ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကမ္ဘောဇဘဏ်မှ ငွေကျပ် သိန်း ၁၂၀၀ ခန့် တန်ဖိုးရှိ ရွေ့လျား ကိုယ်အပူချိန်တိုင်းစက် ၆ လုံးကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံ စက်တင်ဘာလ ၄ ရက်နေ့က ပေးအပ် လှူဒါန်းခဲ့ပါတယ်။
အဆိုပါ ကိုယ်အပူချိန်တိုင်းစက်များကို မော်တော်ယာဉ်များတွင် ထည့်သွင်း တပ်ဆင်ကာ မြို့နယ်၊ ရပ်ကွက်အတွင်းရှိ ပြည်သူများရဲ့ ကိုယ်အပူချိန်များကို တိုင်းတာနိုင်မှာ ဖြစ်ပြီး COVID-19 ကာကွယ်၊ ထိန်းချုပ်ခြင်းလုပ်ငန်းကို များစွာ အထောက်အကူပြု လုပ်ဆောင်ပေးနိုင်မယ်လို့ သိရပါတယ်။
ဒါ့အပြင် ကမ္ဘောဇဘဏ်မှ ကိုဗစ်ကာလအတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် “ငွေဗိုက်” စီမံချက်ရဲ့ ထောက်ပံ့ကြေး လွှဲပြောင်းပေးအပ်မယ့် အစီအစဉ်ကိုလည်း လုပ်ဆောင်နေပါတယ်။
KBZPay မှ Digital payment platform တခုအနေနဲ့ ပံ့ပိုးဆောင်ရွက်ပေးနေပြီး စက်တင်ဘာလ ၂၁ ရက်နေ့မှ စတင်ကာ ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ နေပြည်တော်၊ မကွေး၊ မွန်၊ စစ်ကိုင်း၊ ကချင်နဲ့ တနင်္သာရီတိုင်းဒေသကြီးများမှာ နေထိုင်ကြတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေနဲ့ အကျိုးခံစားခွင့် ရရှိမှာ ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ သူတို့ရဲ့ ကမ္ဘောဇဘဏ် ငွေစာရင်း အကောင့် (သို့မဟုတ်) KBZPay မိုဘိုင်းပိုက်ဆံအိတ် (သို့) KBZ Pay Agent များကတဆင့် ထောက်ပံ့ကြေးငွေ ၃ သောင်းကျပ်ကို တိုက်ရိုက် လက်ခံရရှိမှာ ဖြစ်ပါတယ်။
“အခက်အခဲတွေ ဖြစ်ပေါ်နေတဲ့ အခုလိုကာလမှာ ကိုယ်ဝန်ဆောင်မိခင်များအတွက် ဒီစီမံချက်မှာ ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်”လို့ ကမ္ဘောဇဘဏ် ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းက ပြောပါတယ်။
ဒါ့အပြင် KBZ ဘဏ်ဟာ သြဂုတ်လ အတွင်းကလည်း ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အသက် ၂ နှစ်အောက် ကလေးငယ်တွေ လိုအပ်နေတဲ့ အာဟာရအတွက် ငွေကြေးထောက်ပံ့ပေးမယ့် လူမှုဝန်ထမ်းဦးစီးဌာနရဲ့ Maternal and Child Cash Transfer (MCCT) စီမံချက်မှာ ပါဝင် ဆောင်ရွက်ပေးခဲ့ပါသေးတယ်။
လူမှုဝန်ထမ်းဦးစီးဌာနရဲ့ ကလေးသူငယ်များအား ငွေကြေးထောက်ပံ့တဲ့ (MCCT) စီမံချက်ဟာ ကလေးသူငယ်များ ပုညှက်မှုနှုန်း လျှော့ချပေးရေးအတွက် ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးမွေးဖွားပြီး မိခင်တွေ အာဟာရရှိတဲ့ ဖြည့်စွက်အစားအစာများ ဝယ်ယူနိုင်ဖို့ ငွေကြေး ထောက်ပံ့မှု ဆောင်ရွက်ပေးတဲ့ စီမံချက် ဖြစ်ပါတယ်။
အဆိုပါ စီမံချက်အတွက် KBZPay က ရှမ်းပြည်နယ်၊ AYA Pay က ဧရာဝတီတိုင်းဒေသကြီးကို တာဝန်ယူပြီး ငွေလွှဲပြောင်းပေးမှုတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
ကိုဗစ် ပြည်တွင်းကူးစက်မှုများ စတင်ဖြစ်ပွားခဲ့တဲ့ သြဂုတ်လ တတိယပတ်အတွင်းကလည်း ရခိုင်ပြည်နယ်မှာ ကြုံတွေ့ခဲ့ရတဲ့ COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသနိုင်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ရန်အတွက် KBZ ဘဏ်မှ ကာကွယ်ရေးပစ္စည်း ၇ မျိုးနဲ့ ငွေကျပ်သိန်း ၃၀၀ ကို Air KBZ အရေးပေါ်ကယ်ဆယ်ရေး အထူးလေယာဉ်နဲ့ ပို့ဆောင် လှူဒါန်းခဲ့ပါတယ်။
“ကမ္ဘောဇဘဏ်ရဲ့ လှူဒါန်းမှုဟာ ရခိုင်ပြည်နယ်က ကျမတို့ ပြည်သူတွေအတွက် COVID-19 ကို ရင်ဆိုင်ဖို့ စိတ်ပိုင်း၊ ရုပ်ပိုင်း ခွန်အားနဲ့ အထောက်အပံ့ကောင်း ဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။ COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျရာကဏ္ဍကနေ ပါဝင်ဆောင်ရွက်နေသူများ အားလုံးကို ကျမတို့ ကမ္ဘောဇဘဏ်က အစဉ်အမြဲ ကျေးဇူးတင်လျက် ရှိပါတယ်”
“ကျမတို့တွေ အားလုံး COVID-19 ကပ်ရောဂါကို မေတ္တာတရားနဲ့အတူ တွန်းလှန် ကျော်ဖြတ် ကြပါစို့”လို့ ကမ္ဘောဇဘဏ် ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းက ဆိုပါတယ်။
ကမ္ဘောဇဘဏ်ဟာ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် ကိုဗစ် ရောဂါ မဖြစ်ပွားခင် ဖေဖေါ်ဝါရီလ ၂၆ ရက်မှ စတင်ကာ၊ ယနေ့အချိန်ထိ တနိုင်ငံလုံး အတိုင်းအတာဖြင့် ငွေကျပ် ၆၁,၆၄၂ သိန်း၊ (သိန်းပေါင်း ၆ သောင်း ၁ ထောင် ၆၄၂ ကျပ်) လှူဒါန်းထားရှိပြီး ဖြစ်ပါတယ်။
ကမ္ဘောဇဘဏ်ဟာ မြန်မာနိုင်ငံ ပြည်သူများအတွက် စဉ်ဆက်မပြတ် လှူဒါန်းပေးနေပြီး ယနေ့အထိ ကျပ်ငွေ ၁၆၆ ဘီလီယံကျော် လှူဒါန်းခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
You may also like these stories:
Airbus ကုမ္ပဏီကနေ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး လေယာဉ် တည်ဆောက်မည်
ဧဝရတ်တောင်ကို အောက်စီဂျင် မပါဘဲ တက်နိုင်ခဲ့သူ လမ်းပြ Ang Rita ကွယ်လွန်
ကုန်ပစ္စည်းဖလှယ်ခြင်း အလေ့အထ ခေတ်စားနေတဲ့ ဖိလစ်ပိုင်