မီးရထားစီးပြီး ခရီးသွားလေ့ရှိတဲ့ ခရီးသည်တွေဟာ စားကြွင်းစားကျန်တွေနဲ့ အမှိုက်တွေကို မီးရထားပေါ်နဲ့ မီးရထားသံလမ်းတွေမှာ အလွယ်တကူ ပစ်ချလေ့ ရှိကြပါတယ်။ ဘူတာ ပတ်ဝန်းကျင်နဲ့ မီးရထားသံလမ်းတွေကိုကြည့်ရင် အမှိုက်တွေ ပြည့်နေတာကို အလွယ်တကူ မြင်နိုင်ပါတယ်။ ဒါကြောင့်လည်း အိန္ဒိယနိုင်ငံက မီးရထား ဘူတာရုံတွေမှာ အမှိုက်မပစ်ကြဖို့ မီးရထားဌာနက ဆောင်ရွက်ပါတော့မယ်။
ပြီးခဲ့တဲ့အပတ်က အိန္ဒိယနိုင်ငံရဲ့ ၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပခဲ့ပြီး ဝန်ကြီးချုပ် နာရန်ဒရာမိုဒီက အောက်တိုဘာ ၂ ရက်နေ့ဟာ မဟတ္တမဂန္ဒီရဲ့ နှစ် ၁၅၀ ပြည့်မွေးနေ့ဖြစ်တဲ့အတွက် မဟတ္တမဂန္ဒီကို ဂုဏ်ပြုတဲ့အနေနဲ့ ပလတ်စတစ်တွေကို စည်းကမ်းမဲ့ မပစ်ကြဖို့ ပြောခဲ့ပါတယ်။
ဝန်ကြီးချုပ်က ပြည်သူတွေကို အမှိုက်မပစ်ကြဖို့ တိုက်တွန်းပြီးတဲ့နောက်မှာတော့ အိန္ဒိယ မီးရထားဌာနက ဘူတာရုံတွေ၊ မီးရထားသံလမ်းတွေနဲ့ မီးရထားတွေပေါ်မှာ အမှိုက်ပစ်တာကို တားမြစ်လိုက်ပါတယ်။
လူတွေ အဓိက ပစ်လေ့ရှိတဲ့ အမှိုက်ကတော့ အသုံးပြုပြီးသား ပလပ်စတစ်တွေပါ။ ပလပ်စတစ်တွေဟာ ဘူတာရုံတွေမှာသာမက အိန္ဒိယနိုင်ငံရဲ့ ကမ်းခြေနဲ့ အထင်ကရ နေရာတွေမှာလည်း ပြည့်နေပါတယ်။
ပလပ်စတစ် ပြဿနာ မဖြစ်ခင်တုန်းကတော့ အိန္ဒိယနိုင်ငံရဲ့ အကြီးမားဆုံး ပြဿနာက အိမ်သာ ပြဿနာပါ။ အိန္ဒိယနိုင်ငံသားတွေဟာ အိမ်သာ အသုံးပြုလေ့ မရှိကြဘဲ နီးစပ်ရာ ခြုံတွေနဲ့ လယ်ကွင်းတွေမှာသာ မစင်စွန့်လေ့ ရှိကြပါတယ်။ ဒါကြောင့်လည်း BJP အစိုးရ အာဏာ ရလာပြီးနောက် အိန္ဒိယနိုင်ငံ တဝှမ်းလုံးမှာ အိမ်သာတွေကို စီမံကိန်းကြီး တရပ်အနေနဲ့ ဆောက်လုပ်ပေးခဲ့ပါတယ်။
အိန္ဒိယ တနိုင်ငံလုံးအတွက် အိမ်သာအလုံးပေါင်း ၁၀ သန်းကျော် ဆောက်ဖို့ စီမံထားပါတယ်။ အိန္ဒိယနိုင်ငံက အမျိုးသမီး အများစုကလည်း ညအမှောင်ရောက်မှ၊ ဒါမှမဟုတ် မနက် ဝေလီဝေလင်းချိန်ရောက်မှ နီးစပ်ရာ ခြုံတွေနဲ့ လယ်ကွင်းပြင်တွေမှာ အိမ်သာသွားလေ့ ရှိပါတယ်။ အခုတော့ အိမ်သာတွေကို စီမံကိန်းကြီးတရပ်အနေနဲ့ ဆောက်လုပ်ပေးနေတဲ့အတွက် အမျိုးသမီးတွေမှာ လုံခြုံမှု ရှိသွားတာတော့ အမှန်ပါပဲ။
ဝန်ကြီးချုပ် နာရန်ဒရာမိုဒီကတော့ အခုချိန်မှာဆိုရင် အိန္ဒိယနိုင်ငံသား ၉၀ ရာခိုင်နှုန်းက အိမ်သာ အသုံးပြုခွင့် ရနေပြီလို့ ပြောပါတယ်။ အိမ်သာ ပြဿနာကို ဖြေရှင်းပြီးတဲ့နောက်မှာတော့ ပလပ်စတစ် ပြဿနာကို ဖြေရှင်းဖို့ ဝန်ကြီးချုပ်က ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ အိန္ဒိယနိုင်ငံအနေနဲ့ ပလပ်စတစ် ကင်းမဲ့တဲ့ နိုင်ငံဖြစ်လာဖို့ အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။
Ref. Firstpost, BBC