ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်နှင့် အလုံမြို့နယ် ဒေသခံ ရပ်ကွက်သူ ရပ်ကွက်သားများက ဆောက်လုပ်လက်စဖြစ်သော အေးရှားဝေါလ် ကုမ္ပဏီ၏ ကြည့်မြင်တိုင် ဆိပ်ကမ်းကို ယမန်နေ့ ညနေ ၄ နာရီခန့်မှ စတင်ပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
အေးရှားဝေါလ် ကုမ္ပဏီက အလုံမြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်တို့မှ လှိုင်မြစ်အတွင်းသို့ စီးဆင်းသည့် မြောင်းမကြီး မြောင်းကို ပိတ်ဆို့လိုက်သဖြင့် မိုးရွာပါက ရပ်ကွက်များအတွင်း ရေဝင်ကာ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နေရသဖြင့် ဆန္ဒထုတ်ဖော် ကန့်ကွက်ခြင်းဖြစ်ကြောင်း သိရသည်။
“၂ ရက်ရှိပြီ၊ မိုးရွာရင် အိမ်တွေထဲကို ရေဝင်တယ်။ ရေက ခါးလောက်ထိ ဝင်တယ်။ အိမ်ထဲမှာရှိတဲ့ ပရိဘောဂတွေ၊ မော်တာတွေ အကုန် ပျက်စီးကုန်တယ်။ သူတို့က မြောင်းမကြီး မြောင်းကို ကွန်ကရစ်နဲ့ ပိတ်ပြီး လမ်းလုပ်ထားတယ်လို့ သိရတယ်။ အဲဒါကြောင့် မြောင်းပြန်ဖွင့်ပေးဖို့ ပြောတာပဲ” ဟု ဆန္ဒထုတ်ဖော် ကန့်ကွက်ခဲ့သူ ကြည့်မြင်တိုင် မြို့နယ် ဆေးရိုးတန်းနှင့် ငြိမ်းချမ်းရေးရပ်ကွက်မှ မနီလာက ပြောသည်။
ဆန္ဒထုတ်ဖော် ကန့်ကွက်မှုကို ကြည့်မြင်တိုင်နှင့် အလုံမြို့နယ်များရှိ ရေလွှမ်းမိုးမှု ခံရသည့် ရပ်ကွက်များမှ လူ ၅၀၀ ကျော် ပါဝင်ခဲ့ပြီး စုစုပေါင်း ဆန္ဒပြချိန် ၆ နာရီခန့် ကြာမြင့်ခဲ့သည်။ ဆန္ဒပြ ကန့်ကွက်သူများနှင့် အေးရှားဝေါလ် ကုမ္ပဏီဝန်ထမ်း တချို့အကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့သော်လည်း အချိန်မီ ထိန်းသိမ်းနိုင်ခဲ့သည်။
“ဒီမြောင်းက အင်္ဂလိပ် ခေတ်တုန်းကတည်းက လုပ်ထားတဲ့မြောင်း။ ဗားကရာမှာလည်း ရှိတယ်။ ကျောင်းကြီးလမ်းမှာလည်း ရှိတယ်။ ရွှေတိဂုံဘုရားက ဆင်းတဲ့ရေရယ်၊ ဒီ စမ်းချောင်း၊ ကြည့်မြင်တိုင်က ဆင်းလာတဲ့ရေတွေကို မြစ်ထဲကို ထုတ်ဖို့ လုပ်ထားတဲ့မြောင်း။ ဒီမြောင်းကို ပိတ်ပစ်လိုက်တယ်ဆိုတော့ ဒီရေတွေက ဘယ်က ဆင်းရမလဲ” ဟု ကြည့်မြင်တိုင်မှ ဦးမြင့်ကြွယ်က ဆိုသည်။
အေးရှားဝေါလ် ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ တဦးကမူ မြောင်းမကြီး မြောင်းကို ပိတ်ဆို့ထားခြင်းမရှိဘဲ တံတားခင်းထားခြင်းသာ ဖြစ်ကြောင်း၊ တံတားတိုင်များနှင့် ရပ်ကွက်တွင်းမှ စီးလာသည့် အမှိုက်များ ပိတ်ဆို့နေခြင်း၊ မြစ်ရေတက်လာခြင်းတို့ကြောင့် ရပ်ကွက်များတွင်းသို့ ရေဝင်ခြင်းသာဖြစ်နိုင်ကြောင်း ဧရာဝတီကို ပြောသည်။
“ကျနော်တို့ရဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေအားလုံး နေပြည်တော်ကို ကိစ္စတခုနဲ့ ရောက်နေပါတယ်။ အဲဒီမှာ အမြင့်ဆုံး အထွေထွေ မန်နေဂျာပဲ ရှိမှာပါ။ ကျနော်တို့ဆီကို ခုပဲ စာရောက်ပါတယ်။ ဘယ်လို ဖြေရှင်းမယ်ဆိုတာကို ညှိနှိုင်းနေကြပါပြီ” ဟု ၎င်းက ပြောသည်။
အေးရှားဝေါလ် ဆိပ်ကမ်းနေရာသည် ကွန်တိန်နာကားကြီးများ၊ သစ်လုံးတင် ယာဉ်များနှင့် အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာသို့ ပြေးဆွဲနေသည့် ခရီးသည်တင် ဘတ်စ်ကားများ ဖြတ်သန်းသည့် အောက်ကြည့်မြင်တိုင်လမ်း (ကြည့်မြင်တိုင် ကမ်းနားလမ်း) တွင် တည်ရှိနေရာ လမ်းတလျှောက် ယာဉ်ကြောပိတ်ဆို့မှုမှာလည်း ၆ နာရီနီးပါးခန့် ကြာမြင့်ခဲ့သည်။ ည ၉ နာရီကျော်တွင် ခရိုင်ရဲမှူး ရောက်ရှိလာပြီး ယာဉ်ကြောပိတ်ဆို့မှုကို ရှင်းလင်းရန် စတင်ဆောင်ရွက်ခဲ့သည်။
“ကျနော်တို့လည်း ခုမှ သတင်းရလို့ ခုမှ လာခဲ့ရတာပါ။ နာရီနဲ့ ချီပြီး ယာဉ်ကြောပိတ်ဆို့ထားတဲ့အတွက် ဒါကို အရင်ဖြေရှင်းရပါမယ်” ဟု ခရိုင်ရဲမှူးက ပြောသည်။
ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းနေချိန်အတွင်း ယာဉ်မောင်းများနှင့် ဆန္ဒထုတ်ဖော်သူများအကြား ပဍိပက္ခများ ထပ်မံဖြစ်ပေါ်ခဲ့ရာ ၈၈ မျိုးဆက်ကျောင်းသားများဖြစ်သော ကိုဂျင်မီ၊ ကိုမြအေးနှင့် ကိုပြုံးချိုတို့က ဝင်ရောက် ထိန်းသိမ်းပေးခဲ့သည်။
“ရေစီးရေလာ မကောင်းလို့ အိမ်တွေထဲကို ရေဆိုးရေညစ်တွေ ဝင်ရောက်ခံနေရတဲ့ ကြည့်မြင်တိုင် ပြည်သူတွေရဲ့ ဒုက္ခဟာ ကျနော်တို့ ဒုက္ခဖြစ်ပါတယ်။ အခု ဆိုဒ်တာဝန်ခံရဲ့ သဘောတူညီချက်နဲ့ ကျနော် အာမခံပါတယ်။ ကုမ္ပဏီက မြောင်းမကြီးကို ပြန်ဖွင့်ပေးပါလိမ့်မယ်” ဟု ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးက ကြည့်မြင်တိုင်၊ အလုံဒေသခံများကို ပြောကြားခဲ့သည်။
အေးရှားဝေါလ်ဆိပ်ကမ်းသည် ပင်လယ်ကူးသင်္ဘောကြီးများ ဆိုက်ကပ်နိုင်သော ဆိပ်ကမ်းကြီးဖြစ်ကာ ယခင်အစိုးရ လက်ထက်ကတည်းက ဆောက်လုပ်ခွင့်ရရှိထားခြင်းဖြစ်သည်။