မဟာရန်ကုန်စံပြသဘင်ရဲ့ ခေါင်းဆောင် မင်းသား ဟန်ဇာမိုးဝင်းက ကိုဗစ်ကာလမှာ ပွဲလမ်းသဘင်များ ရပ်နားခဲ့ရပြီး ၄ လလောက်ကြာပြီးမှ အွန်လိုင်းကနေ ကပြ ဖျော်ဖြေခွင့်ရတဲ့အတွက် ဝမ်းသာ ပီတိ ဖြစ်မိတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ ၄ လလောက်ကြာပြီးမှ ပြန်ကပြရတော့ ရင်ခုန်တာပေါ့။ ကိုယ်လုပ်ချင်တဲ့ အလုပ်လေးကို ပြန်လုပ်ရတော့ ပီတိလည်း ဖြစ်ရတယ်။ ပရိသတ်တွေဆီက comment ကိုလည်း ပြန်ဖတ်ရတော့ အားပေးကြတာ ဝမ်းသာတယ်။ မပြောပြတတတ်အောင် ပျော်တယ်။ လမ်းကြောင်းသစ်တခုကိုလည်း လုပ်ရတာ ပျော်တယ်”
“အခက်အခဲကတော့ အများကြီးပဲ။ စကရာကနေ တဖြည်းဖြည်း ခက်လာမှာပေါ့။ ကြည့်တဲ့သူကလည်း တဖြည်းဖြည်းနဲ့ မရိုးသွားအောင် ဘယ်လို ဖန်တီးရမလဲ ဆိုတာကို မအိပ်နိုင် မစားနိုင် ညီအစ်ကို နှစ်ယောက် တိုင်ပင်ပြီးလုပ်ကြတာပေါ့”လို့ ဟန်ဇာမိုးဝင်းက ပြောပါတယ်။
ဆက်လက်ပြီး အခုလို မိုးရာသီ နှစ်ပါးသွား ဖျော်ဖြေပွဲကို ကျန်းမာရေးနဲ့အညီ လုပ်ရတဲ့အခါ လူအများကြီး ပါဝင် ခွင့်မရတဲ့အတွက် ရတဲ့လူနဲ့ အဆင်ပြေအောင် လုပ်ရတယ်လို့ ဆိုပါတယ်။
“တယောက်တည်း လုပ်လို့ မရဘဲ အဖွဲ့လိုက်လုပ်ရတဲ့အခါ ကျန်းမာရေးနဲ့အညီလည်း လုပ်ရတဲ့အခါ လူအများကြီးလည်း ပါဝင်ခွင့် မရတဲ့အတွက် ရတဲ့လူနဲ့ အဆင်ပြေအောင် လုပ်ရတယ်။ နယ်ပြန်သွားတဲ့သူတွေတော့ မပါဘူးပေါ့။ လူတော့ မစုံဘူးပေါ့။ စံပြ လူအချို့နဲ့ ရွှေမန်းသဘင်က အချို့နဲ့ ပေါင်းပြီး လွမ်းဆွတ်နေတဲ့ ပရိသတ်တွေအတွက် ကပြ ဖျော်ဖြေလိုက်တာပေါ့”လို့ ဟန်ဇာမိုးဝင်းက ပြောပါတယ်။
၂ နာရီစာ အချိန်အတွင်းမှာ ကြိုးစားတင်ဆက်တာ လိုအပ်ချက်တွေ ရှိရင် နားလည်ပေးပါလို့ ဟန်ဇာမိုးဝင်းက ပြောပါတယ်။
“ပထမပတ်မှာတော့ အလွဲအချော်တွေ ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ အမှားအယွင်းတွေ ရှိကောင်းရှိနိုင်မယ်။ အကြံတွေလည်း ပေးသွားပါ။ ကောင်းတဲ့အကြံတွေ ယူပြီး အကောင်းဆုံးတွေ တင်ဆက်နိုင်အောင် ကြိုးစားပါဦးမယ်”
“၂ နာရီစာ အချိန်အတွင်းမှာ ကျနော်တို့ ကြိုးစားတင်ဆက်တာ ပရိသတ်တွေက အားရချင်မှ အားရလိမ့်မယ်။ လိုအပ်ချက်တွေရှိရင် နားလည်ပေးပါ။ ဖြည့်စွက်ကြည့်ပေးကြပါ။ လိုအပ်ချက်တွေကို အကောင်းဆုံး ညီအစ်ကို နှစ်ယောက်ပေါင်းပြီး ကြိုးစားနေပါတယ်”လို့ ဟန်ဇာမိုးဝင်းက ပြောပါတယ်။
မောင်နှမ ၃ ယောက် အတူ ကခဲ့တာလည်း အမြဲ သတိရတယ်တဲ့ ဟန်ဇာမိုးဝင်းက သတိရလာရင် အလုပ်ပို ဖိလုပ်လိုက်တယ်လို့ ဆိုပါတယ်။
“အခုကတော့ ညီအစ်ကို နှစ်ယောက် ဖျော်ဖြေတာပေါ့။ အရင်က မောင်နှမ ၃ ယောက် ကခဲ့တာလည်း အမြဲ သတိရပါတယ်။ ဒါပေမဲ့ သူတို့ကလည်း သူတို့ လမ်းကြောင်းနဲ့ သူတို့ သွားနေကြတာလေ။ သတိရတယ်။ လွမ်းတယ်ပေါ့။ ကျနော်က ဒရာမာတွေ သိပ်မလုပ်ဘူး။ သူတို့ကို သတိရပြီး ဘာမှ မလုပ်နိုင်ဘူးဆိုတာ သိပ်မရှိဘူး။ သူတို့ မပါလည်း ကြိုးစားရှေ့ဆက်သွားမယ်။ မချစ်လို့ မဟုတ်ဘူး။ သိပ်ချစ်တဲ့သူတွေ လည်း ခွဲခွာရမှာပဲ။ နေတတ်အောင် ကြိုးစားတယ်”
“စိတ်ညစ်စရာ ဒရာမာတွေ ဖြစ်လာရင် အလုပ်နဲ့ ဖိတယ်။ အစ်မတွေ၊ ညီတွေကို သူတို့ကိုလည်း လွမ်းတာပေါ့။ အစ်မကလည်း ကလေးနဲ့ ပြန်လာဖို့က အဆင်မပြေဘူး။ ရန်ကုန်မှာ ရှိရင်တော့ ပါနိုင်တယ်။ ညီလေးကတော့ သူ့စီးပွားရေးနဲ့သူ လုပ်နေတာ။ သူတော့ ပါကောင်းပါနိုင်တယ်။ ချစ်တဲ့ ခင်တဲ့သူတွေကသာ ဟန်ဇာကြီး တယောက်တည်း ကနေရတာ သနားတယ်ဖြစ်နေတာ ကျနော်ကတော့ သတိရတာကို အလုပ်ပို ဖိလုပ်လိုက်တယ်”လို့ ဟန်ဇာမိုးဝင်းက ပြောပါတယ်။
ဇာတ်မင်းသား ဟန်ဇာမိုးဝင်းကတော့ ကိုဗစ်ကာလမှာ အစ်ကိုဖြစ်သူ ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်းနဲ့အတူ “မာလာမြိုင် မိုးရာသီ သဘင်ပွဲတော်”ကို ကပြဖျော်ဖြေနေတာ ဖြစ်ပြီး အဆိုပါ ပွဲကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း Channel K ရုပ်သံလိုင်းနဲ့ 7th Sense Creation တို့မှာ ထုတ်လွှင့် ပြသနေတယ်လို့ သိရပါတယ်။