လူငယ်အများစုက ငယ်ရွယ်စဉ်အချိန်မှာ ပါတီတက်တာတွေ အပျော်အပါးလိုက်စားတွေနဲ့ အချိန်ကုန် နေလေ့ရှိပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံ ဒေလီမြို့က အသက် ၂၄ နှစ်အရွယ် Himanshu Goel ဆိုသူကတော့ တခြားလူငယ်တွေနဲ့ မတူပါဘူး။ တခြားလူငယ်တွေ အပျော်အပါး လိုက်စားနေချိန်မှာ သူကတော့ အိန္ဒိယနိုင်ငံ ရန်ချီ (Ranchi) မြို့ကနေ စင်ကာပူနိုင်ငံအထိ စက်ဘီး တစီးနဲ့ သွားရောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒီခရီးဟာ ကီလိုမီတာ ၆ ထောင် (၃၇၂၈ မိုင်) ကွာဝေးပါတယ်။ ၅၅ ရက်အကြာမှာတော့ သူ့ခရီးစဉ်ဟာ အောင်မြင်စွာပဲ ပြီးဆုံးခဲ့ပါတယ်။ ဒီခရီးစဉ်အတွက် သူပေးဆပ်ခဲ့ရတာတွေ ရှိပါသေးတယ်။ စာရင်းကိုင်ဘာသာရပ်မှာ နောက်ဆုံးနှစ် ကျောင်းသားဖြစ်နေတဲ့ Goel ဟာ သူဖြေဆိုရမယ့် စာမေးပွဲတွေကို လက်လွတ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့မှာ နောင်တရနေတာမျိုး မရှိပါဘူး။
ဒီခရီးစဉ်ကိုတော့ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့မှာ စတင်ခဲ့ပါတယ်။ ပစ္စည်းဆိုလို့လည်း များများစားစား ယူဆောင်မသွားခဲ့ပါဘူး။ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းအနည်းငယ်ကိုသာ ယူဆောင်သွားခဲ့ပါတယ်။
ဒီခရီးအတွက် သူ့ကို ထောက်ပံ့ပေးတဲ့သူ မရှိပါဘူး။ ဒါကြောင့်လည်း သူစုဆောင်းထားတဲ့ ငွေကိုသာအသုံးပြုပြီး သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ညအချိန်တွေမှာ အိပ်စက် အနားယူဖို့အတွက်တော့ ရောက်ရာအရပ်က ဒေသခံတွေကိုပဲ အားကိုးခဲ့ရပါတယ်။
Goel ဟာ တရက်ကို ပုံမှန် ၁၅၀ ကီလိုမီတာ(မိုင် ၉၀ ကျော်) စက်ဘီးစီးခဲ့ပါတယ်။ ခရီးဆောင်အိတ် မပါဘဲ လိုအပ်တဲ့ပစ္စည်း အနည်းငယ်သာ ယူဆောင်လာတဲ့အတွက် တနေ့ကို မိုင် ၉၀ ကျော် ခရီးနှင်နိုင်ခဲ့ပါတယ်။
ဒီခရီးစဉ်အတွက် Goel တယောက် ၉ လကျော်ကြာ ပြင်ဆင်ခဲ့ရပါတယ်။ ၅၅ ရက်ကြာ ကြာမြင့်တဲ့ ဒီခရီးစဉ်မှာ အာသံပြည်နယ်၊ မဏိပူရပြည်နယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနဲ့ နောက်ဆုံးမှာတော့ စင်ကာပူနိုင်ငံကို ရောက်ရှိခဲ့ပါတယ်။
ခရီးသွားဗီဇာ ရှိပေမယ့် ထိုင်းနိုင်ငံကို ရောက်တဲ့အခါမှာတော့ ဗီဇာသက်တမ်းက ၁၅ ရက်သာ ကျန်ပါ တော့တယ်။ တိုတောင်းတဲ့ အချိန်အတွင်းမှာပဲ သူဟာ ကီလိုမီတာ ၁၅၀၀ (မိုင်ပေါင်း ၉၀၀ ကျော်) ခရီးကို အချိန်မီရောက်အောင် သွားနိုင်ခဲ့ပါတယ်။
၅၅ ရက်အကြာမှာတော့ သူခရီးစဉ်က အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။ အခုအချိန်မှာတော့ Goel တယောက် အိန္ဒိယကနေ ဥရောပကို စက်ဘီးစီးဖို့ ပြင်ဆင်နေပါတယ်။
Ref: timesofindia
You may also like these stories:
ဖင်လန်နိုင်ငံကနေ စင်ကာပူနိုင်ငံအထိ စက်ဘီးစီးကြတဲ့ စုံတွဲ
ဆိုင်ကယ်နဲ့ ကမ္ဘာပတ်ခဲ့တဲ့ မြန်မာ ၂ ဦးရဲ့အပြန်ခရီး အိန္ဒိယသို့ ရောက်ရှိ
၃ ရက်အတွင်း ခရီးသွား ၄ သန်းကျော် လာရောက်ခဲ့တဲ့ ဖနွမ်းပင်က ရေကစားပွဲတော်