ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ (ကက) ရုံးနှင့် ကြံ့ခိုင်ရေး ပါတီတို့က အဓမ္မသိမ်းယူ ထားသော ဒေသခံလယ်သမားများ၏ လယ်ဧက ၂၀၀ ကျော် ပြန်ရရှိရေး ဖြေရှင်းပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လယ်သမားအရေး ဆောင်ရွက်သူများက သမ္မတ ဦးသိန်းစိန်ထံ ယမန်နေ့က စာပို့ တိုင်ကြားလိုက်ပြီဖြစ်ကြောင်းသိရသည်။
လယ်မြေများအသိမ်းခံထားရသော မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု လယ်သမား ၃၈ ဦးအပါအဝင် လယ်သမားအခွင့်် အရေးများတောင်းဆိုကြသော အခြားလယ်သမား ၂၅၀ ကျော်က ဆုံးရှုံးမှုများတင်ပြ၍ စုပေါင်းလက်မှတ်ထိုးထားသည့် စာရွက် စာတမ်းများကို NLD လယ်သမားအရေး ဆောင်ရွက်သူ မစုစုနွေး က သမ္မတရုံးနှင့် သက်ဆိုင်ရာအစိုးရဌာနများကို ပေးပို့ တိုင်ကြားလိုက်ခြင်းဖြစ်သည်။
“သမ္မတကြီးရယ်၊ ဆယ်မြောင်းဝန်ကြီးဌာနနဲ့ အခြားအစိုးရဌာနတွေကို မနေ့ကပဲ ကျမကိုယ်တိုင် စာတိုက်ကနေတဆင့် ပေးပို့ ခဲ့ပါတယ်။ အသိမ်းခံရတဲ့ လယ်မြေတွေကိုလည်း ကျမတို့ကိုယ်တိုင် ကွင်းဆင်းစိစစ်ပြီး အမည်ပေါက်ပြနိုင်တဲ့ လူတွေရဲ့ လယ်မြေ တွေကိုပဲ ကျမတို့ တင်ပြတာပါ။ သမ္မတကြီးအနေနဲ့ ထမင်းရှင်တွေဖြစ်တဲ့ လယ်သမားတွေရဲ့ ကိစ္စကို ဖြေရှင်းပေးနိုင် လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု မစုစုနွေး က ဧရာဝတီသို့ပြောသည်။
အဆိုပါလယ်မြေများကို ၂၀၀၂ ခုနှစ်နောက်ပိုင်းမှ စတင်ကာ ဝါးတောကျေးရွာ အခြေစိုက် (ကက) ရုံးမှ ၉၈ ဧက နှင့် ကြံ့ခိုင်ရေး ပါတီက ဧက ၁၄၀ ကျော် အခမဲ့သိမ်းယူခြင်း ခံခဲ့ရပြီး ထိုနေရာများတွင် ၂၀၀၄ ခုနှစ်မှ စတင်ကာ ငါးမွေးမြူရေး လုပ်ငန်းများ လုပ်ဆောင်နေလျက်ရှိကြောင်း ကွင်းဆင်းလေ့လာခဲ့သူ NLD လယ်သမားအရေး ဆောင်ရွက်သူ အဖွဲ့များနှင့် ကာယကံရှင် လယ်သမားများက ပြောသည်။
လယ်ပိုင်ရှင်များက နွေနှင့် မိုး စပါးများစိုက်ပျိုးသော ထိုလယ်မြေများကို(ကက) က စစ်တပ်စီမံကိန်းကို အကြောင်းပြ သိမ်းယူခဲ့ သကဲ့သို့ ကြံ့ခိုင်ရေးပါတီ ကလည်း ဗဟိုလူငယ်အဖွဲ့မှ ကန်တူးဖော်ရန်ဟုဆိုကာ အလံတိုင်များစိုက်ထူသတ်မှတ်ကာ သိမ်းယူ သွားခြင်း ဖြစ်ကြောင်း၊ ယခုအခါ ထိုငါးမွေးကန်များတွင် တပ်မြေနှင့် ကြံ့ခိုင်ရေးပါတီ ဆိုင်းဘုတ်များ စိုက်ထူထားကြောင်း ဒေသခံ လယ်သမားများက ပြောသည်။
ဆုံးရှုံးမှုအများဆုံးခံရသူ လယ်ပိုင်ရှင်များက ရပ်ရွာ၊ မြို့နယ်နှင့် ဆယ်မြောင်းဝန်ကြီးဌာနများထံ အဆင့်ဆင့် တိုင်ကြားခဲ့သော် လည်း သမ္မထံ စာတင်သည့်နေ့ထိ မည်သည့် အရေးယူဆောင်ရွက်ပေးခြင်းမှ ပြုလုပ်ပေးခြင်းမရှိကြောင်း၊ အစိုးရသစ်လက်ထက် လွတ်လပ်စွာတောင်းဆိုခွင့်ရရှိမည်ဟု ယုံကြည်သဖြင့် ယခုကဲ့သို့ ၎င်းတို့ လယ်မြေများကို တောင်းဆိုခြင်းဖြစ်ကြောင်း လယ် ၂၆ ဧက အသိမ်းခံထားရသော ခနောင်ကြီးရွာ လယ်သမား ဦးဝင်းမောင် က ပြောသည်။
“ကိုယ့်နိုင်ငံရဲ့ အကြီးကဲဖြစ်တဲ့ သမ္မတကြီးထံပို့ပြီးတော့၊ ဘာမှ အကြောင်းမထူးဘူးဆိုရင်တော့ ကျနော်တို့မှာ အားကိုးရာ မရှိဘူးလေ။ သမ္မတကြီးက လျစ်လျူရှုရင်လည်း ကျနော်တို့ပဲခံရမှာပါပဲ။ ဘယ်တတ်နိုင်မလဲ”ဟု ဦးဝင်းမောင် က ဧရာဝတီသို့ ပြောသည်။
သူကဆက်ပြီး “သူတို့ ငါးကန်တူးချင်တဲ့နေရာမှာ တချို့လယ်သမားတွေဆိုရင် လယ် ၆ ဧကလောက်ပဲရှိတယ်။ တစုတည်း တစ်နေရာတည်း အကုန်လုံးသိမ်းခံရတော့ လယ်သမားမဟုတ်ဘဲ လက်လုပ်လက်စား ကျပန်းအလုပ်သမားတွေဖြစ်ကုန်တယ်။ သူတို့ကတော့ ဟိုတုန်းက မတိုင်ရဲဘူး။ အခုမှ တိုင်ရဲလို့ သူတို့လယ်လေးတွေ ပြန်ရချင်လို့တိုင်တာ”ဟုလည်း ပြောဆိုသည်။
အလားတူ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် အမှတ် ၂၃ ဝါးတစ်ရာ ကျေးရွာလယ်သမားများ၏ လယ်မြေ ဧက ၂၅၀ ကျော် ကိုလည်း နိုင်ငံတော်စီမံချက်ဟု အကြောင်းပြကာ ကျေးရွာဥက္ကဌ ဦးအောင်ဖြိုး က ဦးဆောင်ကာ သိမ်းဆည်းခဲ့ပြီး ယခုအခါ ထိုနေရာများတွင် စက်မှုဇုန် အဆောက်အအုံများ တည်ဆောက်လုပ်ကိုင်နေကြောင်း ဝါးတစ်ရာ ရွာခံ များက ပြောသည်။
“သိမ်းထားတာ ၁၀ နှစ်လောက်ရှိတဲ့ဟာကို အခုမှ ဘာလို့တိုင်ကြားရသလဲဆိုရင် အရင်တုန်းက ကျနော်တို့ တိုင်ရင် အာဏာရှိတဲ့ လူတွေက လုပ်ချင်တိုင်းလုပ်ရင် ဖွတ်မရ ဓားမဆုံးပဲဖြစ်မယ်။ အခု ဒီမိုကရေစီအစိုးရဆိုလို့ ကိုယ့်လက်ငုတ်လက်ရင်းတွေ ပြန်လုပ် ကိုင် နိုင်ဖို့၊ တန်ရာတန်ကြေးရရှိဖို့ တောင်းဆိုတာ” ဟု ဝါးတစ်ရာရွာခံ ဦးစိုးဝင်းနိုင် က ဧရာဝတီသို့ ပြောသည်။
ထိုလယ်မြေသိမ်းခံ လယ်သမားများနှင့် ဒေသခံလယ်သမားများကို ယခုလ ၁၇ ရက်နေ့တွင် NLD လယ်သမားအရေး ဆောင်ရွက် သူများအဖွဲ့ က ဦးဆောင်ကာ ဝါးတစ်ရွာကျေးရွာတွင် လယ်သမားတွေ့ ဆုံပွဲပြုလုပ်ပြီး သိမ်းဆည်းခံလယ်မြေများ လျော်ကြေး သို့မဟုတ် နေရာပြန်ရရေး၊ အခြား လယ်သမားများရပိုင်ခွင့်များ ရရှိရေး တို့ကို စုပေါင်းလက်မှတ်ထိုးကာ သမ္မတ၊ အပြည်ပြည် ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO နှင့် အခြား အစိုးရအဖွဲ့များထံသို့ ပေးပို့သွားမည်ဟု သိရှိရသည်။
ယခုနှစ် ဇန်နဝါရီလအတွင်းကလည်း ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်အတွင်းရှိ ရွာ ၄ ရွာမှ တောင်သူ ၁၅၀ ကျော်၏ ခြံမြေ ဧက ၇၀၀ ကျော်အား ရဲ သင်တန်းကျောင်း ဆောက်ရန်နှင့် တပ်မြေအဖြစ် သိမ်းယူရန်စီစဉ်နေခြင်းနှင့် ပတ်သက်ပြီး ဒေသခံများက သမ္မတ ဦးသိန်းစိန် ထံသို့ စာရေးသားပေးပို့ တိုင်ကြားမှုဖြစ်ပွားခဲ့သည်။
အရပ်သားအစိုးရလက်ထက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများလမ်းဖွင့်လာမှုနှင့်အတူ ပြည်တွင်းနေရာအနှံ့အပြားတွင် အိမ်ခြံမြေ၊ လယ်မြေ သိမ်းမှုများ ဆက်တိုက်ပေါ်ပေါက်ခဲ့ပြီး စစ်အစိုးရလက်ထက်က အရှိန်အဝါသုံး၍ သိမ်းဆည်းခံထားသော အိမ်ခြံမြေပိုင်ရှင် များကလည်း ၎င်းတို့ ဆုံးရှုံးမှုများကို ပြန်ရရေး တောင်းဆိုမှုများ ဆက်တိုက် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။