစ်တယ်လို့ သိရပါတယ်။

ယခုနောက်တိုးအမှုကတော့ မေသန်းနုနဲ့ တခြားတယောက်မှ ဒေါ်စန်းစန်းမြင့်ရဲ့ လှည်းတန်းမှာရှိတဲ့ သိန်း ၂၅၀၀ တန် နေအိမ်ကို ပေါင်ခဲ့ရာကနေ ဆုံးရှုံးသွားတဲ့အတွက် ဖြစ်ပေါ်လာတဲ့အမှု ဖြစ်ပါတယ်။

You may also like these stories:
Did you find apk for android? You can find new Free Android Games and apps.
Loading