ကမ္ဘာ့လေထု အရည်အသွေးတိုင်းတာမှုများအရ လေထု ညစ်ညမ်းမှု အမြင့်ဆုံးနိုင်ငံတွေထဲက တနိုင်ငံ ဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်လိုက်ပြီးနောက်ပိုင်း အရင်ထက် လေထုညစ်ညမ်းမှုတွေ လျော့နည်းသွားပါတယ်။
အိန္ဒိယမှာ အဓိက လည်ပတ်နေတဲ့ စက်ရုံအလုပ်ရုံ၊ ဈေးဆိုင်တွေနဲ့ ဘာသာရေး ဝတ်ပြုရာနေရာတွေကို ကန့်သတ် ပိတ်ဆို့လိုက်သလို၊ အများပြည်သူ ခရီးသည် ပို့ဆောင်ရေး ယာဉ်တွေကိုပါ ရပ်နားကာ ဆောက်လုပ်ရေး လုပ်ငန်းတွေကိုလည်း ရပ်ဆိုင်းလိုက်တာကြောင့် လေထုအရည်အသွေး ပိုကောင်းလာပါတယ်။
နိုင်ငံတွင်းမှာ အရေးကြီးကိစ္စရပ် မရှိဘဲ အပြင်မထွက်ကြဖို့၊ တယောက်နဲ့ တယောက် ခပ်ခွာခွာ နေကြဖို့ တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁,၃၀၀ ကျော်နဲ့ သေဆုံးသူ ၃၅ ယောက် ရှိလာချိန်မှာ အိန္ဒိယအစိုးရက နိုင်ငံတဝှမ်း Lockdown လုပ်ဖို့ ချမှတ်လိုက်ပါတယ်။
ကိုရိုနာကြောင့် အသွားအလာ ကန့်သတ်လိုက်ချိန် နောက်ပိုင်း အိန္ဒိယရဲ့ မြို့ကြီးအချို့မှာ ယာဉ်တွေနဲ့ လျှပ်စစ် ဓာတ်အားပေးစက်ရုံတွေကနေ ထုတ်လွှတ်လိုက်တဲ့ Nitrogen dioxide နဲ့ အန္တရာယ်ရှိတဲ့ အမှုန်အမွှားတွေကို လေထုအတွင်း တိုင်းတာရာမှာ လျော့နည်းသွားပါတယ်။ အဆိုပါ အမှုန်အမွှားတွေဟာ လေထုထဲကနေ လူ့ခန္ဓာကိုယ် အဆုတ်ကတဆင့် ကိုယ်တွင်းအင်္ဂါတွေနဲ့ သွေးကြောထဲကို ရောက်ကာ ကျန်းမာရေးကို ထိခိုက်စေပါတယ်။
အိန္ဒိယရဲ့ လေထုညစ်ညမ်းမှုအခြေအနေဟာ ကမ္ဘာ့ပေါ်မှာ အဆိုးရွားဆုံးမြို့ ၃၀ စာရင်းမှာ ၂၁ မြို့ထိ ရှိခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံး Lockdown လို့ သတ်မှတ်ရမယ့် အသွားအလာ ကန့်သတ်ပိတ်ဆို့လိုက်ချိန်မှာတော့ လေထု အရည်အသွေးပိုကောင်းလာပြီး ကောင်းကင်မှာ အပြာရောင် မိုးသားတွေ ပြန်မြင်လာခဲ့ရပြီလို့ ဆိုပါတယ်။
“ကျနော် ဒီလို မိုးသားပြာပြာတွေ ဒေလီမြို့ကောင်းကင်မှာ မမြင်ရတာ ၁၀ နှစ်ကျော်နေပြီ။ ဒါကလည်း အခု ဖြစ်နေတဲ့ ကပ်ဘေးကြီးရဲ့ အဆိုးထဲအကောင်းလို့ပဲ ပြောရမလား။ ခုဆို ကျနော်တို့ အပြင်ထွက်ပြီး လေဝဝ ရှုနိုင်ပြီ လေ” လို့ အိန္ဒိယ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ပူးတွဲတည်ထောင်သူ Jyoti Pande Lavakare က ဆိုပါတယ်။
မတ်လ ၂၅ ရက်နေ့မှာ စတင်ထုတ်ပြန်ခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ အသွားအလာ ကန့်သတ်မှု နောက်ပိုင်းမှာ မွန်ဘိုင်း၊ Pune နဲ့ Ahmedabad မြို့တွေရဲ့ လေထုထဲမှာ Nitrogen dioxide ပါဝင်မှုနှုန်းဟာ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်က ထက်စာရင် ၅၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားခဲ့ပါတယ်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ မှာ ရာနဲ့ချီတဲ့ အိန္ဒိယနိုင်ငံသားတွေဟာ အဝါရောင် မီးခိုးမြူမှုန်တွေ နေ့စဉ် ရက်ဆက် ကျဆင်းနေခဲ့တာကြောင့် ဆိုးရွားလာတဲ့ လေထုညစ်ညမ်းမှုနဲ့ ပတ်သက်ပြီး နယူးဒေလီမြို့က လမ်းတွေပေါ်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ အသက်ရှုလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်သလို တီဘီရောဂါ ဖြစ်ပွားမှုနှုန်းလည်း များပါတယ်။ WHO အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်မှာ လေထုညစ်ညမ်းမှုနဲ့ ဆက်နွယ်နေတဲ့ ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ နှစ်စဉ် ၇ သန်းကျော်လောက်ရှိတယ် လို့ ဆိုပါတယ်။
Ref: edition.cnn
You may also like these stories:
ကိုဗစ် သက်သာသွားသူတွေမှာ ရောဂါလက္ခဏာ ပြန်တွေ့နေရ
ကိုဗစ်ကာလ တားမြစ်ချက်ကို ချိုးဖောက်တဲ့ တောင်အာဖရိက မင်္ဂလာစုံတွဲ ဖမ်းဆီးခံရ
တရုတ်နိုင်ငံထက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အများဆုံး ဖြစ်လာတဲ့ နိုင်ငံ ၅ နိုင်ငံ