ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်း လှုပ်ရှားနေသည့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) ၏ တာဆမ်းဖူး တပ်စခန်းတခုကို ထပ်မံ ဆုတ်ခွာပေးရန် အစိုးရတပ်က ညွှန်ကြားထားရာ စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်နေသည်။
ယင်း တာဆမ်းဖူး တပ်စခန်းကို ဆုတ်ခွာပေးရန် အစိုးရ ခြေမြန်တပ်ရင်း အမှတ် ၁၄၉ နှင့် ၁၅၀ တပ်မှူးများက ပြီးခဲ့သည့် တပတ်က ညွန်ကြားထားပြီး SSA မြောက်ပိုင်း၏ ဝမ်ဟိုင်း ဌာနချုပ် အပါအဝင် ၎င်းတို့၏ တပ်စခန်း အနီးအနားတွင်လည်း အစိုးရတပ် စစ်အင်အား တိုးချဲ့ထားကြောင်း SSA မြောက်ပိုင်းမှ ဗိုလ်မှူး စိုင်းလှက ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းတွင် မိုင်းရှူးမြို့နယ်ရှိ အစိုးရက SSA မြောက်ပိုင်း၏ လွိုင်ဖာဖု တပ်စခန်းနှင့် မြောက်ပိုင်း တန့်ယန်းမြို့နယ် ၇ မိုင် တပ်စခန်းတို့ကို ဆုတ်ပေးခဲ့ရပြီး ယင်း တာဆမ်ဖူး တပ်စခန်းကို မဆုတ်ပေးနိုင်ကြောင်း ၎င်းကဆိုသည်။
“ကျနော်တို့က စစ်ရေးနဲ့ ဖြေရှင်းတဲ့ပုံစံမျိုးကို မလိုလားလို့ပဲ အပစ်အခတ် ရပ်စဲပြီးတော့ ငြိမ်းချမ်းရေးဘက်ကို လျှောက်လှမ်းခဲ့တယ်။ ဒါပေမယ့် သူတို့က စစ်ရေးနဲ့ ဖြေရှင်းနေမယ်ဆိုရင်တော့ ကျနော်တို့လည်း မတတ်နိုင်ဘူး။ စစ်ရေးနဲ့ပဲ ပြန်ပြီးတော့ တုံ့ပြန်ရမယ်” ဟု ဗိုလ်မှူး စိုင်းလှက ဆက်ပြောသည်။
SSA မြောက်ပိုင်း တပ်စခန်းများကို အစိုးရတပ်မှူးများက ဆုတ်ခွာပေးရန် ဖိအားပေးသည့် အကြောင်းအရင်းကိုမှု မသိရသော်လည်း နယ်မြေစိုးမိုးရေးနှင့် စစ်ရေးလှုပ်ရှားမှုများကို ထိန်းချုပ်ရန်အတွက် ရည်ရွယ်ခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။
SSA မြောက်ပိုင်း တပ်ဖွဲ့ဝင်များ၏ အဆိုအရ ၎င်းတို၏ တပ်စခန်းများကို ဆုတ်ခွာပေးရန် အထက်အရာရှိများ၏ ညွန်ကြားသည့် အတိုင်း ယင်းဒေသတွင် လှုပ်ရှားနေသည့် တပ်မှူးများက လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်ဟု သိရသည်။
စစ်ရေးအရ နှစ်ဖက်တင်းမာမှုများကြောင့် SSA မြောက်ပိုင်း တပ်ဖွဲ့ဝင်များကလည်း စစ်ရေး ပြင်ဆင်ထားပြီး လတ်တလော တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးကြောင်း သိရသည်။
ဇူလိုင်လဆန်းပိုင်းကလည်း အစိုးရတပ်များက SSA မြောက်ပိုင်း တပ်ဖွဲ့ဝင်များကို တပတ်ခန့်အကြာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ၇ မိုင်နှင့် လွိုင်ဖာဖု တပ်စခန်းများကို အစိုးရတပ်က နေရာယူခဲ့ခြင်းဖြစ်သည်။
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ဦးအောင်မင်းကမူ ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ထိတွေ့မှု ဖြစ်စဉ်များ၌ လုပ်ငန်းစဉ်တွင် ပါရှိသည့် နှစ်ဖက်တပ်များ နေရာသတ်မှတ်ခြင်း မပြုနိုင်သေးခြင်း၊ ဆက်ဆံရေးရုံး မဖွင့်လှစ်နိုင်သေးခြင်းတို့ ဖြစ်ကြောင်း အစိုးရသတင်းစာတွင် ယမန်နေ့က ဖော်ပြထားသည်။
မိုင်းရယ် မဲဆန္ဒနယ်မှ ဦးစိုင်းသီဟကျော်က လက်နက်ကိုင် အဖွဲ့အစည်းများအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိပြီးနောက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကို သိလိုကြောင်း မေးခွန်းနှင့် စပ်ဆက်၍ ဦးအောင်မင်းက ထိုကဲ့သို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။
SSA မြောက်ပိုင်းသည် ယခုနှစ်ဆန်းပိုင်းတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီထားသည့် လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး မိုင်းရှူး၊ မိုင်းယန်း၊ တန့်ယန်း၊ ကျေးသီး၊ လားရှိုး၊ သီပေါ၊ နမ့်ဆန်၊ မိုးမိတ် စသည့် ဒေသများတွင် လှုပ်ရှားသည့် အဖွဲ့ဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့က မန္တလေးမြို့တွင် အစိုးရနှင့် SSA မြောက်ပိုင်း တပ်ဖွဲ့မှ ကိုယ်စားလှယ်များ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး တွေ့ဆုံဆွေးနွေးရန် သဘောတူညီချက် ရရှိထားပြီးနောက်ပိုင်း တိုက်ပွဲပေါင်း ၃၀ ခန့် ဖြစ်ပွားခဲ့ကြောင်း SSA မြောက်ပိုင်းဘက်က ဆိုသည်။
ဦးသိန်းဇော်နှင့် SSA မြောက်ပိုင်း တပ်ဖွဲ့ဝင် ကိုယ်စားလှယ်များသည် နှစ်ဘက်တပ်များ ပြန်ဆုတ်၍ အပစ်အခတ် ရပ်စဲထားရေး၊ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးရေး စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်ရှိ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) သည်လည်း ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပြုလုပ်ထားသော်လည်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ကြောင်း သိရသည်။