မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့များကို အထောက်အကူ ဖြစ်စေရေးအတွက် ပြည်သူလူထု ပူးပေါင်း ပါဝင်နိုင်မည့် အောက်ခြေအဆင့် အထောက်အကူပြု ကော်မတီများ ဖွဲ့ရန် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ ရုံးများအားလုံးထံသို့ ညွှန်ကြားထားကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဉာဏ်ထွန်းက ပြောသည်။
ရပ်ကွက် ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရပ်/ ကျေးနှင့် မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များအား အထောက်အကူ ဖြစ်စေရန် ရပ်မိရပ်ဖများ ဖြစ်သော စီးပွားရေး၊ လူမှုရေးနယ်ပယ်မှ ကိုယ်စားလှယ်များ၊ အလုပ်သမားနှင့် တောင်သူလယ်သမား ကိုယ်စားလှယ်များ အပါအဝင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယ အုပ်ချုပ်ရေးမှူး၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင် အရာရှိတို့က အများဆန္ဒဖြင့် ရွေးချယ် တာဝန်ပေးအပ်သူများပါ ပါဝင်သည့် ကော်မတီများ ဖွဲ့စည်းရမည် ဖြစ်ကြောင်း သမ္မတရုံးက ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
မြို့နယ်နှင့် ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီများကို မတ်လ ၃၁ ရက်နေ့ မတိုင်မီ အပြီးဖွဲ့စည်းရန် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ ရုံးများအားလုံးသို့ ညွှန်ကြားထားကြောင်း သမ္မတရုံးမှ သိရသည်။
“မြို့နယ်နဲ့ ရပ်/ ကျေးအဆင့် အုပ်ချုပ်ရေး အဖွဲ့တွေကနေပြီးတော့ လူထုနဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက် နိုင်အောင်ပါ။ မြို့နယ်တွေမှာ အများဆန္ဒနဲ့ လုပ်နိုင်ကိုင်နိုင်အောင် လူထုလူတန်းစား ကိုယ်စားလှယ်တွေကို ၇ ဦးကနေ ၉ ဦးအထိ ပါဝင်ခွင့် ပေးထားတယ်” ဟု ဦးဉာဏ်ထွန်းက ပြောသည်။
မြို့နယ် စည်ပင်သာယာရေး ကော်မတီများကို အများဆန္ဒနှင့်အညီ ရွေးချယ် ဖွဲ့စည်းပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စည်ပင်သာယာရေး ဥပဒေအသစ် ပြင်ဆင်ရေးဆွဲရန်လည်း သမ္မတရုံးက ညွှန်ကြားသည်။
“စည်ပင်သာယာရေး ကော်မတီမှာ ပြည့်သူ့ဆန္ဒနဲ့ ရွေးချယ်ထားသူတွေပဲ ပါသင့်တယ်။ မိုးကျရွှေကိုယ်တွေ မပါသင့်ဘူး။တချို့လိုအပ်ရင် အကြံပေးလောက်ပဲ ဖြစ်သင့်တယ်။ အခု စည်ပင်မှာ ပြဿနာတွေက အများကြီးပဲ။ မြေကွက်တခုတည်းမှာ ဂရမ် ၃ ခုလောက်ဖြစ်နေတာ၊ နှစ် ၅၀ လောက်နေတဲ့သူ ရှိရဲ့သားနဲ့ ဂရမ်အမည်ပေါက်က တခြားလူ လက်ထဲရောက်နေတာ၊ မြို့တော်ဝန်က ခိုင်းပေမယ် အောက်ခြေက လိုက်မလုပ်တာ။ အဲဒါမျိုးတွေ အများကြီးပဲ” ဟု ဗဟန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ဆိုသည်။
ဒေါက်တာညိုညိုသင်းသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို လူထုမှရွေးချယ်တင်မြှောက်ထားသော ပုဂ္ဂိုလ်များနှင့်သာ ဖွဲ့စည်းသင့်ကြောင်း ပြီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် အစိုးရအဖွဲ့ကို တိုက်တွန်းခဲ့ဖူးပြီး ယခု သမ္မတရုံး ညွှန်ကြားချက်ကိုလည်း ဒေသဆိုင်ရာ အစိုးရများအနေဖြင့် ဥပဒေတခုပြဌာန်း၍ လုပ်ဆောင် သင့်ကြောင်း ဧရာဝတီကို ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် စည်ပင်သာယာရေး ဥပဒေအသစ် ပြင်ဆင်ရေးဆွဲလျှက် ရှိသော်လည်း အသေးစိတ် အချက်အလက်များကို ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ယင်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးက ရှင်းပြသည်။
ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်မည့် ကော်မတီများ ဖွဲ့စည်းရေး ညွှန်ကြားချက်မှာ တိုင်းဒေသကြီး အစိုးရအဖွဲ့များ အထိ ရောက်ရှိပြီ ဖြစ်သော်လည်း ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်ကျေးရွာ အဆင့်များသို့ မရောက်သေးသောကြောင့် အောက်ခြေအဆင့်က ယခုအထိ မသိရသေးပေ။
သမ္မတရုံး၏ ညွှန်ကြားချက်အတိုင်း ကော်မတီများ ဖွဲ့စည်းနိုင်ရန် ခရိုင်နှင့် မြို့နယ်များအပါအဝင် ရပ်ကွက်ကျေးရွာများ အထိပါ ဆက်လက်ညွှန်ကြား သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက ပြောသည်။
“ညွှန်ကြားချက်မှာ ဘယ်လိုလုပ်ဆိုတာ အတိအကျ ပါပြီးသား။ အစိုးရအဖွဲ့ကို တင်ပြီးရင် ကော်မတီဖွဲ့ဖို့ အသေးစိတ် အစီအစဉ်တွေ ချမယ်” ဟု ၎င်းက ဆိုသည်။
အထက်မှ ညွှန်ကြားချက် မရောက်သေးသော်လည်း ယခုအစီအစဉ်သည် အများပါဝင်၍ ဝိုင်းဝန်း လုပ်ဆောင်ရမည် ဖြစ်သောကြောင့် ထိရောက်မှု ရှိနိုင်ကြောင်း ရွှေပြည်သာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မိုးဦးက ပြောသည်။
၂၀၁၂ ခုနှစ်ကုန်ပိုင်းက အောက်ခြေအဆင့် ရပ်/ ကျေး အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခဲ့မှုများတွင် ပြည်သူလူထု ယုံကြည် လေးစားသည့် ရပ်မိရပ်ဖများကို မဲစနစ်ဖြင့် တင်မြှောက်ရမည်ဟု ဆိုထားသော်လည်း တနိုင်ငံလုံးတွင် ပြဿနာများနှင့် မကျေလည်မှု အများအပြား ပေါ်ပေါက်ခဲ့သည်။
“တချို့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေမှာ မြို့နယ်အကြောင်း သိတဲ့သူရှိမယ်၊ မသိတဲ့သူရှိမယ်။ မြို့နယ်မှာ နေလာတဲ့ မြို့မိမြို့ဖတွေ ကတော့ သူတို့ မြို့နယ်အကြောင်း သူတို့သိတာပေါ့။ သိတဲ့ အခါကျတော့ ဒီဘက် အုပ်ချုပ်ရေးပိုင်းက လုပ်ချင်တာနဲ့ မြို့မိမြို့ဖတွေ လုပ်ချင်တာနဲ့ ညှိနှိုင်းပြီး လုပ်လို့ရလာမယ်။ သက်ဆိုင်တဲ့ မြို့နယ်က လွှတ်တော် ကိုယ်စားလှယ် တွေဆီကလည်း အကြံဉဏ် ရယူဆောင်ရွက်ပြီးတော့ အတူပေါင်း လုပ်ဆောင်သွားဖို့ပေါ့။ အဓိကကတော့ မြို့နယ်လူထုရဲ့
လိုအပ်တဲ့ ဆန္ဒတွေဖြစ်အောင် အုပ်ချုပ်ရေးပိုင်းကနေ လုပ်ပေးဖို့ ရည်ရွယ်တာပါပဲ” ဟု အထောက်အကူပြု ကော်မတီများ ဖွဲ့စည်းရခြင်းနှင့် ပတ်သက်၍ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဉာဏ်ထွန်းက ရှင်းပြသည်။
ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်များတွင် ပြည်သူလူထု ပူးပေါင်းပါဝင်နိုင်မည့် ဒီမိုကရေစီ အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းရန် သမ္မတ ဦးသိန်းစိန်က ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် “ကောင်းမွန်သော အစိုးရ၊ သန့်ရှင်းသော အစိုးရ ပေါ်ပေါက်ရေး အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ မိန့်ခွန်း” ၌ ထည့်သွင်း ပြောကြားခဲ့သည်။