မြန်မာအစိုးရအနေဖြင့် အိမ်နီးချင်း တရုတ်နိုင်ငံအစိုးရကို ကြောက်နေရသည်ဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောဆိုလိုက်မှုအပေါ် လွှတ်တော်အမတ်များ၊ နိုင်ငံရေးပါတီများနှင့် ပညာရှင်များက နိုင်ငံဂုဏ်သိက္ခာ ကျဆင်းစေသော မှတ်ချက်အဖြစ် ဝေဖန်လိုက်ကြသည်။
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းရန် ဆန္ဒပြနေကြသော ဒေသခံများနှင့်တွေ့ဆုံစဉ် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ထိုသို့ပြောဆိုခြင်းဖြစ်ကြောင်း နိုဝင်ဘာလ ၂၃ ရက်နေ့ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) ၏ Citizen Journalist ရုပ်သံအစီအစဉ်တွင် ထုတ်လွှင့်သွားသည်။
ဝန်ကြီး ဦးအောင်မင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် ယခင်အစိုးရလက်ထက်မှ စတင်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်း ဖျက်သိမ်းမည်ဆိုပါက လျှော်ကြေး ဒေါ်လာဘီလီယံချီ၍ ပေးရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် ကျေးဇူးရှိပြီး မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမှုကြောင့် မြန်မာနိုင်ငံကို တရုတ်နိုင်ငံက အတော်စိတ်ဆိုးနေပြီး မြန်မားအစိုးရသည် တရုတ်နိုင်ငံကို ကြောက်နေရကြောင်း ဦးအောင်မင်းက သံဃာတော်များ အပါအဝင် ဒေသခံများကို ပြောဆိုသွားသည်။
“တရုတ်ကိုလည်း တပည့်တော်တို့က ကြောက်ရတယ်ဘုရား။ နှစ်ချက်ရှိတာပေါ့။ ၁၉၈၈ ခုနှစ် တိုင်းပြည်ပျက်တဲ့အခါမှာ တပည့်တော်တို့ စားစရာမရှိဘူး။ စားစရာမရှိတဲ့အခါမှာ တရုတ်ဆီကနေ မူဆယ်လမ်းကြောင်းကနေ သွင်းရတယ်။ သွင်းရတဲ့ အခါကျတော့ မူဆယ်လမ်းကြောင်းကသွင်းလို့ တပည့်တော်တို့ အသက်ဆက်လို့ရတယ်။ အဲဒီကျေးဇူးလေးတော့ သူ့ကိုပြန်ပြီးတော့ကြည့်ရမယ်” ဟု ဦးအောင်မင်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၏ ခြိမ်းခြောက်မှုရှိခဲ့ပြီး ယင်းအဖွဲ့ကို တရုတ်က ထောက်ပံ့ ပေးခဲ့ဖူးကြောင်း၊ တရုတ်အထောက်အပံ့ ရပ်ဆိုင်းသွားမှသာလျှင် ဗမာပြည်ကွန်မြူနစ်ပါတီ ချုပ်ငြိမ်းသွားကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နယ်စပ်ဒေသတွင် ထောက်ပံ့မှုများပြုလုပ်ပြီး မတည်ငြိမ်အောင် လုပ်ဆောင်နိုင်သဖြင့် တရုတ်နိုင်ငံက မြန်မာအပေါ် စိတ်ကွက်မည်ကိုစိုးရိမ်ကြောင်း၊ ရပ်ဆိုင်းလိုက်သည့် မြစ်ဆုံစီမံကိန်းအတွက် တရုတ်နိုင်ငံက တောင်းဆိုလာပါက ဒေါ်လာသုံးဘီလီယံခန့် လျှော်ကြေးပေးရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“တရုတ်နဲ့လည်း ရန်မဖြစ်ရဲဘူး။ တရုတ်နဲ့ စိတ်ဆိုးသွားလို့ရှိရင် အကယ်၍ တရုတ်က နယ်စပ်ဒေတွေမှာ ဟိုကနေ ထောက်ပံ့၊ ဒီကနေ ထောက်ပံ့လုပ်နေရင် စီးပွားရေးလုပ်ဖို့အတွက်ကို နောက်ကို ပြန်လှည့်ကြည့်နေရမယ်။ ဒါကြောင့်မို့လို့ အရင်တုန်းက လုပ်ခဲ့တဲ့ ဒီမြစ်ဆုံစီမံကိန်းတောင် တပည့်တော်တို့ကို တရုတ်အစိုးရက တော်တော်စိတ်ဆိုးနေပြီ” ဟု ဦးအောင်မင်းက ပြောဆိုသွားသည်။
သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၏ ပြောဆိုမှုနှင့်ပတ်သက်ပြီး ပြည်တွင်းအသိုင်းအဝိုင်းက ဝန်ကြီးတပါးအနေဖြင့် နိုင်ငံ၏ ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဝေဖန်လိုက်ကြသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ နာယကတဦးဖြစ်သူ ဦးတင်ဦးက ဝန်ကြီးဦးအောင်မင်း၏ ပြောဆိုချက်အပေါ် ဘဝင်မကျဘဲ နိုင်ငံကို အုပ်ချုပ်နေသော အစိုးရဝန်ကြီးတဦးအနေဖြင့် သိက္ခာကျလွန်းသော စကားကိုပြောဆိုမှု ဖြစ်သည့်အပြင် နိုင်ငံသူနိုင်ငံသားတို့၏ သိက္ခာကိုလည်း ထိခိုက်စေကြောင်း၊ ကြေးနီတောင်စီမံကိန်းသည် ပွင့်လင်းမြင်သာမှု မရှိခဲ့သော စီမံကိန်းဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။
“နိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရဝန်ကြီး တယောက်အနေနဲ့ မပြောသင့်တဲ့ စကားကိုပြောတာပဲ။ သိက္ခာ အရမ်းကျတယ်။ ပြည်သူတွေရဲ့ စိတ်ဓာတ်ကို ထိခိုက်စေတယ်။ သူလည်း အချုပ်အခြာအာဏာပိုင် နိုင်ငံ၊ ကိုယ့်နိုင်ငံလည်း အချုပ်အခြာအာဏာပိုင် နိုင်ငံ၊ ကမ္ဘာမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတို့ ဘာတို့ရှိနေတာပဲ။ ကြေးနီတောင် စီမံကိန်းနဲ့ပတ်သက်လို့ စာချုပ်ချုပ်တုန်းကလည်း ပွင့်ပွင့်လင်းလင်း မရှိခဲ့ဘူး။ ဒါတွေနဲ့ပတ်သက်လို့ မြင်သာထင်သာရှိရှိ ရှင်းပြ၊ ပြောပြရမယ်။ မရှင်းရဲဘူးဆိုရင် တိတ်တိတ်လေး ယူထားတာတွေရှိလို့လား၊ မပြောတတ်ဘူးလေ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီကိစ္စကို သွားလေ့လာဖို့ရှိတယ်” ဟု ဦးတင်ဦးက ပြောသည်။
အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်စေရန် ကြိုးပမ်းရမည်ဖြစ်သော်လည်း ဆက်ဆံရေး ကောင်းမွန်စေရေး ဟုဆိုကာ နိုင်ငံကို ရောင်းစားရန် မလိုအပ်ကြောင်း၊ ဦးအောင်မင်း၏ ပြောဆိုမှုကို သဘောမတူကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံထက် သေးငယ်သော်လည်း စည်းလုံးညီညွတ်မှုရှိလျှင် မည်သည့်နိုင်ငံကြီးကိုမျှ ကြောက်ရန်မလိုအပ်ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးက ဆိုသည်။
“ဆက်ဆံရေး မပျက်အောင်ဆိုပြီးတော့ နိုင်ငံကို သူများလက်ထဲအပ်မလား၊ ရောင်းစားရမလား။ ဆက်ဆံရေးလည်း မပျက်၊ နိုင်ငံလည်း ဂုဏ်သိက္ခာမထိခိုက်အောင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ စည်းကမ်းနဲ့ ခွင့်ပြုရမယ်။ တရုတ်ကို ကြောက်တယ်လို့ပြောတာ ဘဝင်မကျဘူး။ ဘာလို့ကြောက်ရမှာလဲ။ ငယ်ပင်ငယ်သော်လည်း အားရှိတယ်။ ညီညွတ်ရင် အားရှိမယ်။ ဘာကြောက်စရာရှိမလဲ။ ဘယ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုကိုမှ လက်မခံနိုင်ဘူး” ဟု ကိုမြအေးက ဧရာဝတီသို့ ပြောသည်။
စစ်တပ် ကျောထောက်နောက်ခံ စီးပွားရေးအဖွဲ့အစည်းဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်နှင့် တရုတ်ဝမ်ပေါင် ကုမ္ပဏီတို့က ဆောင်ရွက်လျက်ရှိသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေ၌ လယ်ယာမြေ အသိမ်းခံထားရသည့် ဒေသခံပြည်သူများ၊ ရဟန်းသံဃာများ၊ လူထုအခြေပြု အဖွ့ဲအစည်းများမှ အင်အား ၁၀၀၀ ကျော်ကလည်း သပိတ်စခန်း ၅ ခုအထိ တိုးမြှင့်ကာ ကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ ဝမ်ပေါင်ကုမ္ပဏီ ထွက်သွားရေး၊ ဦးပိုင်ကုမ္ပဏီ ဖျက်သိမ်းရေး ဆန္ဒပြနေကြသည်။
လွှတ်တော် ကိုယ်စားလှယ်များကလည်း လက်ပံတောင်းတောင် ဒေသခံများကို ပြောဆိုခဲ့သော ဝန်ကြီး ဦးအောင်မင်း၏ စကားများအပေါ် အထူးစိတ်ပျက်မိသည်ဟု ထုတ်ဖော်ပြောဆိုကြသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ရာထူးမှ နုတ်ထွက်သင့်သည်ဟု ပြောသည်။
“ဝန်ကြီးတယောက်အနေနဲ့ စကားပြောရင်တော့ သံတမန်ဆန်ဆန် ပြောတတ်ရမယ်။ တရုတ်ကို ကြောက်နေရပါတယ် ဆိုပြီး ပြောလိုက်တာက နိုင်ငံကို ဦးဆောင်နေတဲ့ ဝန်ကြီးတယောက်အနေနဲ့ မပြောသင့်ဘူးလို့ မြင်တယ်။ ပြောချင်တာက ဦးဆောင်တဲ့သူဆိုတာ ရှေ့က မားမားမတ်မတ် ရပ်တည်ရတာလေ။ ဝန်ကြီးကို ကြောက်ရင်၊ သတ္တိမကောင်းရင် မလုပ်နဲ့၊ ကိုယ့်အိမ်ကိုယ့်ရာလေးမှာပဲ အေးအေးလူလူ အနားပြန်ယူပါလို့ပဲ ပြောချင်တယ်” ဟု ဦးဖုန်းမြင့်အောင်က ဆိုသည်။
လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးရဲထွန်း၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်၊ တသီးပုဂ္ဂလ လွှတ်တော်အမတ် ဦးကြည်မြင့် (လသာ) တို့ကလည်း ဦးအောင်မင်း၏ စကားများအပေါ် သဘောမတူဟု ပြောဆိုကြသည်။
“တရုတ်အစိုးရက အရင် စစ်အစိုးရဟောင်းအပေါ်မှာ ကူညီခဲ့တယ်ဆိုတာကလည်း အသားလိုလို့ အရိုးပေးတာပါ။ အစိုးရအဖွဲ့ဝင် ဝန်ကြီးတပါးက အဲလိုပြောတော့ သူများကြိုးဆွဲရာ ကနေရတဲ့သဘော သက်ရောက်သွားတယ်။ အဲလိုမပြောဘဲ ဒေသလူထုအတွက် ဖြစ်သင့်ဖြစ် ထိုက်တာတွေ ဘာတွေ လုပ်ပေးရမလဲဆိုတာပဲ ဆွေးနွေးသင့်တယ်” ဟု သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးရဲထွန်းက ပြောသည်။
စီးပွားရေးပညာရှင်တဦးဖြစ်သူ ရန်ကုန်အဝေးသင်တက္ကသိုလ် အငြိမ်းစားပါမောက္ခ ဒေါက်တာမောင်မောင်စိုးကမူ ဗိုလ်ချုပ်ဟောင်း ဦးအောင်မင်း၏ အဆင်အခြင်မဲ့သော စကားများကြောင့် အစိုးရသွားနေသည့် ဒီမိုကရေစီလမ်းကြောင်း သွေဖည်မည်ကို စိုးရိမ်သည်ဟု ဆိုသည်။
“အစိုးရအနေနဲ့ တရုတ်ကို ကြောက်ရမယ့် အကြောင်းအရင်းက ဘာတွေလဲ။ သူတို့ကိုယ်တိုင်ပဲ သိမှာပေါ့။ တကယ်တော့ ဒီနိုင်ငံအနေနဲ့ နိုင်ငံရေးချိန်ခွင်လျှာ ညှိတတ်ရင်၊ ကစားတတ်ရင် အများကြီး အကျိုးဖြစ်ထွန်းတယ်။ မြန်မာဆိုတာ ကိုယ့်ထီးကိုယ်နန်းနဲ့ နေလာခဲ့တာပဲ။ ကြောက်တယ်လို့တော့ မသုံးသင့်ဘူး။ ထုတ်လည်း မပြောသင့်ဘူး။ ဝန်ကြီးတွေ နိုင်ငံရေးသမားပီသဖို့ လိုတယ်” ဟု ဒေါက်တာ မောင်မောင်စိုးက ပြောသည်။
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းသည် မြန်မာနိုင်ငံတွင် အကြီးဆုံး ကြေးနီစီမံကိန်းတခုဖြစ်ပြီး ယခင် စစ်အစိုးရလက်ထက်တွင် အမှတ် (၁) သတ္တုတွင်းဝန်ကြီးဌာနနှင့် ကနေဒါအခြေစိုက် အိုင်ဗင်ဟိုးကုမ္ပဏီ (Ivanhoe Mines) တို့ ပူးပေါင်းဖွဲ့စည်းထားသော မြန်မာ အိုင်ဗင်ဟိုး ကြေးနီကုမ္ပဏီလီမိတက် (Myanmar Ivanhoe Copper Company Limited – MICCL) က လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။