ပြည်တွင်းပြည်ပ ဒေသအသီးသီးသို့ ရောက်ရှိနေသည့် တိုင်းရင်းသားများ နေရပ်များသို့ ပြန်လာနိုင်ရေးအတွက် အစိုးရက တာဝန်ယူသွားမည်ဟု သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဧရာဝတီသို့ ပြောသည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ပြည်နယ်ခန်းမတွင် ဒီဇင်ဘာ ၂၂ ရက်က ကျင်းပပြုလုပ်သည့် မြန်မာ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအတွက် အရေးပေါ် အထောက်အပံ့ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားအပြီးတွင် ဝန်ကြီး ဦးအောင်မင်းက ပြောကြားခြင်း ဖြစ်သည်။
အဆိုပါ တိုင်းရင်းသားများ အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မြေမြှုပ်မိုင်းများ ရှာဖွေရှင်းလင်း ဖော်ထုတ်ပေးခြင်း၊ အိမ်ယာ အဆောက်အဦများ ဆောက်လုပ်ပေးခြင်း၊ စားနပ်ရိက္ခာများ ထောက်ပံ့ခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများကို ရှာဖွေပေးခြင်းများကို အစိုးရက တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြန်မာတိုင်းရင်းသားများ ငြိမ်းချမ်းရေးရရန် နိုင်ငံတကာ NGO, INGO များ၊ နိုင်ငံရေးအဖွဲ့ အစည်းများလည်း ပါဝင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဝန်ကြီး ဦးအောင်မင်းက ပြောသည်။
၎င်းက “အစိုးရက တာဝန်ယူဆောင်ရွက်သွားမယ်၊ နိုင်ငံတော်ဘဏ္ဍာတွေက လုံလောက်မှု မရှိတာကြောင့် နိုင်ငံတကာရဲ့ အကူအညီတွေလည်း ယူသွားဖို့ လိုအပ်တယ်” ဟု ဆိုသည်။
ထိုသို့ ပြန်လည် ရွှေ့ပြောင်း နေရာချထားရေးအတွက် ဘဏ္ဍာေငွေ မလုံလောက်သဖြင့် အကူအညီများယူရန် ၂၀၁၂ ဇွန်လ ၁၂ ရက်နေ့က နေပြည်တော်၌ သမ္မတနှင့် အလှူရှင်နိုင်ငံများ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် နော်ဝေ၊ သြစတြေးလျ၊ အင်္ဂလန်၊ အီးယူ၊ အမေရိကန်နှင့် ကမ္ဘာ့ဘဏ်က တိုင်းရင်းသားများအတွက် လိုအပ်သည့် အထောက်အပံ့များကို ကူညီပေးရန် သဘောတူညီချက်များ ရထားထားသော်လည်း အကူအညီများ လက်တွေ့ မရောက်ရှိသေးကြောင်း ဝန်ကြီး ဦးအောင်မင်းက ဆိုသည်။
“လိုအပ်တဲ့ ရန်ပုံငွေတွေထောက်ပံ့ဖို့ ကတိတွေ ပေးထားပေမယ့် လုံးဝမရသေးဘူး၊ အဆက်အသွယ်လည်း မရဘူး” ဟု ဝန်ကြီး ဦးအောင်မင်းက ဧရာဝတီသို့ ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအတွက် အရေးပေါ် အထောက်အပံ့ ပစ္စည်းများကို မြန်မာအစိုးရမှတဆင့် ပေးအပ်ခဲ့သည့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ယိုဟိုင်းဆာဆာကာဝါက မြန်မာနိုင်ငံတွင် စစ်မှန်သည့်ငြိမ်းချမ်းရေး ရရှိနိုင်ရန် မျှော်လင့်ကြောင်း၊ အစိုးရနှင့် လက်နက်ကိုင် အင်အားစုများအကြား စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိရန်လည်း ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
“တိုင်းရင်းသားတွေက မိမိတို့ဒေသတွေမှာ လွတ်လပ်ခွင့့်ရဖို့အတွက် လုပ်ကြတယ်။ လက်နက်ကိုင်တယ် ဆိုတာကလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပါပဲ။ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်ကို လက်ခံပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းနေကြတယ်” ဟု မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ ဦးနိုင်ထောမွန်က ပြောသည်။
လက်ရှိတွင် လက်နက်ကိုင် တိုင်းရင်းသားများ၊ ကျေးရွာများတွင် မလုံခြုံသဖြင့် ထွက်ပြေးတိမ်းရှောင်နေသည့် တိုင်းရင်းသားပေါင်း ၄၄၆၀၀၀ ကျော်၊ ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေသည့် တိုင်းရင်းသားပေါင်း ၃၅၀၀၀၀ ကျော်နှင့် အိမ်နီးချင်း နိုင်ငံများတွင် ရွေ့ပြောင်းလုပ်သားပေါင်း နှစ်သန်းကျော် ရှိကြောင်း သမ္မတရုံးဝန်ကြီးဌာနမှ သိရှိရသည်။