နိုင်ငံပိုင် သတင်းစာတွေထဲမှာ ဘတပြန် ကျားတပြန် ရှေ့နေတွေနဲ့ ကြေညာချက်တွေ အပြိုင်အဆိုင် ထုတ်နေတဲ့ နိုင်ငံကျော် မင်းသမီး မိုးဟေကိုနဲ့ သူ့ခင်ပွန်းရဲ့ အဖြစ်အပျက်တွေကို အာလုံးလည်း သိပြီး ဖြစ်မှာပါ။
အခုနောက်ဆုံး သတင်းအရတော့ အောက်တိုဘာ လကုန်ပိုင်းမှာပဲ မင်းသမီး မိုးဟေကိုက သူ့ရဲ့ခင်ပွန်းဖြစ်သူ ဦးညီညီထွန်းရဲ့ ကြေညာချက်ကို ပြန်လည် ချေပ ထုတ်ပြန်လိုက်ပြန်ပါပြီ။
သရုပ်ဆောင် မိုးဟေကို (ဒေါ်အေးအေးခိုင်) ရဲ့ ခင်ပွန်းဟောင်း ဦးညီညီထွန်းရဲ့ ရှေ့နေ ဒေါ်ကျော့ကျော့လှိုင်ကို မိုးဟေကို (ဒေါ်အေးအေးခိုင်) နဲ့ ဦးညီညီထွန်းတို့ တရားဝင်ကွာရှင်း ပြတ်စဲထားခြင်းရှိသလားလို့ မစပ်စုက မေးကြည့်တော့ သူက “တရားရုံးမှာ တရားဝင် ကွားရှင်းထားခြင်း မရှိသေးဘူး” လို့ ဆိုပါတယ်။
မြန်မာ့ဓလေ့ ထုံးတမ်းအရ ယောက်ျားနဲ့မိန်းမ လက်ထပ်ပြီးတဲ့နောက်မှာ ဖြစ်ထွန်းတဲ့ ပစ္စည်းဟာ လက်ထပ်ပွား ပစ္စည်းဖြစ်တဲ့ အတွက် လင်နဲ့မယား နှစ်ဦးစလုံး ပိုင်ဆိုင်တာဖြစ်ပြီး ကွားရှင်းခဲ့မယ် ဆိုရင်တောင် နှစ်ဦးသဘောတူ တယောက်တဝက် ပိုင်ဆိုင်မှု ရှိနေသေးတယ်ဆိုတဲ့ ဥပဒေကြောင်းကလည်း ရှိနေသေးတာပါ။
သရုပ်ဆောင် မိုးဟေကို (ဒေါ်အေးအေးခိုင်) ရဲ့ ကြေညာချက်မှာတော့ ဦးညီညီထွန်း ကိုယ်တိုင် လင်ခန်း မယားခန်း ပြတ်စဲကြောင်း သဘောတူပြီး စင်ကာပူကို ထွက်သွားပြီ၊ မြန်မာ့ဓလေ့ ထုံးတမ်းစဉ်လာအရ ဒေါ်အေးအေးခိုင်နဲ့ ဦးညီညီထွန်း တို့ဟာ လင်ခန်းမယားခန်း ပြတ်စဲခဲ့ပြီးဖြစ်တယ်လို့ ဆိုထားပါတယ်။
မိုးဟေကိုရဲ့ ကြေညာချက်မှာ ဒီအိမ်နဲ့ ဒီခြံဟာ သူ့ ကိုယ်ပိုင်ငွေနဲ့ ဝယ်ယူထားတာ ဖြစ်တဲ့အတွက် ကိုယ့်စိတ်ကြိုက် စီမံ ခန့်ခွဲပိုင်ခွင့် ရှိတယ်လို့ ဆိုထားပါတယ်။
“သူနဲ့ ကိုညီညီထွန်းနဲ့ မယူထားခဲ့ဘူး ဆိုရင်တော့ သူ့ဖာသာသူ လုပ်လို့ရမှာပေါ့။ အခုက တရားဝင်ကို ရုံးမှာ လက်မှတ်ထိုး ပြီးတော့ တရားဝင် လက်ထပ်ထားတဲ့ အတွက်ကြောင့် လက်ထပ်ထားပြီးမှ သူဝယ်ထားပေးတဲ့ ပစ္စည်းက သူမသိဘဲ သူ့စိတ်ကြိုက် စီမံဆောင်ရွက်ခွင့် မရှိဘူး။ ဥပဒေကြောင်းအရ အဲဒီလို မရှိလို့လည်း ကျမတို့က ကြေညာလို့ ရတာပေါ့။ မဟုတ်ရင် ကျမတို့က ဘယ်ကြေညာလို့ ရပ့ါမလဲ။ ဒီအိမ်ကို သူ့ကိုယ်ပိုင်ငွေနဲ့ ဝယ်တယ် ဆိုတာကတော့ အမှုတွေ ဖြစ်ခဲ့တယ်ဆိုရင် သက်သေပြပေါ့။ အလွတ်သဘောကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ပြီးစလွယ် ပြောလို့ရတယ်လေ။ တကယ် အမှု ရင်ဆိုင်ဖြေရှင်းတဲ့ အခါကျတော့ သူ့အချက်အလက်၊ သူ့အထောက်အထား၊ သူ့ဘာသာသူ ထွက်လာမှာပေါ့” လို့ ရှေ့နေ ဒေါ်ကျော့ကျော့လှိုင်က ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ သရုပ်ဆောင် မိုးဟေကို (ဒေါ်အေးအေးခိုင်) ရဲ့ရှေ့နေ ဦးမျိုးညွန့်ကတော့ “သူတို့ရဲ့ ကိစ္စတွေကို ကျနော်က ဖြေခွင့်မရှိဘူး။ ကိုယ့်ရဲ့ အမှုသည် လုံခြုံရေးကို တာဝန်ယူရတာ။ ကျနော်တို့မှာ ဖြေခွင့်မရှိပါဘူး” လို့ ဧရာဝတီကို
ပြောပါတယ်။
ဦးညီညီထွန်းက သူ့ရဲ့ ရှေ့နေကတဆင့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် သံလွင်လမ်း အမှတ် ၇၄ (ဘီ) နေအိမ်ကို သူ့ရဲ့ သဘောတူ ခွင့်ပြုချက်မရဘဲ ဘာမှ လုပ်ပိုင်ခွင့်မရှိဘူးဆိုတဲ့ ကြေညာချက်ကို တပတ်အတွင်း ပြန်လည် ရုပ်သိမ်းပေးဖို့နဲ့ ဂုဏ်သိက္ခာ ထိခိုက်အောင် ရည်ရွယ်ပြီး ကြေညာတာမျိုး မပြုလုပ်ဖို့ ပြောဆိုထားပြီး တကယ်လို့ မလိုက်နာဘူး ဆိုရင် ဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမယ်လို့ သရုပ်ဆောင် မိုးဟေကို (ဒေါ်အေးအေးခိုင်) က သူရဲ့ရှေ့နေ ဦးမျိုးညွန့်က တဆင့် ပြောဆိုထားတာပါ။
ဦးညီညီထွန်းရဲ့ရှေ့နေ ဒေါ်ကျော့ကျော့လှိုင်ကတော့ “ကိုယ်က စထားပြီးပြီ ဖြစ်တော့ လုပ်သင့်လုပ်ထိုက်တာတော့ လုပ်ရမှာပေါ့နော်။ ဥပဒေအရပေါ့။ ဒါပေမယ့် ဘယ်လို လုပ်မယ်၊ ဘယ်အတိုင်းအတာ ဆိုတာတော့ ကျမတို့ လောလောဆယ် မပြောနိုင်သေးဘူး။ တခုခုတော့ ပြန်လုပ်မှာပေါ့” လို့ ပြောပါတယ်။
ပရိသတ် အများစုကတော့ ဦးညီညီထွန်းနဲ့ သရုပ်ဆောင် မိုးဟေကိုတို့ကို ချစ်သူ ရည်စားတွေအဖြစ်သာ မီဒီယာတွေက
တဆင့် သိရှိထားကြတာ ဖြစ်ပြီး တရားဝင် ဇနီးမောင်နှံတွေ ဖြစ်တယ်ဆိုတာကို အခုလို ပြဿနာတွေ ဖြစ်ပေါ်
လာမှသာ သိရှိလာရခြင်းပါ။
သရုပ်ဆောင် မိုးဟေကိုနဲ့ သူ့ ခင်ပွန်း ဦးညီညီထွန်းတို့ရဲ့ အရှုပ်တော်ပုံ ရှေ့ဘယ်လို ခရီးဆက်ဦးမလဲ ဆိုတာ ဆက်လက် နားစွင့်လိုက်ကြဦးစို့။
ဇာဂနာရဲ့ ထောင်တွင်း ဒိုင်ယာရီ

နိုင်ငံရေးအကျဉ်းသားဟောင်း လူရွှင်တော် ဦးဇာဂနာရဲ့ ပထမဆုံး ထောင်တွင်း အတွေ့အကြုံတွေ ရေးသားထားတဲ့ “ထောင်ထဲက ဒိုင်ယာရီ” ဆိုတဲ့ စာအုပ်ကို Home (House of Media and Entertainment) ကနေ အခု နိုဝင်ဘာ လကုန်ပိုင်းမှာ ဖြန့်ချိတော့မှာပါ။
၁၉၈၈ ခုနှစ် အရေးတော်ပုံကြီးမှာ ပထမဆုံး ထောင်စကျခဲ့စဉ်ကတည်းက အတွေ့အကြုံတွေကို နေ့စဉ် ဒိုင်ယာရီလို ရေးမှတ်ထားခဲ့တဲ့ ဒီစာအုပ် ဘယ်လို ဘယ်ပုံ ဖြစ်ပေါ်လာတာလဲ ဆိုတာကို ဦးဇာဂနာက “၁၉၈၈ ခုနှစ် အရေးတော်ပုံ အပြီးမှာ ပထမဆုံး အဖမ်းခံရတာက ကျနော်တို့ပဲ။ အရေးတော်ပုံ ပြီးပြီးချင်းမှာ ထောင်ထဲကို ပထမဆုံး အပို့ခံရတာလည်း ကျနော်တို့ပါပဲ။ အဲဒီမှာ တွေ့ကြုံခဲ့ရသမျှ နှိပ်စက် ခံခဲ့ရတာတွေ၊ စစ်ကြောမေးမြန်းခံရတာတွေ၊ ရိုက်တာနှက်တာ စသဖြင့် အဲဒီအတွေ့အကြုံတွေ အကုန်လုံးကို ဒိုင်ယာရီလို လုပ်ပြီးတော့ ထောင်က ထွက်ထွက်လာချင်း ၂ ရက်အတွင်းမှာ ဒါကို ချရေးထားတာ” လို့ ရှင်းပြတယ်။
လူရွှင်တော် ဇာဂနာဟာ စစ်အစိုးရ လက်ထပ်မှာ ထောင် ၄ ခါ ကျခံခဲ့ရတာ ဖြစ်ပြီး ပထမဆုံးအနေနဲ့ ၇ လ ကျခံခဲ့ရပါတယ်။
အဲဒီ ၇ လအတွင်းမှာ ဖြစ်ပျက် ကြုံတွေ့ခဲ့တာတွေကို ဒီ “ထောင်ထဲက ဒိုင်ယာရီ” ဆိုတဲ့ စာအုပ်မှာ ရေးသားထား
တာပါ။
နောက်ပိုင်း ကျခံခဲ့ရတဲ့ ကာလတွေရဲ့ ထောင်တွင်း အတွေ့အကြုံတွေကိုလည်း အပိုင်းလိုက် ထပ်မံ ထုတ်ဝေဖြန့်ချိသွားမယ်လို့ သိရပါတယ်။
စစ်အစိုးရလက်ထက် နိုင်ငံရေးနဲ့ ပတ်သက်လို့ စကားတောင် ကျယ်ကျယ်မပြောရဲတဲ့ ခေတ်ကာလမှာ ဒီလို ထောင်တွင်း အတွေ့အကြုံတွေကို ဒိုင်ယာရီလို ရေးထားတဲ့ စာအုပ်ကို ဘယ်လောက်အထိ ခက်ခက်ခဲခဲ ဘယ်လို ထိန်းသိမ်းခဲ့ရသလဲ ဆိုတာကိုလည်း ကိုဇာဂနာက ပြောပြပါသေးတယ်။
“ဒီလို ရေးထားတဲ့ ဒိုင်ယာရီစာအုပ်ကို ကျနော် နောက်တကြိမ် ထပ်အဖမ်းခံလိုက်ရတော့ ကျနော့ အဖေနဲ့ အမေက ဘုန်းကြီးကျောင်းမှာ သွားဝှက်ထားရတယ်။ အဲဒီတော့ ဖေဖေ့ကိုပါ ဖမ်းပြန်ရော။ ဒီတော့ အဲဒီအထုပ်လိုက်ကြီးကို အင်္ဂလန်သံရုံးက ဒုတိယ အတွင်းဝန် Vicky (ဗစ်ကီ) ဆီကို သွားပြီးတော့ ပေးထားလိုက်ရတယ်။ သူက အဲဒီစာအုပ်ထုပ်ကြီးကို အင်္ဂလန်ကို ယူချသွားတယ်။ အခုတခေါက် ကျနော် ထောင်ကလွတ်ပြီး ပြီးခဲ့တဲ့ ဇွန်လတုန်းက အင်္ဂလန်ကို ရောက်တဲ့ အခါကျတော့မှ ဒီစာအုပ်ကို ပြန်ရတယ်။ ဒါကြောင့် ဒီစာအုပ်ကို အမှတ်တရဆိုပြီး ပြန်ထုတ်တာ” လို့ သူက ဆိုပါတယ်။
၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့မှာ နိုင်ငံတော် သမ္မတကြီးရဲ့ ဒုတိယအကြိမ်မြောက် လွတ်ငြိမ်း ချမ်းသာခွင့်နဲ့အတူ ပြန်လည် လွတ်မြောက်လာခဲ့တဲ့ လူရွှင်တော် ဇာဂနာဟာ စစ်အစိုးရလက်ထက်မှာ ထောင်အကြိမ်ကြိမ် ကျခံခဲ့ရရုံမျှမက အနုပညာ လုပ်ပိုင်ခွင့်ပါ အကြိမ်ကြိမ် ပိတ်ပင်ခံခဲ့ရသူပါ။