သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တဲ့အထဲမှာ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေ များပြားလာတာလည်း တခု အပါအဝင်ပါ။ လူဦးရေ ထူထပ်များပြားလာတာနဲ့အမျှ ပလတ်စတစ် အသုံးပြုမှုနဲ့ စွန့်ပစ်မှုတွေဟာ တနေ့တခြား များပြားလာနေပြီး စွန့်ပစ်လိုက်တဲ့ ပလတ်စတစ်တွေဟာ ပင်လယ်နဲ့ သမုဒ္ဒရာတွင်းမှာ အများဆုံး စုဝေးရောက်ရှိနေကြပါတယ်။
နှစ်ပေါင်း ရာနဲ့ချီတောင် ပျက်စီးသွားဖို့ မလွယ်တဲ့ ဒီပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေဟာဆိုရင် သမုဒ္ဒရာနဲ့ ပင်လယ်တွင်းမှာ နေထိုင်ကျက်စားတဲ့ ရေနေသတ္တဝါတွေကို ကောင်းကောင်းကြီး ဒုက္ခပေးနေတဲ့ အရာတခုလည်း ဖြစ်ပါသေးတယ်။ လူတွေ စွန့်ပစ်လိုက်တဲ့ ပလတ်စတစ်အမှိုက်တွေဟာ ရေနေသတ္တဝါတွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့အပြင် ဂေဟစနစ်ကိုလည်း ထိခိုက်ပျက်စီးစေနိုင်တဲ့အထိ ဖြစ်နိုင်ပါသေးတယ်။
ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် အသက် ၂၃ နှစ်အရွယ်ရှိ Boyan Slat လို့အမည်ရတဲ့ ဒတ်ချ်လူမျိုး လူငယ်လေးတဦးဟာ သမုဒ္ဒရာတွင်းက ပလတ်စတစ် အမှိုက်တွေကို ဖယ်ရှား ရှင်းလင်းပေးနိုင်မယ့် စက်တမျိုးကို တီထွင်လိုက်နိုင်ပြီ ဖြစ်ပါတယ်။
ဒီစက်ကို တီထွင် ဖန်တီးနိုင်ဖု့ိအတွက် Slat ဟာ အချိန် ၆ နှစ်ကျော်ကြာ ယူခဲ့ရပြီး လွန်ခဲ့တဲ့ နှစ်တွေတုန်းကတော့ ဒီစက်ဟာ လိုအပ်ချက်တွေ ရှိနေသေးပေမယ့် အခုချိန်မှာတော့ ကောင်းမွန်စွာ အသုံးချနိုင်နေပြီ ဖြစ်ပါတယ်။
“ကျနော် အသက် ၁၆ နှစ်လောက်တည်းက ဒီစက်ကို တီထွင်ဖို့ ပြင်ဆင်ခဲ့တာပေါ့။ အခက်အခဲတွေကတော့ အများကြီးပဲ။ လိုအပ်ချက်တွေကလည်း များတော့ ဆက်မလုပ်နိုင်တော့ဘူးလို့တောင် ထင်ထားတာ။ အခုတော့ အားလုံးအေးအေးဆေးဆေးနဲ့ အသုံးတည့်သွားပြီဆိုတော့ ဝမ်းသာရပါတယ်”လို့ Slat က Time နဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
ဒီစက်ဟာဆိုရင်တော့ သမုဒ္ဒရာထဲက ပလတ်စတစ် စွန့်ပစ်အမှိုက်တွေအပြင် ငါးဖမ်းပိုက် အပျက်အစီးတွေနဲ့ ပလတ်စတစ် အမှုန်တွေကိုပါ ဖယ်ရှားစစ်ယူနိုင်ပြီး လတ်တလောမှာတော့ ပစိဖိတ် သမုဒ္ဒရာတွင်းက ပလတ်စတစ် အမှိုက်တွေကို ဒီစက်နဲ့ ဖယ်ရှားရှင်းလင်းနေတာပဲ ဖြစ်ပါတယ်။
Ref. time.com
You may also like these stories:
မဟတ္တမဂန္ဒီကို ဂုဏ်ပြုတဲ့အနေနဲ့ အိန္ဒိယ မီးရထားဌာနက ပလပ်စတစ် အသုံးပြုမှု တားမြစ်
တကိုယ်ရေသုံး ပလတ်စတစ် ပစ္စည်းတွေ အသုံးပြုခွင့်ကို ပိတ်ပင်တော့မယ့် ကနေဒါနိုင်ငံ
ပလတ်စတစ် ညစ်ညမ်းမှုကို လျှော့ချနိုင်ဖို့ မိမိကိုယ်တိုင် ပြုလုပ်နိုင်မယ့် နည်းလမ်းများ
ပလတ်စတစ် ညစ်ညမ်းမှုကြောင့် သေကြေ ပျက်စီးနေကြရတဲ့ သတ္တဝါများ
ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချပေးနိုင်မယ့် ကမ္ဘာတဝှမ်းက ထူးခြားကောင်းမွန်တဲ့ ပရောဂျက်များ
အမှိုက်ပုံများနှင့် ကျနော်တို့၏ ကမ္ဘာကြီး